အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, May 6, 2011

သာသနာ ၂၆၀၀ (အပိုင်း-၂)

သာသနာ ၂၆၀၀

              ထိုကြောင့် ၀ိနည်းပိဋကတ်တော်မှာ ကြည့်လိုက်လျှင် ဘုရားရှင်က စည်းကမ်းများပြားလှသော သာသနာတော်အတွင်းဝယ် ရဟန်းသာမဏေဘ၀ဖြင့် ချမ်းသာစွာနေစေလိုသည်ဖြစ်၍ လိုက်လျောချက်များစွာကို တွေ့နိုင်ပါသည်။ ထိုသို့လိုက်လျောခြင်း၏ အဓိကအချက်သည် သာသနာအရှည်တည်ဖို့ ရည်သန်သည်ဟု သဘောကျမိပါသည်။ ဥပမာအားဖြင့် ၀ိနည်းအနိယတအခန်းတွင် ပြဆိုထားချက်များကိုကြည့်ပါ။ ရဟန်းတော်တစ်ပါးသည် အပြစ်အကြီးဆုံးစည်းကမ်း (ပါရာဇိက)တစ်ခုကို လွန်ကျူးမိသည် ဆိုပါစို့။ မည်မျှပင် ထင်ရှားနေစေကာမူ ပြစ်မှုကိုကျူးလွန်သူကိုယ်တိုင်က ၀န်မခံလျှင်၊ သို့တည်းမဟုတ် ခိုင်လုံသော မျက်မြင်သက်သေမရှိလျှင် ၄င်းကိုဆုံးဖြတ်ခွင့်မရှိချေ။ ထိုခိုင်လုံသော မျက်မြင်သက်သေဆိုသည်မှာလည်း အနည်းဆုံးသောတာပန်ဖြစ်ရမည်ဟု ဆိုထားလေသည်။
          မည်သို့ပင်ဖြစ်စေ ရဟန်းတော်များ အနေဖြင့်လည်း ၀ိနည်းတော်နှင့်ပတ်သက်လာလျှင်  ကိုယ့်ဘက်ကနေ မြင်တတ်ကျင့်တတ်ဖို့လို၏။ လူတွေအမြင်ဖြင့် မနေထိုင်ရဟု အောက်ပါဆောင်ပုဒ်လင်္ကာကို ကိုးကားပြီး ဆရာတော်ကြီးတစ်ပါး မိန့်ကြားတော်မူသည်ကို မှတ်သားရဘူးပါသည်။ “၀ိနည်းကျင့်ဝတ်၊ တပါးတတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏။” “၀ိနည်းကျင့်ဝတ်၊ တပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ ထိုက်၏။” ဆိုလိုသည်မှာ လင်္ကာပထမပိုဒ်သည် လူဝတ်ကြောင်တို့မြင်ရမှာဖြစ်ပြီး၊ ဒုတိယအပိုဒ်မှာ ရဟန်းတော်များ ကိုယ့်ကိုယ်ကိုယ်မြင်ရမည့်အပိုဒ် ဖြစ်ပါသည်။ သတိထားဖွယ်တစ်ခုပင်။
          အမှန်မှာ ဘုရားရှင်၏အဆုံးမများသည် လူအမျိုးမျိုးတို့ နားလည်သိမြင်စေဖို့ရာအတွက် နည်းအမျိုးမျိုးဖြင့် ဟောကြားထားသည်ဖြစ်သောကြောင့် များပြားနေရခြင်းဖြစ်ဟန်တူသည်။ အနှစ်ချုပ်လိုက်လျှင်မူ သစ္စာ ၄-ပါး၊ မဂ္ဂင် ၈-ပါး တို့ကိုသာ ဦးတည်ချက်ထားသော ဟောကြားချက်များ ဖြစ်ပေသည်။
          ဓမ္မဂါထာတစ်ခုတွင်-
သဗ္ဗ ပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။ (ဓမ္မပဒ-၁၈၃)
၎င်းဂါထာကို ရှေးဆရာတော်ကြီးများ အလွယ်တကူဖြင့် မှတ်သားနိုင်အောင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊ ပွင့်ပြီးသမျှမြတ်ဗုဒ္ဓ၊ ဆုံးမပါတဲ့ ဤသုံးပါး”ဟု လင်္ကာစီခဲ့ကြသည်။  
          အဆိုပါ ဂါထာသည် မြတ်စွာဘုရားအဆုံးမ,ဖြစ်သော ပိဋကတ်သုံးပုံလုံးကို အကျဉ်းချုံးထားသည်ဟု ဆိုကရပါသည်။ “မကောင်းမှုရှောင်ဆိုသည်မှာ စည်းကမ်းနည်းလမ်းဖြစ်သော ၀ိနည်းပိဋကတ်တော်ကို ဆိုလိုပါသည်။ ကောင်းမှုဆောင်ဆိုသည်မှာ အကျိုးအပြစ်ဆို့ကို ပြဆိုသော သုတ္တန်ပိဋကတ်ကိုရည်ညွန်းပြီး၊ စိတ်ကိုဖြူအောင်ထားဆိုသည်မှာ သိမ်မွေ့နက်နဲလှသော အဘိဓမ္မာပိဋကတ်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။”
          ဗုဒ္ဓရှင်တော်၏ အဆုံးမ (သာသနာ)သည် ထိုအကျဉ်းမျှနှင့် ဆောင်နိုင်နားလည်နိုင်သကဲ့သို့ အကျယ်ချဲ့မှ နားလည်နိုင်သူတို့အတွက် နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀-တို့ဖြင့်လည်း သိမှတ်နားလည်နိုင်ပါသည်။ ဆားတစ်ပွင့်၏အရသာသည် ပင်လယ်သမုဒ္ဒရာ၏ အရသာကို သိစေနိုင်သကဲ့သို့ ထိုအတူ ဓမ္မဆိုသော စကားတစ်လုံးသည်လည်း သာသနာတော်တစ်ခုလုံး၏ အဓိပ္ပါယ်ကိုဆောင်လေသည်။
          ထိုအဆုံးမများကို ဆုံးမတော်မူခဲ့သော ဗုဒ္ဓဘုရားရှင်သည် ခရစ်တော်မပေါ်မှီ ၆-ရာစုခန့်က ပေါ်ထွန်းခဲ့သည်။ သာသနာတော်နှစ်အားဖြင့် ပြောရပါမူ နှစ်ပေါင်း ၂၅၅၄-တိုင်ခဲ့ပေပြီ။ သို့ရာတွင် သဗ္ဗညုတဥာဏ်တော်ကိုရပြီး ဘုရားဖြစ်တော်မူသည့်နေ့မှ စတင်ရေတွက်ပါလျှင်မူ နှစ်ပေါင်း ၂၆၀၀-မှတ်တိုင်ကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ၂၅၅၄-ဆိုသည်မှာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်မှ စတင်ရေတွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သက္ကရာဇ်နှစ်ကြိမ်ဖြိုခဲ့ရာ သရေခေတ္တရာပြည် သမုန္ဒရီမင်းလက်ထက် (၆၂၄ခု)နှင့် ပုဂံပြည် ပုပ္ပါးစောရဟန်းမင်လက်ထက် (၅၆၂-ခု) တို့တွင်ဖြစ်သည်။ သမုန္ဒရီမင်းလက်ထက်နှင့် ပုပ္ပါးစောရဟန်းမင်းလက်ထက် သက္ကရာဇ်ဖြိုရာတွင် နှစ်ကြိမ်လုံးတွင် ၂-နှစ်ကနေသာ စတင်ရေတွက်ခဲ့လေသည်။ ထိုကြောင့် သက္ကရာဇ်ဖြိုရာနှစ်များကို နှစ်နှစ်စီလျော့ကာ (၆၂၂+၅၆၀) ပေါင်း၍ရသော ၁၁၈၂-ခုနှင့် ယခုရောက်ဆဲဖြစ်သော မြန်မာသက္ကရာဇ်တို့ကို ပေါင်းလိုက်လျှင် သာသနာတော်နှစ်ကိုရပါသည်။ 
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

April 23, 2011

0 comments:

Post a Comment