အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, May 17, 2011

ညီမျှခြင်းဖြင့် လက်တွေ့ဘ၀တွင် ရှင်သန်ခြင်း


ညီမျှခြင်းဖြင့် လက်တွေ့ဘ၀တွင် ရှင်သန်ခြင်း

          သိပ္ပံပညာ၏ အစွမ်းများကြောင့် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာဟု အများစုက လက်ခံလာကြချိန်ဖြစ်သည်။ သို့ရာတွင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်မျှကိုသာ ကမ္ဘာဟုထင်နေသူများလည်း ရှိနေဆဲပင်ဖြစ်သည်။ မည်သို့ဆိုစေ လူအများစုကဖြင့် ကမ္ဘာဟာ ရွာတစ်ရွာမျှသာဟု နှလုံးပိုက်နေကြပြီဖြစ်သည်။ ထိုအတူ အစဉ်လာများ ယဉ်ကျေးမှုများကို ရိုက်ချိုးပစ်ချင်နေသူများလည်း ဒီရေအလားတိုးပွားလာနေသည်။
လူ့သဘာဝအလျှောက် မိမိအဖို့ကိုသာ ဦးစွာကြည့်တတ်သည့်အားလျော်စွာ မည်မျှတော်နေပါသည်ဆိုသော ထိုထိုသူများ၏ လုပ်ရပ်အထွေထွေများသည် အစွန်းရောက်မှုများဖြင့် ရောနှောပါလာသည်သာ။ အကောင်းနှင့်အဆိုးတရားများသည် ထိုထိုသူများ၏ ဖန်တီးမှုအောက်တွင် အချင်းချင်း ဆန့်ကျင်ကာဖြင့်ပင် တစ်ခုကိုခုတွန်းအားပြုကာ ရှင်သန်လာခဲ့ကြသည်။
          လူသားများသည် အတ္တကိုရှေ့တန်းတင်လေ့ရှိသည့်အတွက် သူတို့လုပ်နေသည့် အရာအားလုံးကို ပြီးပြည့်စုံအောင် ကောင်းလှပါသည်ဟု လက်ညိုးထိုးပြစရာမရှိလှပေ။ ထို့အတူပင် အဆိုးချည်းသက်သက်ပါဟု ဆိုရအောင်လည်း နုတ်ဆွံ့နေခဲ့ကြပြန်သည်။ ဤယေဘုယျသဘောတရားများကြောင့် အဟောင်းတိုင်း မကောင်းပါဟု ၀ါးလုံးဖြင့် သိမ်းရိုက်ရန်ခက်လှသကဲ့သို့ ဆန်းသစ်တိုင်းလည်း ကောင်းလှပါချည့်ဟု မပြောသာတော့ပါ။
          လူသည် ပုဂ္ဂိုလ်စွဲ၊ ဇာတိစွဲ၊ ဂိုဏ်းဂဏစွဲ၊ အယူအဆစွဲ စသည်စသည်အစွဲများ ပြင်းထန်လှသည်ဖြစ်၍ မိမိတို့အစဉ်လာ လမ်းကြောင်းပေါ်မှ သွေဖည်လာသူများကို မိစ္ဆာအဖျက်သမားများအဖြစ် ကြည့်ရှုလာခဲ့သည်။ မိမိတို့အယူဆများကို မှန်သည်ဟု ဆုပ်ကိုင်ယင်းဖြင့် မိမိတို့အယူဆအတိုင်း မကျင့်သုံးသူများကို ခါးခါးသီးသီးငြင်းဆန် တွန်းကန်ကာ မိမိတို့ကိုယ်တိုင်လည်း အစွန်းတစ်ဖက်ကို နင်းမှန်းမသိ နင်းကုန်ကြတော့သည်။ အမှန်မှာ လောဘ၊ဒေါသ၊မောဟ စသော ကိလေသာရှိနေဆဲဖြစ်ကြကုန်သော လူသားတို့၏ လုပ်ဆောင်ချက်များသည် လုံးဝပြည့်စုံနေခြင်းကို မဖြစ်နိုင်၊ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုသည် ဒွန်တွဲပါလာစမြဲဖြစ်သည်။ ယင်းမှာလည်း ယေဘုယျအမှန်တရားသာဖြစ်သည်။ ထိုယေဘုယျဆိုသည်မှာလည်း သင်္ချာသဘောတရားကဲ့သို့မဟုတ်၊ အများအားဖြင့်မှန်သော်လည်း ချွင်းချက်ရှိနေသည်ဟုဆိုလိုပါသည်။ သင်္ချာသဘောတရားအရမူ ယေဘုယျအမှန်ကို လုံးဝမှန်ကန်သည်ဟု ယူဆခြင်းဖြစ်သည်ဟုဆိုပါသည်။
          ယနေ့ဖွင့်ဖြိုးဆဲနိုင်ငံများတွင် အဆိုပါအစဉ်လာဟောင်းများကို တသတ်မှတ်တည်း မှတ်ယူသူများ၊ ထိုအစဉ်လာများမှ ခွဲထွက်လာသူများနှင့် အစဉ်လာဟောင်းနှင့် ခေတ်အခြေနေများကို ပေါင်းစပ်ကာ လမ်းသစ်ထွင်လိုသူများလည်း အလျိုလျိုပေါ်ထွက်ဆဲရှိသည်။ အချိန်အခါနှင့် ပတ်ဝန်းကျင်အားလျော်စွာ ပေါ်လတ္တံ့လည်းဖြစ်ဦးမည်သာ။ မည်သို့ဆိုစေ အားလုံးကဖြင့်မူ မိမိတို့အယူဆသည် လုံးဝမှန်ကန်သည်ဟု လက်ခံထားကြသည်ချည်းဖြစ်သည်။ ထိုကြောင့်ပင် အခြားသူများ၏ လုပ်ငန်းစဉ်များကို ဖောက်ပြန်သည့်လုပ်ရပ်များအဖြစ်ဖြင့် သတ်မှတ်တော့သည်။ လူတွေသည် ပရဟိတဟု သွေးရူးသွေးတန်းအော်လျှက်ပင် တစ်နည်းတစ်ဖုံအားဖြင့် ကိုယ်ကျိုးကို ငဲ့မှန်းမသိ ငဲ့နေတတ်ပြန်သည်။ ဤသည်ကပင် ငါမှတပါး အခြားသူများအမှားဟု သဘောပိုက်လာတာလည်း ဖြစ်ဟန်တူသည်။
          ငါသာလျှင်မှန်သည်၊ ငါမှတပါးအခြားသူများသည် မှား၏ဟူသော အယူဆများကို လူ့သမိုင်းတစ်လျှောက်တွင် အစောကြီးကတည်းက တွေ့မြင်ကြရပြီးဖြစ်လေသည်။ ဗုဒ္ဓစာပေများတွင်လည်း ယင်းသဘောတရားများကို အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ်တွင် အထင်အရှားတွေ့မြင်နိုင်သည်။
          မြတ်စွာဘုရားသည် နောက်ပါရဟန်းသံဃာတော်များနှင့်အတူ ဒေသစာရီခရီးလှည့်လည်စဉ် ကာလာမအမျိုးနွယ်တို့နေထိုင်ရာ ကေသမုတ္တိအမည်ရှိသော ရွာကြီးတစ်ရွာသို့ရောက်ရှိခဲ့သည်။ မြတ်စွာဘုရား၏ ကောင်းသတင်းများကို ကြားသိခဲ့ကြပြီးဖြစ်သော ကာလာမတို့သည် မြတ်စွာဘုရားနှင့် နောက်လိုက်နောက်ပါတို့ကို ခရီးဦးကြိုပြုခဲ့ကြသည်။ သို့စေကာမူ သူတို့သည် ဘာသာရေးခေါင်းဆောင်နှင့် ဘုရားအမည်ခံသူတို့သည် ဒီပုတ်ထဲက ဒီပဲတွေလားဟု စိတ်တွင်သို့လောသို့လော ဖြစ်နေခဲ့ကြသည်။ အကြောင်းမှာ မြတ်စွာဘုရားမတိုင်ခင် ရှေးဦးမစွက အခြားဘာသာရေးဆရာများနှင့် ဘုရားဆိုသူများသည် ကေသမုတ္တိရွာသို့ ရောက်လာခဲ့ကြပြီး၊ အသီးသီးဘာသာရေးအယူဆတွေ၊ သဘောတရားတွေကို နည်းအမျိုးမျိုးဖြင့် ဟောပြောသွားခဲ့ကြဖူးလေသည်။ သူတို့အားလုံး၏ အယူဆနှင့် ဟောကြားချက်များကို ကောက်ချက်ချလိုက်သော် “ငါ့ အယူဆ၊ ငါ့ဝါဒသာမှန်၍ အခြားသူတို့အားလုံးမှာ မမှန်”ဟူသော အဖြေတစ်ခုကိုသာ ကာလာမတို့ရရှိခဲ့သည်။ ရှေးလူဟောပြောချက်ကို နောက်လူကလက်မခံ၊ သူတို့ပြောတာတွေကမှားတယ်။ ငါအခု ဟောပြောနေတာမှ တကယ်အမှန်စသဖြင့် အယူအဆရေးရာ ထိခိုက်ပုတ်မှုများကိုသာ ကြားသိနေခဲ့ရသည်။
          ထိုကြောင့် သာကီဝင်မင်းမျိုးမှ ဘုရားဖြစ်လာသူ ဂေါတမဗုဒ္ဓဆိုသည်မှာလည်း ငါသာလျှင်ဘုရားစစ်၍ ငါ့တရားသာမှန်သည်လို့ပြောသူသာဖြစ်ပေလိမ့်မည်ဟု ကာလာမတို့က မှတ်ယူထားကြခြင်းဖြစ်လေသည်။ သူတို့ယူဆချက်မှာ လွန်လွန်းသည်ဟုမဆိုနိုင်ပါ၊ အကြောင်းမှာ သူတို့သည်ငါ့စကားနွားရပြောခဲ့သူများနှင့်သာ တွေ့ဆုံခဲ့ရသည် မဟုတ်ပါလား။  
သို့ရာတွင် သူတို့သည် အသိပညာနယ်ပယ်ကို ကန့်သတ်ထားသူများမဟုတ်ရကား မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်များထံကို စ,နည်းနာရန် ရောက်လာခဲ့ကြသည်။ ထိုနောက် မြတ်စွာဘုရားကို လျှောက်ထားသည်မှာ - မိမိတို့ရွာကို ရောက်လာတိုင်းသော ဘုရားဆိုသူများသည် ငါ့ဝါဒသာမှန်၍ အခြားသူများမမှန်ဟုသာ ဟောပြောသွားကြသောကြောင့် အမှန်၊အမှားနှင့်ပတ်သက်ပြီး မိမိတို့မှာ သံသယပွားရပါကြောင်း စကားဦးဆိုကြလေသည်။
          ဘုရားရှင်၏ ပြန်လည်ပြောဆိုချက်ကို ကြားရသော ကာလမတို့သည် တအံ့တသြဖြစ်ကြရသည်။ သူတို့ယူဆထားသည်မှာ ယခုမြတ်စွာဘုရားသည်လည်း ငါ့တရားသာမှန်သည်ဟု တုန့်ပြန်လိမ့်မည်ဟု ထင်မြင်ထားရာ၊ မြတ်စွာဘုရားက “ကာလာမတို့!.. သင်တို့သည် ယုံမှားသင့်သောအရာ သံသယဖြစ်သင့်သောအရာတို့တွင် စိတ်နှလုံးမကျ ဒွိဟဖြစ်သည်မှာ ဖြစ်သင့်ပေသည်”ဟု မိန့်တော်မူခဲ့သောကြောင့် ကာလာမရွာသားတို့သည် မြတ်စွာဘုရားကို အခြားဘာသာရေးဆရာ၊သမဏ၊ ဗြဟ္မဏများနှင့် တစ်သီးတစ်ခြားဖြစ်သည်ဟု မှတ်ယူလိုက်ကြတော့သည်။
          ထိုနောက် မြတ်စွာဘုရားက ဆက်လက်မိန့်တော်မူသည်မှာ ကာလာမတို့ -“ပြောသံကြားရုံမျှ၊ အစဉ်အဆက်စကားမျှ၊ ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှ၊ ကောလာဟလစကားများမျှ၊ မိမိတို့ ရှေးဟောင်းကျမ်းဂန်အဆိုနှင့် ညီညွတ်ရုံမျှ၊ ကြံဆတွေးတောယူခြင်း၊ နည်းမှီယူခြင်း၊ အခြင်းအရာကို ကြံစည်ခြင်း၊ မိမိအယူဆနှင့် ကိုက်ညီခြင်း၊ ငါတို့အလေးမြတ်ပြုထားသော ဆရာသမားတို့ ပြောဆိုကြသောကြောင့်အမှန်- စသဖြင့် ထိုထိုစကားတို့မျှဖြင့် အမှန်ပဲ”ဟု တစ်စုံတစ်ခုကို ယတိပြတ်မဆုံးဖြတ်ကြရန် မိန့်တော်မူလေည်။ သို့ရာတွင် ထိုထိုအရာများတွင် ကိုယ်တိုင်လုပ်ကြည့်၍ ပညာရှိသူတော်ကောင်းတို့က ကောင်းသည်၊ဆိုးသည် အပြစ်ရှိသည်၊မပြစ်မရှိသည်၊ ကဲ့ရဲ့ထိုက်သည်၊ ကဲ့ရဲ့မထိုက်သည် ဤသို့လုပ်ခြင်းအားဖြင့် အကျိုးရှိသည် အကျိုးမရှိသည် စသည်တို့ကို ကိုယ်တိုင်သိလာသောအခါတွင်သာ အမှန်အမှားကို တိတိကျကျဆုံးဖြတ်ကြရန် တိုက်တွန်းတော်မူလေသည်။
          အထက်ပါအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ရာကို အမှန်တရားအဖြစ် လက်ခံကျင့်သုံးဖို့ရာအတွက် ပုဂ္ဂိုလ်စွဲ၊ ငါစွဲ၊ ဆရာစွဲစသည်တို့ ကင်းလွတ်ကြရပေမည်။ မိမိတို့ကိုယ်တိုင်လည်း ဝေဖန်ဆန်းစစ်နိုင်သည့် ဥာဏ်အမျှော်အမြင်နှင့် ပြည့်စုံဖို့ရာလိုအပ်ပေသည်။ ငါသာအမှန်၊ တခြားသူတွေအမှား ဟူသော အစွန်းနှစ်ဖက်မှ သွေဖည်ကာ သင့်တင့်သောနှလုံးဖြင့် အရာအားလုံးအပေါ်တွင် ကြည့်မြင်သုံးသပ်တတ်လာလျှင် မိဘနှင့်သားသမီးကြား၊ ဆရာနှင့်တပည့်ကြား၊ ရှေးရိုးစွဲနှင့်ခေတ်သစ်လိုလားသူများအကြား၊ အစဉ်လာသမားနှင့် ပြောင်းလဲလိုသူကြား စသည်စသည် ကွာဟချက်များသည် ကျဉ်းမြောင်းလာလိမ့်မည်မှာမလွဲပေ။ ဖြစ်သင့်သည်မှာ လုပ်ငန်းဆောင်တာမှန်သမျှသည် လုပ်နေသူတို့၏ နေ့စဉ်ဘ၀နှင့် ထပ်ဟပ်နေမှု၊ လိုက်လျောညီထွေမှုရှိနေမည်ဆိုပါက အလွန်ပင်သင့်မြတ်ပေလိမ့်မည်။   
          “ဟောင်းတိုင်းကောင်းသည်ဟု မဆိုနိုင်သလို သစ်တိုင်းလည်း အပြစ်မရှိပါဟု တသမတ်တည်း မပြောနိုင်ပါ။ ထို့အတူ အတ္တဟိတ ပရဟိတလုပ်ငန်းများကိုလည်း အဆိုးသက်သက်ချည်းမဟုတ်သလို အကောင်းချည်းပါဟုလည်း မမှတ်နိုင်ပေ။ လူထဲကလူတွေ၏ လုပ်ဆောင်ချက်များသာဖြစ်သည်အတိုင်း အားနည်းချက် အားသာချက်များလည်း ရှိနေမည်သာပင်။ မည်သည့်လုပ်ငန်းပင်ဖြစ်စေ မိမိတို့ဆိုင်ရာ နေ့စဉ်ဘ၀တွင် အံဝင်ခွင်ကျ ဖြစ်နေဖို့သာလိုပါသည်။”
အတိတ်ဟူသည် သင်္ခန်းစာမျှသာဖြစ်နိုင်ပြီး၊ အနာဂတ်သည် ရှင်သန်ဖို့ရာ မျှော်လင့်ချက်သာဖြစ်ပါသည်။ သို့တစေ ထိုအရာနှစ်ခုလုံးသည် မိမိတို့၏လက်တွေ့ဘ၀တွင် တကယ်မရှိပါ။ ယခုပစ္စုပ္ပန်သည်သာ တကယ်တန်းလက်တွေ့ကျနေပေသည်။ ထိုကြောင့် မိမိတို့ကိုယ်တိုင်သာလျှင် လက်ရှိနေ့စဉ်ဘ၀နှင့် သဟဇာတဖြစ်သည့် အဆိုးအကောင်းများကို ရွေးချယ်၊ပစ်ပယ်ရန် လိုအပ်ပေသည်။ အချုပ်ဆိုရပါမူ မည်သည့်ကိစ္စတွင်မဆို မြတ်ဗုဒ္ဓမိန့်တော်မူသည့်အတိုင်း အစွန်းမရောက်ကြရန်နှင့်၊ ယောနိသော မနသိကာရဖြင့် သင့်တင့်စွာ နှလုံးသွင်းကြရန်သာ ဖြစ်ပေတော့သည်။ 
 မေတ္တာဖြင့်- 
            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) 
                              March 29, 2011

0 comments:

Post a Comment