အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, May 23, 2011

ဆွဲကိုင်မိသည့် အတွေးစ တစ်မျှင် (အပိုင်း-၁)


ဆွဲကိုင်မိသည့် အတွေးစ,တစ်မျှင်
အပိုင်း(၁)

          မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်သုဒ္ဓေါဓနမင်းကြီး၏နိုင်ငံရှိ ကပိလ၀တ္ထုနေပြည်တော်ကို ကြွရောက်တော်မူခဲ့ရာ ဆွေတော်မျိုးများအားလုံးနှင့် တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ သီးတင်းသုံးဖို့ရာ လိုအပ်ရာရာများ ပြင်ဆင်ပေးပြီးနောက် နှစ်များစွာကွဲကွာနေခဲ့ကြသည့်အလျှောက် သာကြောင်းမာကြောင်းစသော အလ္လာပသလ္လာပ စကားများကို ပြောဆိုနေခဲ့ကြသည်။
          တစ်နေ့တာကို အဆုံးသတ်မျဉ်းအဖြင့်သာရင်း နေမင်းကြီးကတော့ အနောက်ဂေါ်ယာကျွန်းဆီ ချဉ်းနင်ဝင်ရောက်ကာ ပျောက်ကွယ်သွားလေပြီ။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ခေတ္တသီတင်းသုံးနေထိုင်ရာအရပ်သည်လည်း ဆိတ်ငြိမ်ရာလေးအဖြစ် ပေါ်လွင်ခဲ့လေပြီ။ အားလုံးအသီးအသီး အသက,အသက ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားနှင့်သံဃာတော်များကို နောက်တစ်နေ့အတွက် နံက်ဆွမ်းကို ဖိတ်မန္တကပြုခြင်းမရှိပါလေ။
          သုဒ္ဓေါဓနမင်းကြီးကိုယ်တိုင်ကလည်း “ဖခင်၏ အရိပ်အာဝါသအောက်ကိုရောက်လာသော သားတော်သည် မိမိနန်းတော်ကိုပင်ကြွရောက်ကာ နေ့လည်စာကိုသုံးဆောင်လိမ့်မည်”ဟု တွေးလျှက် ဆွမ်းအတွက်ပြင်ဆင်စရာတို့ကို စီမံကွပ်ကဲရန် နန်းတော်သို့ပြန်ခဲ့လေသည်။ သို့အတွက်ကြောင့် နောက်တစ်နေ့ နေ့ဆွမ်းကို နန်းတော်ကိုကြွရောက်ကာ ဘုဉ်းပေးသုံးဆောင်ရန်ကိုမူကား ဘုရားရှင်ထံ မလျှောက်ခဲ့မိ။
          နောက်တစ်နေ့ နေ့ဆွမ်းခံဖို့ရာ သင့်တော်သောအချိန်တွင် မည်သူမျှ လာရောက်ပင့်ဖိတ်မှု မရှိသောကြောင့် မြတ်စွာဘုရားသည် ရှေးဘုရားရှင်တို့အစဉ်လာကို ဆင်ခြင်တော်မူသောအခါ ဆွမ်းခံကြွခြင်းအလေ့ကို ပြုတော်မူခဲ့ကြောင်းနှင့် ဆွမ်းခံကြွခြင်းကြောင့် ရရှိအပ်သော အလှူရှင်နှင့် အလှူခံပုဂ္ဂိုလ်တို့၏ များပြားလှသော အကျိုးကျေးဇူးတရားများကို တွေ့မြင်တော်မူခဲ့လေသည်။ ထိုကြောင့် နောက်ပါရဟန်းတော်များနှင့်အတူ စီတန်းလှည့်လည်ကာ အိမ်စဉ်ရပ်ဆွမ်းခံခြင်းကို စတင်တော်မူခဲ့သည်။
          ထိုသတင်းကိုကြားသိလိုက်ရသော သုဒ္ဓေါဓနမင်းကြီးသည် ပြေးလျှင်မတင့်တယ်သော မင်းတို့၏အမူရာကိုပင်မေ့လျော့ကာ အူယားဖားယား ဘုရားရှင်းနှင့် နောက်ပါသံဃာတော်များ ဆွမ်းခံကြွတော်မူရာလမ်းကို တန်းတန်းမတ်မတ်ပြေးလွှားခဲ့ပြီး ဘုရားရှင်အား “ချစ်သား..! ဖခင်ကို အဘယ်ကြောင့်အရှက်ခွဲရပါသနည်း၊ သားတော်နှင့် နောက်ပါတပည့်နှစ်သောင်းကျော်ကို တစ်ရက်တည်းမဟုတ် တစ်သက်လုံးကျွေးထားရလည်း ဖခင်တတ်နိုင်ပါသည်”ဟု ဆိုလှာတော့သည်။
          ထိုအခါ ဘုရားရှင်က ဆွမ်းခံကြွတော်မူခြင်းဓလေ့သည် ဘုရားရှင်တို့၏ အစဉ်လာဖြစ်ပြီး၊ အလှူရှင်များက သီးသန့်ဖိတ်မန်ထားခြင်းမရှိလျှင် ဆွမ်းခံကြွခြင်းကိုပင် လိုလိုလားလားပြုတော်မူကြောင်း ပြန်လည်မိန့်တော်မူလေသည်။ ထို့အတူ ဘုရားရှင်၏ တပည့်သာဝကများသည်လည်း ကျင့်သုံးတော်မူကြကြောင်းကိုပါ မိန့်တော်မူလေသည်။
*****
          ဘုရားရှင်လက်ထက်တော်အခါက ရှင်ရဟန်းဖြစ်လိုသောသူများကို ဘုရားရှင်က “သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်း ပြည့်စုံပါပြီလား”ဟူသော မေးခွန်းတစ်ခုကိုပါ မေးတော်မူခဲ့သည်။ ယင်းတို့အထဲမှ သပိတ်သည် ဆွမ်းခံစားဖို့ရာအတွက် ဖြစ်ပါသည်။ မိမိ၏သလုံးမြင်းခေါင်းကို အမှီပြုကာ အိမ်စဉ်လှည့်ပြီး အလှူရှင်များ မပင်မပမ်းလှူဒါန်းအပ်သော တစ်ဇွန်း၊တစ်ယောင်းမဆွမ်းကို အလှူခံခြင်းသည် မြတ်တော်မူကြောင်း ဘုရားရှင်က ပြသတော်မူခဲ့သည်။
          ရဟန်းတော်သည် မိမိကိုယ်ကိုယ် ပျားပမာထား၍ အလှူရှင်တို့၏ သဒ္ဓါတရား၊ စည်းစိမ်ဥစ္စာနှင့်တူသော ပန်းဝတ်ရည်ကို မပျက်စီးအောင် သောက်သုံးဘိသကဲ့သို့ ကျင့်တော်မူကြရန် မိန့်တော်မူခဲ့လေသည်။
*****
          ယခုခေတ်အခါတွင်လည်း ဘုရားရှင်၏ မိန့်မှာတော်မူချက်နှင့်အညီ ရဟန်းဖြစ်လျှင်ဖြစ်ခြင်း သိမ်တွင်းမှမထွက်မှီ အထူးအရေးကြီးလှသော မှီရာလေးပါး၊ တည်ရာလေးပါးကို အထူးတလည်မှာကြားရသည်။ ယင်းတို့ကို ရဟန်းတော်တို့အတွက် သေလေးပါး၊ ရှင်လေးပါး-ဟုလည်း အချို့ဆိုကြသည်။ ယင်းတို့အထဲမှ တစ်ပါးမှာ “ရဟန်းဘ၀တွင် နေသမျှကာလပတ်လုံး ဆွမ်းခံ၍သာ စားရမည်”ဟု ဆိုထားပါသည်။ သို့ရာတွင် ထိုအရာအားလုံးသည် ရှေးဘုန်းရှေးကံရှိသူ (အတိရေကလာဘော) များအတွက် ခြွင်းချက်ရှိပါသည်။
          မည်သို့ပင်ဖြစ်စေကာမူ ဆွမ်းခံခြင်းအလေ့ထကို ဘုရားရှင်ချီးကျူးတော်မူခဲ့သည့်အတိုင်း ယနေ့တိုင်အောင်ထိမ်းသိမ်းထားနိုင်မှုသည် ကောင်းမြတ်သော အစဉ်လာဖြစ်သည်။
*****
          သီရိလင်္ကာနိုင်ငံ တစ်ဝှန်းလုံးတွင် ဗုဒ္ဓပွင့်တော်မူရာ ၂၆၀၀-ပြည့်နှစ်အခမ်းအနားများကို ကျင်းပကြသည်။ လမ်းတိုင်း၊ အိမ်တိုင်း၊ ကားတိုင်းနီးပါးမျှ ဗုဒ္ဓအလံတော်များကို လွှင့်ထူထားသည်မှာ ဗုဒ္ဓဘာသာတို့အဖို့ ကြည်နူးဖွယ်ရာအတိဖြစ်သော မြင်ကွင်းပင်။ သံဃာတော်များကို အလေးထားမှုနှင့် အရိုသေပေးမှုတို့ကို ကြည့်ခြင်းအားဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာထိပ်တန်းရောက်သည်ဟု ပြောလေ့ရှိသော သူတို့စကားမှာ သာမန်ကြည့်ရုံမျှနှင့် ယုံမှားစရာမလို။ သို့ရာတွင် ပြီးပြည့်စုံအောင်ကောင်းသည်ဟုတော့ မဆိုနိုင်ပေ။
          သီရိလင်္ကာတွင် ၂၆၀၀-ပြည့် ဗုဒ္ဓနှစ်ပတ်လည်အခမ်းနားကို ကျင်းပရာတွင် သံဃာတော်များ စုပေါင်းကာဆွမ်းခံကြွခြင်းကိုလည်း အစီစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းထားသည်။ သံဃာတော်များ တန်းဆွမ်းခံကြွတော်မူလာသည့်အခါ ဒက-ဒကာမများက သံဃာ့ဂုဏ်တော်များကို ရွတ်ဆိုကာ ဖူးမျှော်ကြ၊ ဆွမ်းများလောင်းလှူကြသည်။ သို့ရာတွင် သီဟိုဠ်ရှိ အချို့ရဟန်းသာမဏေများမှာ သပိတ်ကို မည်သို့ပိုက်ရမည်ဆိုတာကို ကောင်းကောင်းမသိကြသည်ကို တွေ့ရသည်။
          သီရိလင်္ကာတွင် ရဟန်း-သာမဏေများ ဆွမ်းခံထွက်သည်ကို အတော်ပင်တွေ့ရခဲသည်။ တောရပ်ဒေသများတွင်သာ ရံဖန်ရံခါတွေ့နိုင်တော့သည်။ မြို့ကြီးများတွင်မူ အထူးတလည်ပြုလုပ်သော အခမ်းနားမျိုးတွင်မှသာ ဆွမ်းခံခြင်းဓလေ့ကိုတွေ့ရတော့သည်။ ယင်းကိုတောင် အခမ်းနားတိုင်းမဟုတ်၊ အခါအားလျော်စွာသာဖြစ်သည်။
          လူဦးရေ ၂၅-သန်းခန့်ရှိသော သီရိလင်္ကာနိုင်ငံတွင် ရဟန်း-သာမဏေနှင့် သာသနာ့နွယ်ဝင် သီလရှင်များမှာ နှစ်သောင်းခွဲခန့်ရှိသည်ဟု သိရပါသည်။ ထိုအထဲမှ အများစုသည် အစိုးရ၀န်ထမ်း အထက်တန်းကျောင်းဆရာများ၊ တက္ကသိုလ်ဆရာများ၊ ကျောင်းအုပ်ကြီးများ စသည်တို့ဖြစ်ကြသည်။ သူတို့၏ နေ့စဉ်ဘ၀လုပ်ငန်းများသည် လူမှုရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်ဆပ်နေသည်။ နံက်စောစော ကျောင်းမှထွက်ကာ ညနေမိုးချုပ်မှပင် ကျောင်းကိုပြန်ရောက်ကြသည်။
          အားလပ်ရက်ဖြစ်သော စနေ၊တနင်္ဂနွေနှင့် အစိုးရုံးပိတ်ရက်၊ အများပြည်သူ အလုပ်နားရက်များတွင်မူ ကျောင်းတွင်တစ်နေကုန်ရှိနေတတ်သည်။ အများအားဖြင့် စနေ၊တနင်္ဂနွေနေ့များတွင် ဆွမ်းစားကွမ်းစားများရှိတတ်သည်။ မရှိသောရက်ကလည်း အတော်ပင်ရှားသည်။ မရှိပါကလည်း ဆွမ်းခံထွက်စရာမလို။ အချိန်ကျလျှင် အရုဏ်ဆွမ်း၊နေ့ဆွမ်းကို အလှည့်ကျ ဒကာ-ဒကာမများက ကျောင်းအရောက်လာပို့ကြသည်။ ကျန်သည့်နေ့များတွင်လည်း ထိုနည်းလည်းကောင်းပင် ကျောင်းမှာကျန်ရစ်သည့် ရဟန်း-သာမဏေတို့အတွင် ဆွမ်းလာပို့သည်။ ဤသို့ဖြင့် ဆွမ်းခံထွက်ခြင်းအလုပ်သည် ၄င်းတို့အဖို့ နေ့စဉ်ဝတ္တရားတစ်ခုအဖြစ်မှ အလိုလိုပင်လျှော့သွားသည်။ အရုဏ်ဆွမ်းခံထွက်ဖို့ကိုဝေးစွ နေ့ဆွမ်းခံကိုတောင်မှ ရံဖန်ရံခါအခမ်းနားများတွင်သာ မြင်ရတော့သည်။
          မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် အရုဏ်ဆွမ်းခံ၊ နေ့ဆွမ်းခံများကို နေ့စဉ်မြင်တွေ့နေရသေးသည်။ အများအားဖြင့် နံက် ၄-နာရီခန့်ဆို တုန်းခေါက်အချက်ပေးသံကို ကြားရသည်။ မကြာမှီမှာပင် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ တန်းစီကာဖြင့် အရုဏ်ဆွမ်းခံထွက်လာကြတော့သည်။ ယေဘုယျအားဖြင့် နံက် ၅-နာရီခန့်လောက်ဆို အာဆွမ်းဘုဉ်းပေးခြင်းကိစ္စပြီးတော့သည်။ နေ့ဆွမ်းခံကိုမူ ၉-နာရီခွဲ ၁၀-နာရီခန့်တွင် ကြွရောက်ကြ၍ နံက် ၁၁-ခန့်တွင် ဘုဉ်းပေးပြီးတော့သည်။ အရုဏ်ဆွမ်း-နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ခေတ္တခဏသာ အထွေထွေလုပ်ငန်းများ လုပ်ကိုင်ကြ၊ နားကြပြီးနောက် စာသင်-စာကျက်လုပ်ငန်းများဖြင့် တစ်နေကုန်ကြတော့သည်။
          သီရိလင်္ကာတွင်မူ အရုဏ်ဆွမ်းကို နံက် ၇-နာရီခွဲ ၈-နာရီခန့်မှ စားလေ့ရှိပြီး၊ နေ့လည်ဆွမ်းကိုမူ နေ့လည် ၁၂-နာရီ၊ ၁၂-ကျော်မှစားလေ့ရှိသည်။
          မြန်မာနိုင်ငံတွင် အချို့နာမည်ကြီးဆရာတော်ကြီများပင် ဆွမ်းခံထွက်လေ့ရှိသည်ကို တွေ့ရပါသေးသည်။ အတိုချုံးပြောရလျှင် သီရိလင်္ကာနိုင်ငံတွင် ဆွမ်းခံခြင်းအလေ့များ ရှင်-ရဟန်းများအကြားတွင် တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်လာနေသော်လည်း မြန်မာနိုင်ငံရှိ ရှင်-ရဟန်းတို့၏ နေ့စဉ်ဘ၀တွင်မူ အရေးပါလျှက်ပင်ရှိသည်။ ဆွမ်းခံခြင်းကိုပင် ဘုရားရှင်ချီးတော်မူခဲ့သော ကျင့်ဝတ်တစ်ခုအနေဖြင့် ယနေ့တိုင်ကျင့်သုံးလိုက်နာခြင်းနိုင်ခြင်းကို အစဉ်လာကောင်းတစ်ခုအဖြစ် အများစုကရှုမြင်နေကြပါသည်။
*****
          ပြောစရာတစ်ခုတော့ရှိလာသည်။ ရှင်းလင်းမြင်သာသည့်အချက်တစ်ချက်လည်းဖြစ်ပါသည်။ လူဦးရေ ၂၅-သန်းကျော်ရှိသော သီရိလင်္ကာနိုင်ငံတွင် နှစ်သောင်းခွဲကျော်ရှိသော ရဟန်း-သာမဏေများကို အရိုသေပေးမှု၊ ဘာသာတရားကို လေးစားလိုက်နာမှုမှာ အပြည့်ဝဟု မဆိုသာသော်လည်း ရာနူန်းပြည့်နီးပါးရှိနေသေးသည်။
          ဥပမာအားဖြင့်ဆိုသော် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မည်သည့်ရုံးကိုပင်သွားသွား ရဟန်းတော်များကိုဦးစားပေးသည်။ သီရိလင်္ကာတွင်ရှိသော နိုင်ငံခြားသံရုံးများပင် ထိုအစဉ်လာကို လိုက်နာကြသည်ကိုတွေ့ရသည်။ ထိုပြင် အစိုးရရုံးတိုင်းနှင့် အချို့ပုဂ္ဂလိကရုံးများတွင် ဗုဒ္ဓရုပ်ပွားတော်များကို အများပြည်သူ မြင်တွေ့နိုင်သည့်နေရာတွင် စနစ်တကျထားရှိသည်။
          ထိုပြင် ရဟန်းတော်များ အကြောင်းအမျိုးကြောင့် လိုင်းကားတိုးစီးလာလျှင်လည်း မည်သူ့ကိုမျှ လက်တို့ပြောနေစရာမလို။ အားလုံးထပေးကြသည်။ ရဟန်းတော်များအတွက် လိုင်းကားတိုင်းတွင် သီးသန့်သတ်မှတ်ထားသော ခုံများတွင် ရဟန်းတော်များ ရှိနေလျှင်မူ အခြားခုန်အသီးသီးတွင် ထိုင်နေကြသော ကြီးငယ်မဟူ ယောက်ျး-မိန်းမတိုင်းက ထပြီးနေရာပေးဖို့ရာ ၀န်မလေးကြ။ အဘယ်ကြောင့်နည်း?
          သီရိလင်္ကာရှိစာသင်ကျောင်းများတွင် ဗုဒ္ဓစာပေကို အတန်းစဉ်တိုင်းတွင် ပြဌာန်းကျမ်းစာတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်းရှိသည်။ တက္ကသိုလ်ကျောင်းသားများမှအပ အားလုံးတက်ရောက်ကြရသည်။ ဆရာ-ဆရာမများနှင့် ကျောင်းရှိသံဃာတော်များက သင်ပေးကြသည်။ ထိုအချက်များသည် ဗုဒ္ဓသာသနာနှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများကို ဦးစာပေးသည့် အကြောင်းများစွာထဲမှ အကြောင်းအချို့ ဖြစ်နိုင်ပါသည်။ အထက်တွင်ပြောခဲ့သည့်အတိုင်း ရဟန်းတော်အများစုက အစိုးရကျောင်းများ၊ တက္ကသိုလ်များတွင် ဆရာများအဖြစ်သင်ကြားနေသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်စရာရှိပါသည်။ ထိုထက်မှာမူ အစိုးရကိုယ်တိုင်က သာသနာတော်ကို အထူးအလေးပြုခြင်းကြောင့်လည်းဖြစ်နိုင်သည်။
          ကောက်ချက်တစ်ခုကို ဆွဲကြည့်ရပါမူ မည်သူက မည်မျှပင် အားပေးထောက်ပံ့ပေးနေစကာမူ သာသနာ့ဝန်ထမ်းရှင်-ရဟန်းများကိုယ်တိုင်က ဒကာ-ဒကာမတို့၏ သံသရာအကျိုးသာမက ပစ္စုပ္ပန်အကျိုးကိုပါ ရရှိအောင်စွမ်းဆောင်နိုင်သောကြောင့်ဖြစ်ပါသည်။ အားနည်းချက်အဖြစ် ပြောရပါမူ လူမှုရေးလုပ်ငန်းများတွင် လုံးဝနစ်မြုပ်သွာသောကြာင့် ရဟန်းတော်များကျင့်သုံးလိုက်နာရမည့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော အဓိကအချက်များလည်း လျော့ရဲ့လာသည်ကိုတွေ့ရပြန်သည်။ သို့ရာတွင် ဗုဒ္ဓညွှန်ပြသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ဟန်ချက်ညီညီကျင့်သုံးနိုင်လျှင် နှစ်ဦးနှစ်ဖက်ကျိုးကို ဖြစ်ထွန်းစေလိမ့်မည်ပင်။ လိုလျှင်ကြံဆ၊ နည်းလမ်းရမဟုတ်ပါလား?
*****
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

0 comments:

Post a Comment