အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, May 25, 2011

ဆွဲကိုင်မိသည့် အတွေးစတစ်မျှင် (အပိုင်း-၂)


ဆွဲကိုင်မိသည့် အတွေးစ,တစ်မျှင်
 

   မြန်မာနိုင်ငံတွင် လူဦးရေ ၅၅-သန်းကျော်ရှိပြီး၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့မှာ ငါးသိန်းနီးပါးမျှရှိသည်ဟု သိရပါသည်။ နိုင်ငံတစ်ဝှန်းတွင် ရဟန်းတော်များကို ဦးစားပေးသည့်နေရာမှာ အတော်ရှားပါးလာသည်။ ရုံးများကိုရောက်သွားလျှင်လည်း သူလိုငါလိုပင်ဆက်ဆံသည်။ ဆေးရုံများတွင်မူ ရဟန်း-သာမဏေများကို မာန်မဲလေ့ရှိသည်ကိုပင်တွေ့ရသည်။ လိုင်းကားများတွင်လည်း ရဟန်းတော်များအတွက် သီးသန့်နေရာများပင် သတ်မှတ်ပေးစေကာမူ ထိုင်နေသူများက ရဟန်းတော်များတက်လာလျှင် အိပ်ပျော်ချင်ယောင်ဆောင်နေတတ်သည်။ မမြင်ချင်ယောင်ဆောင်နေတတ်သည်။ လိုင်းကားသမားတို့ကလည်း ရဟန်းသာမဏေများကို လိုလိုလားတင်ဆောင်ခြင်းမရှိကြပေ။
ဆက်ဆံရေးပိုင်းတွင်လည်း ကြည့်ပါဦး။ ဘုန်းဘုန်း! သားတို့၊သမီးတို့ပြန်တော့မယ်ဖြစ်လာသည်။ အရွယ်ရောက်သူတို့ကလည်း ကျနော်၊ကျမဖြစ်လာသည်။ အရှင်ဘုရား၊တပည့်တော်ဆိုတာတွေ ပျောက်လာသည်။ ခြုံးပြောရလျှင် ဆရာ/ဒကာဆက်ဆံရေးမှာ သိသိသာသာယိုင်နဲ့လာသည်။  ငါက ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ပါဘူး။ မင်းတို့ပဲပြောလိုက်ပါဆိုတာတွေ ဖြစ်လာသည်။ …….?
          ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ပါစို့။ မြန်မာနိုင်ငံတွင်ရှိသော ရဟန်း-သံဃာတော်များတွင် အများစုသည် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိသည်မှာ သိသာထင်ရှားသည့် အချက်တစ်ခုဖြစ်သည်။ မုန်တိုင်းဒဏ်သင့်စသော လူသားချင်းစာနာမှုလုပ်ငန်းများတွင်လည်း လက်ရှိအရေတွက်နှင့် ယှဉ်ကြည့်လိုက်လျှင် အနည်းစုသော သံဃာတော်များသာ ပါဝင်လုပ်ဆောင်ကြသည်ကိုတွေ့ရသည်။
          ပညာရေးဘက်တွင်လည်း ယနေ့ခေတ်လူငယ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမည့်ဘက်ကို အထူးတလည်းညွှန်ကြားပြသသူ နည်းလာသည်။ ဤသို့ဖြင့် မိမိတို့ဘ၀နှင့် အလှမ်းမသင့်ဟု လူအများစုကထင်လာချိန်တွင် ဘုန်းကြီးကျောင်းများကို ရောက်ပေါက်သူနည်းလာသည်။ ရဟန်းတော်များနှင့် ဆက်ဆံရေးကြဲလာသည်။ အကျိုးဆက်အားဖြင့် အရိုသေတတ်မှု အလေးထားတတ်မှုတွေ မဲ့လာသည်။ ကျောင်းသူကျောင်းသာများ အားလပ်ရပ်ဖြစ်သည့် နွေရာသီကာလတိုလေးမှာပင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သောသင်တန်းများ ပို့ချပေးသည့် ရှင်ရဟန်းနည်းပါးလာသည်။ လုံးဝမရှိဟုမဆိုပါ။ သံဃာအရေတွက်နှင့်ကြည့်လျှင် လုပ်ဆောင်သူက နည်းပါးခြင်းကိုသာပြောပါသည်။
          ဘ/က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းတွေလည်း အသက်ဝင်မှုနည်းလာသည်။ နောက်တစ်ဆင့်အားဖြင့် လောကီပညာရေးနှင့် လောကုတ္တရာပညာရေးကို ခွဲခြားမြင်လာသည်။ လောကုတ္တရာပညာရေးဆိုသည်မှာ လောကီကျောင်းသားတွေနဲ့မဆိုင်၊ ရဟန်း-သမဏေတို့သာ သင်ရမည်။ ထိုပညာရေးသည် ယနေ့ခေတ်လူငယ်များကို ဘာမျှအထောက်ကူမပြုနိုင်စသဖြင့်-မြင်လာသည်။
          တစ်ဖက်ကနေလည်း ဤသို့တုန့်ပြန်လာနိုင်သည်။ “ဒါတွေက လောကီအလုပ်တွေ။ ဗုဒ္ဓတရားတော်များသည် သံသရာချုပ်ငြိမ်းဖို့ဖြစ်သည်။ ရဟန်းတော်များသည် မိမိတို့ဆိုင်ရာ (ဂန္ထဓူရ၊၀ိပဿနာဓူရ) စာသင်စာကျက်လုပ်ငန်းနှင့် တရားထိုင်ခြင်းဖြင့်သာ နေထိုင်ရမည်။” သို့ဆိုသော် ဗုဒ္ဓတရားတော်များသည် လူတို့၏နေ့စဉ်ဘ၀နှင့် လုံးဝကင်းသွားပေတော့မည်။ လူသားတွေငြိမ်းချမ်းဖို့ ချမ်းသာဖို့ဆိုသော ဗုဒ္ဓလမ်းညွှန်ချက်သည်လည်း တစ်သီးတစ်ခြားဖြစ်သွားပေတော့မည်။
          အကောင်းဘက်နေမြင်ကြည့်ရလျှင် ထိုကဲ့သို့ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု နည်းသောကြောင့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော သာသနာ့လုပ်ငန်းများ မပျက်ကွက်ဟု ထောက်ပြလာနိုင်ပါသည်။ ထိုအချက်သည် ရဟန်းတော်များကို အရိုသေတန်လာဖို့အတွက် လုံလောက်သော အကြောင်းပြချက်တော့မဟုတ်ပါ။ သို့ရာတွင် စဉ်းစားသင့်သော အချက်တစ်ချက်အနေဖြင့် ထားခဲ့ကြပါစို့။
          အဆိုးဘက်ကနေမြင်ရလျှင် ဒါတွေမလုပ်လို့ မြန်မာနိုင်ငံမှာ သာသနာပျက်နေပြီလား? ကွယ်နေပြီလား? အဲလိုတော့မဟုတ်ပါ။ သို့ရာတွင် အလှူရေစက်လက်နှင့်မကွာ ကျင့်သုံးနေသူများ၊ သီလဆောက်တည်နေသူများ၊ တရားဘာဝနာ ပွားများနေသူများလည်း အများပြားပင်ရှိနေအပါသေးသည်။ စေတီ၊ပုထိုးများလည်း ရွှေရောင်တ၀င်းဝင်းပင် ရှိနေပါသေးသည်။ မည်သို့ဆိုစေ လိုင်းကားပေါ်ရောက်လာလို့တောင်မှ ခဏတာနေရာလေးကို မပေးလှူချင် စတာတွေကိုတော့ မေ့ထားလို့မရ။ ထိုအလှူတန်းကို လုပ်နေသူအချို့တောင် ကိုရင်ငယ်များကို အလုပ်ရှင်က အလုပ်သမားကိုခိုင်းပုံမျိုးကိုလည်း တွေ့နေရသောကြောင့်ဖြစ်သည်။
ထိုပြင် မျိုးဆက်သက်လူငယ် အများစုတို့၏ နှလုံးသားတွင် သာသနာ့အဆုံးမများ မတည်ရှိသေးသည်ကိုတော့ လက်ခံရပေမည်။ ပျောက်ကွယ်နေသည်မဟုတ်ပါ။ မရှိသေးသည်သာဖြစ်ပါသည်။ ရဟန်းတော်အများစုက သင်ပေးရမည့်တာဝန်ကို မသင်ပေးသောကြောင့်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အချို့ရဟန်းတော်များ ခေတ်လူငယ်တွေ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းကနေ အားပေးလာသည်ကို ကြားသိလာရသည်။  အနာနဲ့ဆေး၊ တည့်အောင်ပေး ကုရေးမခက်ပါဆိုသည့်အတိုင်း လိုအပ်ချက်ကိုပေးနိုင်ပါမှ လိုသူများရောက်လာပေလိမ့်မည်။
          ဗုဒ္ဓမြတ်စွာသည် လူသားတို့၏ လောကုတ္တရာအကျိုးသာမက လောကီမျက်မှောက်ကောင်းကျိုးများကိုလည်း အထူးအလေးထားတော်မူခဲ့သည်မှာ ငြင်းဆိုမရနိုင်သည့် အချက်များဖြစ်သည်။ ဥမာအားဖြင့် မင်္ဂလသုတ်၊ သိင်္ဂါံလောဝါဒသုတ် ကူဋဒန္တသုတ်တို့လို မြောက်များလှစွာသော အထောက်အထားများကိုတွေ့နိုင်ပါသည်။
          တစ်နည်းအားဖြင့်ဆိုသော် လောကလိုအပ်ချက်ကို သို့မဟုတ် လတ်တလောလိုအပ်ချက်ကို အရင်ဖြည့်ပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တင်းကြလျှင် နှစ်ဦးနှစ်ဘဖက် အကျိုးများပေလိမ့်မည်။ အောက်ပါဖြစ်စဉ်များကို စဉ်းစားသုံးသပ်စေလိုပါသည်။
          တစ်ခါတွင် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းတော်များသည် ကျေးရွာတစ်ရွာသို့ရောက်ရှိကြသည်။ ရွာသူ/ရွာသားများအားလုံးသည် ဘုရားရှင်နှင့် သံဃာတော်များထံကို ဖူးမျှော်ရောက်လာကြသည်။ ထိုနောက် နေ့လည်ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြသည်။ ဗုဒ္ဓဘုရားရှင်ထံတော်မှ အနုမောဒနာတရားတော်ကို နာယူကြရန် အားလုံးကအသင့်ပြင်ဆင်နေပြီးဖြစ်သော်လည်း ဘုရားရှင်က တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေဟန်ရှိနေသည်။
          ခဏအကြာတွင် တောအရပ်ကနေ နွားပျောက်ရှာရာကနေပြန်လာသော ရွာသားတစ်ယောက်ကိုမြင်ကြလေသည်။ ထိုနွားပျောက်ရှာရာမှ ပြန်ရောက်လာသောသူသည်လည်း တရားနာပရိသတ်ကိုမြင်သဖြင့် တရားနာကြားရန် ချက်ချင်းပင်လျှင် အဆိုပါလူအုပ်ရှိရာသို့ ရောက်ရှိခဲ့သည်။ ထိုအခါ ဘုရားရှင်က ထိုနွားပျောက်ရှာပြီးပြန်လာသူကို ထမင်းဦးစွာကျွေးရန် မိန့်တော်မူလေသည်။
          စင်စစ်အားဖြင့် ထိုနွားပျောက်ရှာသူတစ်ယောက် တရားထူးရနိုင်ဖို့အတွက်နှင့် ကျန်သောသူများ ကောင်းမှုထူးရာစေဖို့ရာအတွက်  ဤရွာငယ်လေးကို ဘုရားရှင်နှင့် သံဃာတော်များ ရောက်ရှိလာခြင်းဖြစ်သည်။
          တရားထူးရဖို့ရာပင် အကြောင်းရှိသော်လည်း ဗိုက်ဆာနေသူအဖို့ တရားကိုကောင်းစွာ နှလုံးမသွင်းနိုင်သည်ကို သိတော်မူသော ဘုရားရှင်က လက်ရှိလိုအပ်ချက် အရင်ဖြေရှင်းပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တော်မူခဲ့ခြင်းဖြစ်သည်။ တရားထူးရာဖို့ရာအတွက် ပတ်ဝန်းကျင်နှင့် အချိန်ခါသည် အရေးကြီးလှသည်။ ဥပမာအားဖြင့် မေတ္တသုတ်လာ ဖြစ်စဉ်တစ်ခုဖြင့် သိနိုင်သည်။ တရားထိုင်မရသော ရဟန်းတော်များကို လက်ရှိနေထိုင်ရာတောအုပ်သည်သာ အသင့်တော်ဆုံးကို သိမြင်တော်မူသော ဘုရားရှင်သည် အဆိုပါရဟန်းတော်များအား မေတ္တပွားများပြီးမှ တရားအားထုတ်ကြရန်မှာကြားလိုက်ပြီး ၄င်းတို့နေရင်းတောကိုပင် ပြန်လွှတ်လိုက်သည်။
          နောက်တစ်ခုကိုကြည့်ပါ။ စည်းစိမ်ပျက်စီးပြီး မိဘများလတ်တလောသေဆုံးထားရုံသာမက သားသေလင်ဆုံးကိန်းကိုပါ ထပ်ကြုံတွေ့နေရသည့် ပဋာစာရီသည် လောကဓံလှိုင်းအောက်တွင် အရူးတပိုင်းဖြစ်အောင်ပင်ခံစားလိုက်ရသည်။ ဘုရားရှင်တရားဟောကြားနေရာ ပရိသတ်များရှေ့သို့ အ၀တ်မပါ ဗလာချည်းဖြင့်ရောက်လာသည်။ တရားနာပရိသတ်တို့ သူ့ကိုမောင်းထုတ်ကြသည်။ ထိုအခါ ဘုရားရှင်က ဟန့်တားတော်မူပြီး တစ်စုံတစ်ရာဝတ်ဖို့ပေးရန် မိန့်တော်မူလေသည်။ အခါတစ်ပါးတွင်လည်း မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် ဂိလာနရဟန်းတစ်ပါးကို ပြုစုတော်မူခဲ့သည်။ ဤသို့သော ဖြစ်စဉ်များ ဗုဒ္ဓစာပေများတွင် များစွာရှိပါသည်။
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ဘုရားဖြစ်တော်မူပြီး ပထမဦးဆုံးအကြိမ်ဖြစ် ရဟန်းတော်များကို သာသနာပြုစေလွှတ်ရာတွင် “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ…..မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသထ ဘိက္ခဝေ ဓမ္မံ…” (၀ိ၊ ၃၊ ၂၇) “ရဟန်းတို့၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာခြင်း အလို့ငှါ ဒေသစာရီ ကြွချီကြ၊ တစ်ခုတည်းသော ခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်၊ ရဟန်းတို့၊ တရားဓမ္မ ဟောပြောကြ” စသဖြင့် မိန့်တော်မူခဲ့သည်။
ထိုပြင် တရားဂုဏ်တော်ခြောက်ပါးတွင်လည်း သန္ဒိဋ္ဌိကဂုဏ်တော်သည် လက်ငင်းအကျိုးကို ဆိုလိုပါသည်။ ထိုလက်ငင်းအကျိုးဆိုသည်မှာလည်း လောကီ-လောကုတ်နှစ်မျိုးလုံး အကျုံးဝင်လေသည်။ လူတို့၏ နေ့စဉ်ဘ၀အတွက် ဟောကြားညွှန်ပြထားသော တရားတော်များသည် လူအများစု၏ နေ့စဉ်ဘ၀မှ သွေဖည်သွားလျှင် ဗုဒ္ဓတရာတော်များကို နည်းမှန်လမ်းမှန်ဖြင့် အသုံးချရာမရောက်နိုင်တော့ပေ။
လူအမျိုးမျိုးနှင့် ဥာဏ်အနု/အရင့်ကိုလိုက်၍ သစ္စာလေးပါးတန်သူကို နိဗ္ဗာန်ထိအောင်ပို့၍ သားမယားကိုချီမြှင့်ထောက်ပံ့ခြင်း ကောင်းမြတ်လှသည်ဟုသာ သင့်တော်သူ့ကို မင်္ဂလာတရာတော်မျှဖြင့်သာ ဟောပြောညွှန်ပြခြင်းသည်လည်း မှန်ကန်သည်သာဖြစ်သည်။
နိဂုံးချုပ်အာဖြင့်ဆိုရပါမူ ရှေးဆရာတော်ကြီးများ မိန့်တော်မူသည့်အတိုင်း သာသနာ့ဝန်ထမ်း ရှင်-ရဟန်းတို့သည် သာသနာ့ဝန်ထုပ်များ၊ သာသနာ့ဝန်းစီးများ မဖြစ်ကြဖို့လိုသည်။ ချီးမြှောက်ခြင်းနှစ်မျိုးရှိရာတွင် ဓမ္မတစ်မျိုးတည်းဖြင့်သာ ချီးမြှောက်၍ အာမိသဖြင့် မချီးမြှောက်လျှင် သာသနာရေရှည်တည်ဖို့မဖြစ်နိုင်သည်ကို သတိပြုရပေမည်။
လူအများစုတို့၏ ပညာသင်ကြားရခြင်း၏ အခြေခံအကြောင်းရင်းသည် အဓိကအားဖြင့် စား၊၀တ်၊နေရေး အဆင်ပြေရေးအတွက်သာဖြစ်သည်။ ထိုနောက်မှသာလျှင် လိုရာပန်းတိုင်အသီးသီးကို တစ်ဆင့်လှန်းကြခြင်းဖြစ်သည်။ ရှေးအခါက ဘုန်းတော်ကြီးကျောင်းပညာရေးသည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဘုန်းကြီးသင်ပေးသည့် ပညာရေးက အလုပ်လျှောက်လို့မရပါဘူးဟု လူအချို့၏ တွေးဆချက်သည် မှားသည်ဟု မဆိုသာသော်လည်း ပညာရပ်တစ်ခုပေါ် ထိုကဲ့သို့ကောက်ချက်ချခြင်းမှာ မတရားပေ။ အဓိကအားဖြင့် ထိုထိုပညာရပ်ကို အသုံးချသူနှင့် ဘယ်လိုအသုံးချရမည်ဆိုတာကို ညွှန်ပြသူတို့သည်သာလျှင် အဓိကတရားခံဖြစ်သည်။ အရာအားလုံးအပေါ် ယောနိသောမနသိကာရဖြင့် သင့်တင့်စွာ နှလုံးသွင်း ကျင့်ကြံနိုင်လျှင် ဗုဒ္ဓတရားတော်များသည် နေ့စဉ်လူနေမှုဘ၀အတွက်သာမက သံသရာခရီးမှ လွှတ်မြှောက်ဖို့ရာအတွက်ပါ အထူးကောင်းမွန်ပြည့်စုံသော လမ်းညွှန်ချက်များဖြစ်သည်ကို ကိုယ်တိုင်ကျင့်သုံးသူမျာက ထောက်ခံပေလိမ့်မည်။ အနော်ရထာ၊ သီရိဓမ္မာသောမင်းတို့လို ထင်ရှားသောသူများကလည်း သမိုင်းတွင် သက်သေခံခဲ့ပြီးဖြစ်သည်။             ။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Monday, May 23, 2011

1 comments:

Ideal Idea said...

A good post. I love this sentence: ထိုထိုပညာရပ်ကို အသုံးချသူနှင့် ဘယ်လိုအသုံးချရမည်ဆိုတာကို ညွှန်ပြသူတို့သည်သာလျှင် အဓိကတရားခံဖြစ်သည်။

Post a Comment