အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, May 13, 2011

မှန်အပြက်ဘက်ကလူ


မှန်အပြင်ဘက်ကလူ
တစ်နေ့…
ထိုနေ့သည် စာရေးသူကို ထူးဆန်းသောစကားတစ်ခွန်းကို သယ်ဆောင်လာပေးသော နေ့တစ်နေ့ဖြစ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ စာရေးသူတို့အားလုံးသည် နေ့စဉ်ဆိုသလို ထူးဆန်းသောစကားများ၊ အတွေ့ကြုံများကို တွေ့ကြုံရလေ့ရှိပါသည်။ သတိမမူမိသောကြောင့်သာ အမှတ်တမဲ့နဲ့ မေ့ပျောက်ခဲ့မိကြခြင်းဖြစ်သည်။ ထိုနေ့ကိုတော့ ဘ၀တွင် မှတ်မှတ်ထင်ထင် ရှိနေခဲ့နေများမှ တစ်နေ့ဖြစ်သည်ဟုဆိုကလည်း ရအံ့ကောင်းထင်သည်။
          ကျောင်းသားမျှသာဖြစ်သော စာရေးသူတို့အဖို့မူ စာသင်ခန်းကို ၀င်ရောက်သည့်အခါတိုင်းလိုလိုပင် ဝေါဟာရသစ်များကို ကြုံတွေ့နေရပါသည်။ အမြဲတမ်းအသစ်ဆန်းတွေကို တွေ့နေရသည့်အတွက်ပင် မဆန်းတော့သလိုလည်းဖြစ်နေပါသည်။ ထိုကြောင့်ရိုးရှင်းလှ၍ မှန်ကန်သောစကားတစ်ခွန်းကို ကြားသိခဲ့ရသောထိုနေ့လေးကို အခွင့်ကြုံတိုင်းဆိုသလို သူငယ်ချင်းများကို ပြောဖြစ်မိသည်။ ပြောသည့်အခါတိုင်းမှာပင် သစ်ဆန်းသည့်အရာတစ်ခုကို အမြဲလိုလိုလည်း ခံစားမိပါသည်။
          ထိုနေ့တွင် စာရေးသူ၏ တစ်နေ့တာလုပ်ငန်းများမှာ ပုံမှန်အနေထားမှာပင်ရှိနေခဲ့ပါသည်။ မနက်စာစားပြီး သင်တန်းကိုသွားသည်။ နေ့လည်စာကိုအပြင်မှာ ကြုံသလိုပင်စားလိုက်သည်။ ထိုနောက် နေ့လည်စာသင်ချိန်မှီအောင် အထူးလိုင်းကားကိုစီးကာ တက္ကသိုလ်ကိုသွားခဲ့သည်။ စာသင်ချိန်စတင်ဖို့ ဆယ်မီးနစ်အလိုတွင် ရောက်သွားခဲ့ပါသည်။
          ထိုနေ့၏မြင်ကွင်းသည် စောစီးစွာရောက်နှင့်နေကြသော သူငယ်ချင်းများ၏ အမူရာကိုမြင်ရသောကြောင့် စာရေးသူကို စိတ်မသက်သာဖြစ်စေပါသည်။ သူတို့ဘာဖြစ်လို့ ညိုးငယ်သည့်အမူရားများဖြင့် တစ်ယောက်ယောက်ကိုဝိုင်းအုံနေကြတာလဲဆိုတာကို စာရေးသူလည်း သိချင်လာသည်။ ထိုကြောင့် နီးစပ်ရာသူငယ်ချင်းကို ဘာဖြစ်နေတာလဲလို့ ခပ်ဖွဖွလေးမေးမိသည်။ သူငယ်ချင်းက “ငါတို့ဆရာရဲ့ ခမည်းတော်ကြီး(အဖေ)ဆုံးသွားတယ်ကြားလို့ စိတ်မေကောင်းဖြစ်နေတာ။ ပြီးတော့ ငါတို့ဆရာကို အခုအားပေးနှစ်သိမ့်နေတာတဲ့။”
          ထိုနေ့က စာရေးသူ၏အတွေးမှာ တက်တက်စင်အောင်လွဲနေသည်ကိုဆိုတာကို ဆရာ့မျက်နှာကို မြင်လိုက်တာနဲ့တပြိုင်နက် သိလိုက်ရပါသည်။ စာရေးသူအထင်မှာ ကျေးဇူးရှင်ဖခင်ကြီး လတ်တလောဆုံးရှုံးလိုက်ရသော ဆရာသမားမှာ ယောက်ျားရင့်မကြီးတစ်ယောက်ဖြစ်လို့ ရှိုက်ကြီးတစ်ငင်မဟုတ်ယင်တောင် မျက်နှာကတော့ ညိုးနေလိမ့်မည်ဟု တထစ်ချတွက်ထားလိုက်မိသည်။ နောက်ထပ်ဝမ်းနည်းဖို့ကောင်းတာကို တပြိုင်နက်ထဲဆိုသလို စဉ်းစားမိသည့်အချက်ကြောင့်လည်း စာရေးသူ၏စဉ်းစားချက်ကို ယေဘုယျအားဖြင့် မှန်ကန်ကြောင်းကို ထောက်ခံပေးသလိုလည်းဖြစ်နေခဲ့ပါသည်။ ယင်းမှာ တာဝန်တွေကြားကဆရာသည် မိမိဖခင်ကြီးဆုံးပြီဆိုသော သတင်းဆိုးကို လက်ခံရရှိခဲ့သော်လည်း ရုပ်ကလာပ်ကိုမှီအောင် အခွင့်ရေးနဲ့ အချိန်တွေရှိခဲ့သော်လည်း မသွားနိုင်ကြောင်းကို စဉ်းစားမိခဲ့ခြင်းပါ။
          ထိုနောက် တပည့်တွေဝိုင်းအုံနေသည့်ဆရာကို မျက်နှာချင်းဆိုင်အားပေးရအောင်ဆိုပြီး သူငယ်ချင်းတွေကြားထဲ အတင်းတိုးဝှေ့ကာ ဆရာ့ရှေ့ကိုအရောက်သွားခဲ့မိသည်။ ချက်ချင်းဆိုသလို “ဆရာတော်ရဲ့ကျေးဇူးရှင်ဖခင်ကြီး ဆုံးသွားတာကိုကြားသည့်အတွက် စိတ်မကောင်းပါဘူး ဘုရား”ဟု စာရေးသူက စာနာမိစွာဖြင့် ဆို့ဆို့နင့်နင့်ပြောခဲ့မိလိုက်သည်။  အံ့သြစရာကောင်းသည်မှာ ဆရာမျက်နှာတွင် ၀မ်းနည်းသည့်အရိပ်ရောင်ကို တစ်စက်မျှပင်မတွေ့ရသောကြောင့်ပင်။ သူငယ်ချင်းတွေက နောက်နေတာများလို့တောင် သံသယဖြစ်မိလိုက်သည်။
          စာရေးသူ၏စကားကို ကြားလိုက်သောရသော စာရေးသူတို့ဆရာ ဆရာတော်သည် စာရေးသူဘက်ကို မျက်နှာလှည့်လိုက်ပြီး “ဘယ်ဟုတ်မလဲ ဘုန်းကြီးလေးရယ်၊ တပည့်တော်အဖေက အားလုံးပြည့်စုံနေပြီးသားပါ၊ သူ့မှာ သေဖို့တစ်ခုတည်း လိုနေတာ။ အခုတော့ သူ့မှာအားလုံးပြည့်စုံသွားပါပြီလေ၊ စိတ်မကောင်း မဖြစ်ပါနဲ့ဘုရား” တဲ့။ မိမိကြောင့် လူတစ်ဖက်သားကို အနည်းငယ်မျှပင် စိတ်မဆင်းရဲစေချင်သော ဆရာ၏အပြုမူ၊ အနေထိုင်အကြောင်းတွေကို တွေးမိတိုင်း စိတ်ထဲမှာ ကြည်နူးမိသည်။ စိတ်နှင့်ပတ်သက်သော အရားအားလုံးသည် ခံယူသူက အကောင်းဟုလက်ခံလိုက်လျှင် အကောင်းဖြစ်၍၊ အဆိုးဟုလက်ခံလိုက်လျှင် အဆိုးပင်ဖြစ်ပါသည်။
          နောက်ထပ်ကြုံတွေ့ခဲ့ရတာလေးကိုလည်း ပြောပြချင်ပါသေးသည်။ စာရေးသူ နေထိုင်ပညာသင်ကြားခဲ့ရာမြို့လေးတွင် စာရေးသူနဲ့ အတော်တန်ရင်းနှီးလှသော အသက်ရွယ်အတော်ကြီးရင့်လှပြီဖြစ်သော ဇနီးမောင်နှံနှစ်ယောက်ရှိပါသည်။ ဘ၀မှာ သက်တောင့်သက်သာ နေထိုင်စားသောက်ရသူများလည်းဖြစ်ပြီး၊ ဘာသာတရားလည်း အတော်ကို ကိုင်းရှိုင်းကြပါသည်။ သူတို့၏သားသမီး မြေးမြစ်များမှာလည်း ယဉ်ကျေးသိမ်မွေ့ကြသူများချည်း ဖြစ်ကြသည်။ သူတို့၏သတင်းကို ရှေ့မှာရော နောက်ကွယ်မှာပါ အကောင်းဖြင့်ပင်ကြားရလေ့ရှိပါသည်။
          မည်သို့ပင်ဖြစ်စေကာမူ ဘ၀သည် မွေးဖွားခြင်းဖြင့်စတင်ခဲ့ပြီး၊ သေဆုံးခြင်းဖြင့် အဆုံးသတ်ရရိုးဓမ္မတာပင် မဟုတ်ပါလား။ အဖိုးကြီးသည် လူကြီးရောဂါဖြင့်ပင် အဖွားကြီးထက်စောစွာ လောကကြီးကိုကျောင်ခိုင်းသွားခဲ့ရသည်။ အဖိုးကြီးကို နောက်ဆုံးခရီးကို ပို့ဆောင်ပေးရမည့်နေ့သည် အဖွားကြီးအတွက် အတော်ကိုစိတ်မသက်သာဖြစ်နေပုံရသည်။ ထိုနေ့တွင် နံနက်အစောကြီးကတည်းကပင် မိုးကြီးသည်းထန်စွာရွာသွန်းနေသည်။ ကံအားလျော်စွာပင် အသုဘအခမ်းနားပို့ဆောင်ရန် သုံးနာရီခန့်အလိုတွင် အရှိန်နဲ့ပြေးလာနေသောကားကို ရပ်တန့်လိုက်သလို တိကနဲရပ်သွားသည်။
          မိုးပြတ်သွားသည်နှင့်တစ်ပြိုက်နက် အဘွားကြီး၏မျက်နှာမှာ လပြည့်ဝန်းကြီးလို ရွှင်လန်းသွားပြီး “အဘိုးကြီးသေတာ ကံကောင်းလိုက်တာ၊ ငါအလှည့်ကျ အဲဒီလို ကံကောင်းပါ့မလား”လို့ မဆီမဆိုင်စကားတစ်ခွန်းကို ပြောချလိုက်ပါသည်။ သူတို့မိသားစုသည် မြို့မျက်နှာဖုံးများဖြစ်သလို၊ လူချစ်လူခင်ပေါများကြသူများလည်းဖြစ်ကြသည်။ အဘိုးကြီး၏ နောက်ဆုံးခရီးကို လူအများစုသည် မိုးရွာရွာ၊ နေပူပူလိုက်ပို့မည်ဆိုတာကို အဘွားကြီးက ကျိန်းသေသိနေသည်။ ထိုမျှများပြားလှသော လူများကို မိုးသည်းထဲမှာ ဆင်းရဲဒုက္ခခံရမှာကို အဘိုးကြီးဆုံးသွားတာထက် သောကခံစားနေရသူမှာ အဘွားကြီးပင်ဖြစ်ပါသည်။ မိုးတိတ်တာနှင့်တပြိုင်နက် အထက်ပါ မဆီမဆိုင်လို့ထင်ထားမိသော စကားများကို အားရပါးရကြီး ပြောချလိုက်ပါသည်။ အမှန်တကယ်ပင် အဆီအငေါ်တည့်လှပြီး၊ လေးနက်သောအဓိပ္ပါယ်များကို ဆောင်နေသောစကားတစ်ခွန်းသာဖြစ်သည်ဆိုတာကို စာဖတ်သူများ သတိထားမိလိမ့်မည်ဟု ယုံကြည်ပါသည်။
          ဗုဒ္ဓစာပေတွေထဲတွင် မိသားစုဝင်တစ်ယောက် လတ်တလောသေဆုံးရသော်လည်း နေ့စဉ်လုပ်ငန်းစဉ်မပျက် အစားသောက်မပျက် ၀မ်းမနည်းသည့် ပညာရှိလယ်သမားမိသာစု အကြောင်းကို ဖော်ပြပါရှိသည်။ ထိုကြောင့် သိကြားမင်းကိုယ်တိုင် အံ့သြပြီး ကိုယ်တိုင်ကျယ်ကျ စုံစမ်းခဲ့ဖူးသည့် ဥပမာရှိပေသည်။ လယ်သမားမိသားစုဝင်များအားလုံးသည် မွေးဖွားလာပြီးနောက် သေဆုံးရမည်မှာ မလွဲဟုသိထားသည်။ အသက်ရှင်နေစဉ်အတွင်းမှာ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်နေထိုင် ကူညီရိုင်းပင်းခဲ့ပြီး၊ လုပ်သင့်လုပ်ထိုက်တာတွေကို အသီးသီးလုပ်ခဲ့ကြသည်။ ထို့ကြောင့် တစ်စုံတစ်ဦးက ခွဲခွာထွက်သွား သေးဆုံးငြားလည်း ၀မ်းနည်းစရာမရှိဟု နှလုံးပိုက်ထားခဲ့ဟန်တူသည်။ အတုယူဖွယ်ကောင်းပေစွ။
          လူတို့သည် ကမ္ဘာဦးကာလကတည်းက တစ်ဦးတစ်ယောက်တည်း နေထိုင်ရှင်သန်ဖို့ထက် အတူတကွစုပေါင်းနေထိုင်ခြင်းကို ပိုပြီးနှစ်သက်သဘောကျခဲ့သည်။ ထိုကြောင့် လူဟူသောသတ္တ၀ါသည် အခြားခြားသတ္တ၀ါများထက် သက်တမ်းကြာရှည်ခြင်း၊ လွှမ်းမိုးနိုင်ခြင်း၊ စည်ပင်ပြန့်ပွားခြင့် စသော အကျိုးတရားအထွေထွေတို့ကို လက်ဝယ်ပိုင်ပိုင်ရရှိကြပေသည်။ ထိုသို့ နေထိုင်ကြခြင်းကြောင့်လည်း တစ်ဦးအပေါ်တစ်ဦးက အပြန်အလှန် ကူညီစောင့်ရှောက်ခြင်း၊ အားပေးကူညီခြင်း၊ လုပ်သင့်လုပ်ထိုက်သော တာဝန်နှင့်ဝတ္တရားများကိုလည်း နှစ်ဦးနှစ်ဖက် ကျေပွန်ခြင်း စသည်စသည့် လူ့ဂုဏ်အရည်သွေးများဖြင့် ပြည့်စုံနေခဲ့မည်ဆိုပါလျှင် ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော (ချစ်ခင်သူတို့နှင့် ကွေကွင်းရသည့်ဒုက္ခ)၊ အပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော (မချစ်မနှစ်သက်သူတို့နှင့် ပေါင်းသင်းနေထိုင်ရသည့်ဒုက္ခ) စသည်တို့မှ ခံနိုင်ရည်ရှိလာမည်ဖြစ်သည်။
လောကဓမ္မတာအတိုင်း မိမိတို့နှင့် ဆက်ဆံပတ်သက်ဖူးသူများ သေကွဲရှင်ကွဲတစ်မျိုးမျိုးဖြင့် ခွဲခွာသွားသောအချိန်တွင် မိမိတို့သည် သက်ဆိုင်ရာတာဝန်အသီးသီးကို ကျေပွန်အောင် ဆောင်ရွက်လုပ်ကိုင်ပေးခဲ့သောကြောင့် နောင်တတစ်ဖန်ပူပန်နေစရာ၊ သောကဖြစ်စရာမလိုတော့ပေ။ ထိုကြောင့် အသိနှင့်အကျင့် တစ်ထပ်တည်းကျပါစေဟု ဆန္ဒပြုလိုက်ရပေသည်။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ(ပေရာဒေနိယတက္ကသိုလ်)


April 22, 2011

0 comments:

Post a Comment