အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, April 29, 2011

သိစမ်းပါစေချင်


“သိစမ်းပါစေချင်”
          “မခေါ်ချင်လို့ရသည်၊ မတော်ချင်လို့မရ”ဟူသော မြန်မာစကားသည် အတော်ကို တာသွားလှသည်။ စိတ်မှာအခန့်မသင့်သောအခါ မည်သူ့ကိုမဆို မခေါ်မပြောပဲ နေကောင်းနေနိုင်ပါသည်။ သို့ရာတွင် မိမိကို မွေးလိုက်သော မိဘနှစ်ပါးကို ဆင်းရဲသည့်အတွက် မိဘမတော်ချင်လို့မရပါ။ မိဘနှစ်ပါးသည် ဆင်းရဲကောင်းလည်း ဆင်းရဲနေလိမ့်မည်။ အမျိုးဇာတ်အားဖြင့်လည်း နိမ့်ကျကောင်း နိမ့်ကျပေလိမ့်မည်။ ဖြူဖြူမဲမဲ၊ ဆင်းရဲချမ်းသာ မည်သည့်အနေထားတွင် ရှိနေစေကာမူ မိဘသည် မိဘသာလျှင်ဖြစ်သည်။
          ဥပမာအားဖြင့်ပြောရလျှင် မစင်အညစ်ကြေးထွက်ရာအရပ်ဖြစ်သော်လည်း မိမိ၏တင်ပါးကို ဖြတ်ပစ်၍မရစကောင်းပေ။ ထိုအတူသာလျှင် လူဆိုးဖြစ်နေသောကြောင့် မိဘကို မိဘမတော်ချင်၍မရပေ။ မရှိဆင်းရဲသောကြောင့် ဆွေမျိုးသားချင်းကို ဆွေမျိုးမတော်ချင်၍လည်း မရပေ။
***********
          အခမ်းအနားတစ်ခုတွင်ဖြစ်ပါသည်။ စာရေးသူ၏ဘေးတွင် စင်္ဟာလရဟန်းတော်တစ်ပါး လာထိုင်သည်။ အပြန်အလှန်မိတ်ဖွဲ့ကြပြီး စကားဝိုင်းလေးတစ်ခုကို ဖန်တီးဖြစ်ခဲ့သည်။ လိုက်လျောညီထွေဖြစ်မည့်အကြောင်းလေးများ ပြောကြားခဲ့ကြပြီးနောက် အတန်ငယ်ရင်းနှီးလာပြီး အပြင်ပအကြောင်းရာတွေကိုပါ ပြောဖြစ်ခဲ့ကြသည်။
          အလျဉ်းသင့်ရာကို ပြောဆိုနေကြရင်း အဆိုပါရဟန်းတော်ကပင် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံဖြစ်ကြောင်း၊ ဖွင့်ဖြိုးတိုးတက်မှုအားအကောင်းဆုံး နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း သူ၏ရှုထောင့်အမြင်များကို ခိုင်ခိုင်လုံလုံကိုးကားပြီး ပြောလေ၏။ စာရေးသူကလည်း မိမိအမြင်ရပြောရရင် တရုတ်ထက် အမေရိကန်နိုင်ငံကသာလွန်ကြောင်းကို မိမိအမြင်ဖြင့် ပြန်လည်ပြောဖြစ်လေသည်။
          ထိုနောက် သာမန်စကားဝိုင်းလေးကနေ စကားရည်လုပွဲ {Debate} ဆန်ဆန်လေးဖြစ်လာခဲ့သည်။ သာမန်လူတို့၏ထုံးစံအတိုင်း “ငါ့စကားနွားရ” သဘောမျိုး ကိုယ်အယူဆကို မှန်ကန်ကြောင်း အပြင်းအထန်ကြီးမဟုတ်ပေမဲ့ အတော်ကလေးတော့ ပြောခဲ့ကြသည်။ ငယ်စဉ်က ဖတ်ခဲ့ဖူးသော မိလိန္ဒပဥှ-စာအုပ်ထဲက မိလိန္ဒမင်းနှင့် ရှင်နာဂသေန ဗုဒ္ဓ၀ါဒဆိုင်ရာ ပြဿနာများ မဆွေးနွေးကြမှီ ရှင်နာဂသေနမိန့်ကြားခဲ့သော စကားနိဒါန်းလေးကို အမှတ်ရမိသည်။ ဆွေးနွေးတိုင်ပင်ခြင်း အမျိုးမျိုးရှိရာတွင် ပညာရှိတို့၏သဘောအတိုင်း ဆွေးနွေးမည်ဆိုပါလျှင် မိလိန္ဒမင်းနှင့် အပြန်အလှန်ဆွေးနွေးပါမည့်အကြောင်း မိန့်ခဲ့ဖူးသည်။
          ပညာရှိတို့၏ ဆွေးနွေးတိုင်ပင်ခြင်းမျိုးဆိုသည်မှာ မိမိမှားလျှင်မှားသည့်အတိုင်း၊ တစ်ဖက်သား၏ အယူဆမှန်လျှင် မှန်သည့်အတိုင်း လက္ခံတတ်ရခြင်းဖြစ်သည်။ မိမိနိုင်လျှင်ပြီးရော ငြင်းခုံနေခြင်းမျိုးကို ရှောင်ကြဉ်ရခြင်းဖြစ်သည်။ ငါ့စကားနွားရ မပြောဆိုရပေ။”
          စာရေးသူတို့ကတော့မူ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုတာကို တိတိကျကျ သက်သေထောက်ပြစရာ ဗဟုဿုတမပြည့်စုံကြသောကြောင့် အပြန်အလှန်ပင် မိမိတို့၏ ဖြစ်နိုင်ခြေရှိသည်ဟုယူဆရသော အရာများကို ပြောဆိုဆွေးနွေးကြပါသည်။ သို့ရာတွင် ယဉ်ယဉ်ကျေးကျေးပင် မိတ်ဖြစ်ဆွေဖြစ် ပြောဆိုကြခြင်းတော့ဖြစ်ပါသည်။
          နောက်ဆုံးတွင်မူ အဆိုပါ စင်္ဟာလရဟန်းတော်က “ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတွေအာလုံးတွင် ဘယ်နိုင်ငံကို သဘောအကျဆုံးလဲ”ဟု စာရေးသူကိုမေးပါသည်။ စာရေးသကလည်း “အမှန်တိုင်းပြောရမယ်ဆိုယင် ငါ့ရဲ့မိခင်နိုင်ငံကို သဘောအကျဆုံးပဲ”ဟု ပြန်ပြောခဲ့လေသည်။ ဘယ်နိုင်ငံတွေဘယ်လောက်တိုးတက်နေပါစေ ငါကတော့ ငါ့နိုင်ငံကိုပဲ အနှစ်သက်ဆုံးပါပဲဆိုသော စာရေးသူ၏စကားကိုကြားရသောအခါ အဆိုပါရဟန်းတော်က ဒီကိစ္စမှန်တယ်ဆိုတာကိုတော့ ငါရိုးရိုးသားသားကို ထောက်ခံပါတယ်ဟုပြောခဲ့ပါသည်။
*******************
          စာရေးသူတို့အနေဖြင့် မိမိတို့မွေးဖွားရာ ဇာတိကိုအကြောင်းပြုပြီး ဂုဏ်ငယ်စရာမရှိသလို၊ သိမ်ငယ်နေစရာလည်းမလိုပါ။ အကြောင်းမှာ မိမိတို့အနေဖြင့် “ငါတို့က ဒီနိုင်ငံကကွ”လို့ အတိကျပြောစရာ နိုင်ငံရှိသည်။ “ငါတို့က.. ဒီလူမျိုးကွ”ဟု အမျိုးဇာတ်လည်း ခိုင်ခိုင်မာမာရှိသည်။ ဤသို့ဆိုလျှင် မိမိနိုင်ငံနှင့် မိမိလူမျိုး မှန်မှန်ကန်ကန်ရှိနေသည့်အတွက် အများတကာအလယ်မှာ မျက်နှာငယ်နေစရာမလိုသကဲ့သို့ သိမ်ငယ်နေဖို့လည်းမလိုပါ။ မိမိနိုင်ငံက စီးပွားရေးအရသော်၎င်း၊ အခြားအကြောင်း တစ်ခုခုကြောင့်သော်၎င်း သိမ်ငယ်သည်ဟုခံစားနေရပြီး “ငါက..ဒီလူမျိုးမဟုတ်၊ ဒီနိုင်ငံက မဟုတ်”ဟု ပြောမည်ဆိုလျှင်တော့ ဒေါင်းယောင်ဆောင်သောကျီးသာ ဖြစ်ပေလိမ့်မည်။
          တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးကောင်းစားရေးသည် အဆိုပါနိုင်ငံသားတိုင်း၊ သက်ဆိုင်ရာလူမျိုးတိုင်းနှင့် အဓိကအားဖြင့်သက်ဆိုင်နေပါသည်။ ပတ္တမြားသည် မိမိထွက်ခဲ့ရာအရပ်ကို မည်သည့်အကြောင်းကြောင့်မျှ ဂုဏ်မပျက်စေခဲ့ပါ။ သက်မဲ့အရာဝတ္ထုတွေပင်လျှင် မိမိမွေးဖွားလာရာအရပ်ကို ဂုဏ်တင့်စေလျှင် စာရေးသူတို့ သက်ရှိများအနေဖြင့် မိမိနိုင်ငံ၊ လူမျိုးအတွက် ဂုဏ်တင့်စေဖို့အတွက် မလုပ်စကောင်းရာပါလော?
          ထိုသို့လုပ်ရာတွင်လည်း ငါက ဒါလုပ်လို့ တစ်ခြားသူများလည်း ငါ့လိုလုပ်ရမည်ဟု မဆိုသင့်ပါ။ မိမိဆိုင်ရာနယ်ပယ်ကနေ မိမိကျွမ်းကျင်သည့်အလုပ်ဖြင့် “အုတ်တစ်ချပ်၊ သဲတစ်ပွင့်”ဖြည့်မည်ဆိုလျှင်ပင် အတော်ခရီးပေါက်ပေမည်။ ငါတို့ဘိုးဘွားတွေသည် သူတို့စွမ်းနိုင်သလောက် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခဲ့သည်။ ဘိုးဘွားတွေ၏ ကျေးဇူးကြောင့် ကမ္ဘာအလယ်မှာ “ငါဟာ မြန်မာကွ”ရယ်လို့ ထောက်ပြစရာ၊ ခိုင်ခိုင်လုံလုံပြောပြစရာ လူမျိုးရှိနေသကဲ့သို့ နိုင်ငံလည်းရှိနေပါသည်။
          အခြေနေတစ်ရပ်ရပ်ကြောင့် “ငါက..ဒီလူမျိုးမဟုတ်ပါ”ဟု စသဖြင့်ပြောခဲ့လျှင် ဘိုးဘွားမျက်နှာတွေကို မထောက်သလို သမိုင်းကိုလည်း ဖောက်ရာရောက်ပါသည်။ သို့ဆိုလျှင် မျိုးဆက်သစ်တွေကိုပေးမည့် မိမိတို့၏အမွေသည် စစ်မှန်တော့မည်မဟုတ်ပေ။ တာဝန်မဲ့တတ်သော ဆိုးမွေများကိုသာ မျိုးဆက်သစ်တို့ လက်ခံခဲ့ရမည်ဆိုပါလျှင် “အမိမဲ့သား ရေနည်းငါး”ပမာ ဖြစ်ဖို့သာရှိတော့သည်။ ဒေါင်းယောင်ဆောင်သောကျီးလိုလည်း စိုးတထိတ်ထိတ်နဲ့ လောကအလယ်မှာရှင်သန်ရပေလိမ့်မည်။ ခြင်္သေ့အရေကိုခြုံထားရုံမျှနှင့် ခွေးသည် ခြင်္သေ့ဖြစ်မလာနိုင်သည်ကို သတိပြုဆင်ခြင်ရာသည်။
          မှန်ပါသည်။ သိင်္ဂါလောဝါဒသုတ်တွင် မြတ်စွာဘုရားက လူသားတစ်ယောက်ဖြစ်လာလျှင် ထမ်းဆောင်ရမည့် တာဝန်နှင့်ဝတ္တရားများကို အကျယ်တ၀င့်ဟောကြားထားသည်။ ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ လုပ်ငန်းရှင်နှင့်အလုပ်သမား၊ ရဟန်းတော်နှင့် ဒကာ-ဒကာမ၊ မိတ်ဆွေအချင်းချင်း၊ လင်နှင့်မယား စသည်စသည်ဖြင့် အပြန်အလှန် စောင့်ထိမ်းလိုက်နာစရာ ရှောင်ကြဉ်စရာတွေကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-လောက်ကပင် မိန့်တော်မူခဲ့ပြီးဖြစ်သည်။ အဆိုပါလမ်းညွှန်ချက်များသည် လောကကောင်းစားရေးသာမက၊ တာဝန်ကိုယ်စီရှိသည်ကိုသိစေပြီး သိသည့်အတိုင်း ကျင့်သုံးလိုက်နာဖို့ရန်အတွက်လည်း လမ်းညွှန်ကောင်းများဖြစ်ပေသည်။ တစ်ကိုယ်ရေ တာဝန်သိ ၀တ္တရားကျေသည်မှစတင်ကာ နိုင်ငံနှင့်လူမျိုး၊ ဘာသာ၊သာသနာအတွက်လည်း တာဝန်တွေကိုသိလာ ကျင့်လာနိုင်ပေလိမ့်မည်။
          အချုပ်အားဖြင့်ဆိုရသော် မိမိအမျိုးဘာသာ သာသနာတိုးတက်ရေးအတွက် မိမိတို့အားလုံးမှာ တာဝန်ကိုယ်စီရှိပါသည်။ အခြားသူများတာဝန်ပျက်ကွက်နေတာကို ပြောဆိုဖို့ရန် စောင့်ကြည့်နေလျှင် မိမိတာဝန်လည်း လစ်ဟင်းသွားမည်သာဖြစ်သည်။ လူရယ်လို့ဖြစ်လာသည်နှင့်တပြိုင်နက် လူတိုင်းသည် တာဝန်နှင့် ၀တ္တရားတွေကို သယ်ဆောင်လာခဲ့ကြပြီးဖြစ်ပါသည်။ ကျောင်းသားသည် ကျောင်းသားစင်စစ်လို ပြုမူခြင်းအာဖြင့် တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ တာဝန်ကိုကျေပွန်သော အဆိုပါကျောင်းသားသည် ၀တ္တရားတွေကိုလုပ်ဆောင်ဖို့ရာ ပျက်ကွက်တော့မည်မဟုတ်ပေ။
          အထက်ပါနည်းအားဖြင့် “ဆရာဝန်သည် ဆရာဝန်ပီပီပြင်ဖြစ်၍၊ စာရေးဆရာသည်လည်း စာရေးဆရာပီဘိဖြစ်လာလျှင်၊ လယ်သမားသည်လည်း လယ်သမားစစ်ဖြစ်လျှင်………..” စသည်စသည့်ဖြင့် ဖြစ်လာကြပြီဆိုရင်ဖြင့် နိုင်ငံနဲ့လူမျိုး ခိုင်ခိုင်မာမာ ရှိနေကြသောမိမိတို့အဖို့ စစ်မှန်သောပတ္တမြားသဖွယ်ပင် မဟုတ်ပါလော? မိမိတို့၏ ဇာတိမြေသည်လည်း  “စိန်နားကပ်အရောင်ကြောင့် ပါးပြောင်နိုင်သည်” မဟုတ်ပါလော? စိန်နားကပ်သည် ပါးကိုမျှမပြောင်စေနိုင်လျှင် ဖန်သားအဆင့်သာရှိမည်ဖြစ်ပြီး၊  ပတ္တမြားသည်လည်း မိမိကိုယ်တိုင်ကမှ မစစ်မှန်လျှင် မိမိ၏ပေါက်ဖွားရာမြေကို ဘယ်နည်းဖြင့် အဖိုးအနဂ္ဃထိုက်စေနိုင်ပါမည်နည်း။ မိမိတို့သည် “မွေးဖွားလာစဉ်ကတည်းကပင် တာဝန်နှင့် ၀တ္တရားတွေကို သယ်ဆောင်လာခဲ့ကြသူများချည်း ဖြစ်ကြသည်”ဟု ဆိုပါလျှင်……..။         ။
                                                            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
         

0 comments:

Post a Comment