အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, June 25, 2011

အားလုံးကိုကျေနပ်စေချင်သူ


အားလုံးကို ကျေနပ်စေချင်သူ
သို့
တစ်ပါးသူအတွက် အစာဖြစ်စေသော်လည်း ကိုယ့်အတွက်အဆိပ်ဖြစ်ခဲ့ရသူ
          သားအဖနှစ်ယောက်သည် အနီးနားရှိ မြို့ဈေးတွင်ရောင်းရန် မြည်းတစ်ကောင်ကိုဆွဲလာသည်။ သိပ်သိပ်ဝေးဝေးမရောက်ခင်မှာပင် တသောသောရယ်မောနေသည့် မိန်းမပျိုတစ်စုနှင့် တွေ့လိုက်ရသည်။
          မိန်းမပျိုတစ်ယောက်က လှန်းပြောလိုက်သည်။ “ဟိုမှာ ကြည့်လိုက်ပါဦး”၊ “ဒီလောက်နုံအတဲ့လူမျိုးများ မတွေ့ဖူးပေါင်၊ မြည်းကိုစီးလျှင်ရရဲ့သားနဲ့ မစီးပဲ ပင်ပင်ပမ်းပမ်းလမ်းလျှောက်လာတယ်။” ထိုစကားကို အဖိုးအိုကြားသောအခါ အလျှင်အမြန်ပင် သူ့သားကို မြည်းပေါ်ကိုတက်ခိုင်းလိုက်သည်။ ထိုနောက် ခရီးဆက်ခဲ့ကြပြန်သည်။

Wednesday, June 22, 2011

လွမ်းစရာမဲ့ဘ၀ကိုပဲ လွမ်းမိတယ်


“လွမ်းစရာမဲ့ဘ၀ကိုပဲ လွမ်းမိတယ်”
ရိုးစင်းတဲ့တွယ်ရာနဲ့
စည်း,ကလနားမဲ့
ကလေးဘ၀မှာ
တို့တစ်တွေဟာ
တစ်လှေတည်းစီး
တစ်ခရီးသွားတွေပေါ့။
ဒီလိုနဲ့အရွယ်ရောက်လာ
မင်းလည်းမင်းခရီးသွား
ငါလည်းငါ့ခွန်အားနဲ့
အကြံတူတော့
ရန်သူတွေဖြစ်လာ။

Wednesday, June 15, 2011

လင်္ကာတမန်မဂ္ဂဇင်း (၂၀၁၁) စာမူဖိတ်ခေါ်ခြင်း

   မြန်မာနိုင်ငံမှ ကြွရောက်တော်မူလာကြပြီး၊ သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြကုန်သည့် စာပေ၀ါသနာရှင် ညီတော်/နောင်တော်ရဟန်းတော်များ၊ ဆရာလေးများနှင့် သီရိလင်္ကာတွင် ပညာသင်ကြားခဲ့ပြီး ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီးတွင် သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူလျှက်ရှိကြသည့် ညီတော်/နောင်တော်များအားလုံး တတိယအကြိမ်မြောက် ထုတ်ဝေမည့် လင်္ကာတမန်မဂ္ဂဇင်း (၂၀၁၁) အတွက် (မြန်မာ/အင်္ဂလိပ်)စာမူများကို စည်းကမ်းချက်များနှင့်အညီ၊သတ်မှတ်ရက်အတွင်း lankatamanmagazine@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။

Saturday, June 11, 2011

လင်္ကာတမန်မဂ္ဂဇင်းဖိတ်ကြားလွှာ

Friday, June 10, 2011

စာအုပ်ကလူကိုပြန်ဖတ်ရာဝယ်


“စာအုပ်က လူကိုပြန်ဖတ်ရာဝယ်”
          ရန်ကုန်တွင် အင်္ဂလိပ်စာသင်တန်းတက်ခဲ့စဉ်က မှတ်သားမိတာလေးတစ်ခုရှိသည်။ မြန်မာနိုင်ငံက ကွယ်လွန်သွားပြီဖြစ်သော နာမည်ကြီးစာရေးဆရာကြီးတွင် ငါးနှစ်အရွယ်မြေးတစ်ယောက်ရှိသည်။ တစ်နေ့တွင် မိခင်ဖြစ်သူက ဈေးဝယ်ထွက်ရန် လက်ဆွဲခြင်းကိုစွဲကာ ထွက်လာသည်။ ငါးနှစ်အရွယ်သာရှိသေးသော ဆရာကြီး၏မြေးက အိမ်ထဲမှပြေးထွက်လာပြီး “Mum, Waits! Waits!” ဟုအော်ကာ မိခင်နောက်ကို ပြေးလိုက်သွားသည်။
          ယင်းအချိန်တွင် အဆိုပါဆရာကြီးမှာ ခြံထဲရှိသရက်ပင်အောက်တွင်ထိုင်ပြီး စာရေးနေသည်။ မြေးဖြစ်သူ၏ အော်သံကိုကြားတော့ လှည့်ကြည့်မိသည်။ သွက်သွက်လက်လက် မိခင်နောက်ကို ပြေးလိုက်သွားသည့် မြေး၏ကြောပြင်ကိုသာတွေ့လိုက်ရသည်။ သို့ရာတွင် သူ့မြေးအော်လိုက်သော “Mum, Waits! Waits!”ဆိုတာကို စိတ်ထဲကနေ အလိုလျှောက်ဘာသာပြန်နေမိသည်။ “အမေ..! စောင့်…! စောင့်..!”။ စာအရေးသားမှာတော်သည့်အပြင် ဘာသာပြန်အလွန်ကောင်းလှသည်ဟုလည်း နာမည်ကြီးလှသော ဆရာကြီးမှာ မြေးဖြစ်သူပြောသောစကားကို ဘာသာပြန်ရာတွင်တော့ ဘ၀င်မကျနိုင်ဖြစ်နေသည်။

Wednesday, June 8, 2011

မေးခွန်းမရှိတဲ့အဖြေ


မေးခွန်းမရှိတဲ့ အဖြေ !
          နံက်ခင်းနေရောင်ခြည်သည် ကျက်သရေအတိရှိပါဘိ။ ပီဘိငြိမ်သက်ခဲ့တဲ့ ညကာလတိုလေးဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပြီး၊ သတ္တလောကကြီးတစ်ခုလုံး ပွတ်လောရိုက်လာပြန်ပြီ။
          အရုဏ်ဦးဆောင်းနှင်းစက်လေးပေါ့……၊ ပန်းကတ္တီပါဝတ်ရုံလွှာကြားမှာ တမေ့တမောကြီး မှေးစက်နေသည်။ မပီဝိုးတ၀ါးညအမှောင်သည် တစ်ဖြေးဖြေးနှင့် လင်းလာပြီ။ ဆိတ်ငြိမ်ရာမှ ဆူညံလာသည်။  

Tuesday, June 7, 2011

နိယာမ


      နိယာမ
အညာမြေကပိတောက်
 အောက်မြေပေါက်တော့
  နွေတစ်ခိုက်မဟုတ်
   မိုးပြိုက်တိုင်း လန်းနေရဲ့….။
အင်း……
 တိုင်းတစ်ပါးရောက်တော့
  လေသွေးတိုင်းမွှေးနေတဲ့
   ပိတောက်ရနံ့ဟာ
    အနံ့သင်းသလောက်
     ဂုဏ်ကင်းပျောက်ခဲ့
      လွမ်းသူလည်းမရှိ
       နမ်းသူလည်းမသိ…။

Monday, June 6, 2011

မင်းအတွက်ငါ့ရဲ့အတ္တ


မင်းအတွက် ငါ့ရဲ့အတ
သူငယ်ချင်း….
မင်းအောင်မြင်ဖို့အတွက်
တက်သွားရမဲ့(မည့်)လေကားထက်လို့
ငါ့ကိုမမြင်ပါနဲ့….။
အောင်မြင်ခြင်းဆိုတဲ့
မင်းရဲ့တောင်ထိပ်ကိုသွားရာမှာ
တောင်ဝှေးတစ်ချောင်းလို့
ငါ့ကိုမြင်ကြည့်ပါလား……။

Saturday, June 4, 2011

Monastic Education and Myanmar


Monastic Education and Myanmar

            The development of the country or the nation depends largely on its respective education, for it is an essential thing of all. Moreover education takes parts in an important role for the way of living and thinking of people and it can show the standard of human society. If we say the history Myanmar’s education, we cannot neglect the monastic education which was involved mainly in Myanmar.
          The lord Buddha came out in the 6th B.C. in India and His teachings were spread almost all in Asia. In 3rd century B.C. during the time of Moriya dynasty, King Emperor Aśoka was a great supporter of Buddhism and he sent out Nine Missionary Groups to nine countries. Some of them arrived at Thailand, Malaysia, Indonesia and Suvannabhūmi, Golden Land. The latter is considered that situated in Myanmar. Venerable Sona and Venerable Uttara were great benefactors of Buddha Dispensation, Sāsanā, in Myanmar and they performed missionary in Suvannabhūmi, modern Tha Hton, successfully. From that now on, Buddhism had been establishing in Myanmar fixed and firmly. In A.D 1044, the King Anawratha had removed impure Buddhism flourished in Pagan the capital city and he had replaced with pure and noble Theravada Buddhism which he gained from Tha Hton.

Friday, June 3, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၃)


သင်္ကန်းတောင်းလေး  
                       မေ့နေပြီလား?.....?......?
          ရဟန်းတော်တစ်ပါးအနေဖြင့် ထိုတာဝန်နှစ်ရပ်လုံးကို တစ်မျိုးစီသော်၎င်း၊ နှစ်မျိုးလုံးကို၎င်း တပြိုင်နက်တည်းထမ်းဆောင်နိုင်ပါသည်။ ရှေးဆရာတော်ကြီးများ အလိုအရမူ ရှေးဦးစွာ ပရိယတ္တိစာပေသင်ကြားခြင်း(ဂန္ထဓူရ)ကို အထူးတလည်ဖြည့်ကျင့်ပြီးနောက်မှ တရားအားထုတ်ခြင်း (၀ိပဿနာဓူရကို) လုပ်ဆောင်သင့်သည်ဟု ယူဆကြသည်။ အများစုမှာ ထိုအတိုင်းပင် လိုက်နာကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ထိုတာဝန်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နေသော စာသင်တိုက်များ၊ စာပေသက်သက်ချည်း သင်ကြားပို့ချနေသော စာသင်တိုက်များ၊ ၀ိပဿနာ(တရားအားထုတ်ခြင်း)သီးသန့်သာ ထမ်းဆောင်နေသော ရိပ်သာများ စသဖြင့် ရှိကြသည်။
          ပရိယတ်နှင့်ပဋိပတ် သို့မဟုတ် သင်ကြားခြင်းနှင့်တရားအားထုတ်ခြင်းတို့သည် အပြန်အလှန် မှီခိုနေကြသလို တိုက်ရိုက်ပတ်သက်မှုလည်းရှိပါသည်။ ပရိယတ္တိ-စာပေသင်ကြားခြင်းသည် ကန်ဘောင်ရိုးနှင့်တူ၍ ကန်တွင်းကရေသည် ပဋိပတ္တိ-တရားအားထုတ်ခြင်းနှင့်တူသည်။ ပရိယတ်တစ်ဖက်မျှသာစွမ်းသူသည်လည်း ဥယျာဉ်စောင့်မျှသာဖြစ်၍ အသီးကိုမစာသုံးရသူဟု ဆိုထားလေသည်။ ထိုကြောင့် ပရိယတ်-ပဋိပတ်နှစ်မျိုးလုံးကို ဖြည့်ကျင့်လိုက်လိုက်နာရမည်ဟု သဘောကျမိသည်။ ဤနှစ်မျိုးတွင် နှစ်ခုလုံးကိုဖြစ်စေ တစ်ခုတည်းကိုပင်ဖြစ်စေ လိုက်နာနေသည့် ရှင်-ရဟန်းသည် ဘယ်မှာလျှင် သင်္ကန်းတောင်းကို မေ့နေသည်ဟု ပြောနိုင်မည်နည်း။

Thursday, June 2, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၂)


သင်္ကန်းတောင်းလေး  
                     မေ့နေပြီလား?.....?.......?
အသက်နှစ်ဆယ်အရွယ်သည် များပြားလှသည့် ၀ိနည်းစည်းကမ်းများကို ကိုယ်ပိုင်အသိဖြင့် ကျင့်သုံး/လိုက်နာနိုင်သည့်အရွယ်ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် လုပ်နိုင်၊ဆုံးဖြတ်နိုင်သည့်အရွယ်ပင်။ ၁၉-နှစ်နှင့်သုံးလဟု သတ်မှတ်သည်မှာ ယေဘုယျအားဖြင့် အမိဝမ်းတွင် ၉-လပဋိသန္ဓေနေရခဲ့ရသည့် အရေတွက်နှင့် သုံးလကိုပေါင်းကာ ရေတွက်ခြင်းဖြစ်သည်။ အမိဝမ်းတွင်းကနေ စတင်ရေတွက်လျှင် အသက်နှစ်ဆယ်ပြည့်သည်ဟု သတ်မှတ်ခြင်းလည်းဖြစ်သည်။
ရဟန်းပြုရာတွင်မူ နောက်ထပ်လိုအပ်ချက်များမှာ မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ၊ ကြွေမြီကင်းသူ၊ အနာကြီး ငါးမျိုးမရှိသူနှင့် လူစင်စစ်ဖြစ်ခြင်း၊ ယောက်ျားစင်စစ်ဖြစ်ခြင်းတို့ဖြစ်သည်။

Wednesday, June 1, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၁)


သင်္ကန်းတောင်းလေး 
                   မေ့နေပြီလား?.....?.......?
တစ်နေ့….
စာရေးသူ ဧည့်ဝတ်ပြုရာ အင်တာနက်စာမျက်နှာကို ဧည့်သည်(စာဖတ်သူ)တစ်ယောက် ရောက်လာခဲ့သည်။ စာရေးသူမှာလည်း ကျောင်းတစ်ဖက်နှင့်မို့ ဧည့်သည်နှင့်တွေ့ခွင့်မရလိုက်။ ဆောင်းပါးတွေ၊ ကဗျာတွေကတော့ စာရေးသူ၏ကိုယ်စား ဧည့်ဝတ်ပြုလိုက်ဟန်တူသည်။ သို့ရာတွင် ဧည့်ဝတ်ကျေဟန်မတူ။
          စာရေးသူပြန်ရောက်သောအခါ ဧည့်သည်တော်က စေတနာဖြင့်ထားရစ်ခဲ့သော (ထိုကဲ့သို့ပင် ယူဆပါသည်) စကားလက်ဆောင်ကို တွေ့လိုက်ရသည်။ ကိုယ်တော်တို့ သင်္ကန်းတောင်းလေးရဲ့ အနက်ကိုသိပါသလား? မေ့များမေ့နေလား? မေ့ချင်ယောင်ဆောင်နေလား?” တဲ့…။ စာရေးသူမှာလည်း သုတေသနစာတမ်းရေးဖို့ရာ အဆိုပြုလွှာ(Synopsis)ကို အရေးတစ်ကြီး ပြင်ဆင်နေရသည်ဖြစ်ရာ ဧည့်သည်တော်၏ မေးခွန်းလား၊ ဒါမှမဟုတ် သတိပေးတာလားဆိုတာကို သိပ်ပြီးအလေးမထားမိတာ အမှန်ပင်။