အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, April 25, 2011

စနစ်တကျမှား


စနစ်တကျမှား

          လူမှန်ရင် အမှားမကင်းတတ်ကြပေ။ ထိုကြောင့်ပင် “မမှားသောရှေ့နေ မသေသောဆေးသမား” လို့ ဆိုရိုးစကားပေါ်ခဲ့ဟန်တူသည်။ ရှေ့နေဆိုသည်မှာလည်း လူသားတစ်ယောက်ပင် မဟုတ်ပါလား။ အင်္ဂလိပ်စာမှာတော့ “Man is subject to err. လူဆိုတာ မှားတတ်တတ်တဲ့အမျိုးပဲ”တဲ့။ အမှားပင်ဖြစ်သော်လည်း ပြင်လိုရသောအမှားနှင့် ပြင်သော်လည်း ပြန်မကောင်းနိုင်သောအမှားဟု ခွဲခြားပြောချင်ပါသည်။
          တစ်ချို့အမှားများသည် ပြင်ဆင်ဖို့ရာအတွက် အချိန်မရတော့ပေ။ ဥပမာအားဖြင့် ဇာတ်တော်များတွင် တွေ့ရလေ့ရှိသော ဒေ၀ဒတ်၏အမှားမျိုးတို့ဖြစ်သည်။ ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀တွင် ပြင်မရနိုင်သော အမှားတစ်ခုကိုကျူးလွန်ခဲ့သည်။ တစ်သိန်းတန်ရွှေခွက်ကို သူက ပဲဝက်မျှပင် မပေးလိုပဲ အလကားလိုချင်ခဲ့သည်။ ဤအချက်က ပညာ၏ရှုထောင့်တစ်ခုကို မီးမောင်းထိုးပြခဲ့သော အစောပိုင်းလူနေမှုဘ၀ပုံရိပ် တစ်စိတ်တစ်ဒေသကိုလည်း ထင်ဟပ်စေပါသည်။
          ဒေ၀ဒတ်လောင်းရွဲကုန်သည်သည် ရွှေနှင့်ပတ်သက်သောပညာကို ကောင်းကောင်းတတ်သည်။ ထိုကြောင့်ပင် အထည်ကြီးပျက်မြေးအဘွားတို့ တောက်တိုမယ်ရ အသုံးပြုနေသောခွက်ဟောင်းကို မြင်လိုက်တာနဲ့တင် ရွှေဖြစ်နိုင်သည်ဟု သံသယရှိခဲ့သည်။ ထိုနောက် ထပ်မံစမ်းသပ်ကြည့်ရာတွင်မူ လုံးဝရွှေသားအစစ်ဖြစ်ကြောင်း ခိုင်လုံသွားသည်။
          ပြဿနာကတော့ တန်ရာတန်ဖိုးကိုမပေးလိုခြင်းပင်ဖြစ်သည်။ လူ့သဘာဝအတိုင်း သိသည့်အတိုင်း မကျင့်နိုင်သည့်စရိုက်ကိုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် ရသင့်ရထိုက်သော ရွှေခွက်ကိုဆုံးရှုံးလိုက်ရသည်။ ထိုမျှမက သောကနှိပ်စက်ခြင်းကို သေစေသည်အထိ ခံစားခဲ့ရသည်။ ထိုကြောင့် ကိုယ်ကျင့်တရားမပါသော ပညာတတ်၏အဖြစ်မှာ ဆားမပါသောဟင်းပမာဖြစ်လေသည်။ ယနေ့ပညာတတ်ဟု ခံယူထားကြသူတို့သည် ကမ္ဘာလောကကြီးကို ပြောင်းဆန်အောင်ကိုင်လှုပ်နေကြသည်။ ဤနေရာတွင်မူ အသိနှင့်အကျင့်သည် မှားယွင်းစွာပင် ထပ်တူကြနေပြန်သောကြောင့် ဆိုးကျိုးများထွက်ပေါ်လာရပြန်ပါသည်။
          ထိုကြောင့်ပင် မင်္ဂလသုတ်တွင် ဗဟုသစ္စ- ၀ိဇ္ဇာပညာ၊ သိပ္ပဉ္စ- ခေတ်သစ်သိပ္ပံပညာ တို့ကိုတတ်မြောက်ခြင်း ကောင်း၏ ဆိုထားသည်။ သို့ရာတွင် ယင်းတို့၏နောက်ကနေ ကပ်၍ဆိုထားသော ၀ိနယောစသုသိက္ခိတ မင်္ဂလာတစ်ပါးရှိသေးသည်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းလို့ပင် အလွယ်မှတ်ယူနိုင်ပါသည်။ ထိုကြောင့် ပညာရပ်အားလုံးကို ကိုယ်ကျင့်တရားဖြင့် ထိမ်းချုပ်ရမည်ဟု သဘောကျမိပါသည်။ သို့မဟုတ်လျှင် ပြင်လို့မရနိုင်သော အမှားများ၊ ပြင်လို့ပင်ရတန်ငြားသော်လည်း ပြင်ချိန်မရလိုက်နိုင်သော အဖြစ်များကိုသာ ကြုံတွေ့စေလိမ့်မည်မှာ မုချပင်။
          နောက်တစ်ခုမှာ အဇာတသတ်မင်းသား၏ ဖြစ်စဉ်ကို ချိန်ထိုးကြည့်နိုင်ပါသည်။ သူသည် ပြင်လို့မရနိုင်သော အဖသတ်ကံကို ကျူးလွန်ခဲ့သည်။ ကုစားရန် အချိန်ရခဲ့သော်လည်း ပြင်လိုမရနိုင်သော အမှားဖြစ်နေပြန်သည်။ ရောဂါကျွမ်းနေသော နာတာရှည်ရောဂါသည်လို ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ သူလည်း အမှားသိလို့ အမှန်ပြင်သူတို့၏ ထုံးစံအတိုင်း အထိုက်အလျှောက် ကောင်းကျိုးခံသွာရသည်များကိုလည်း ၄င်းအဇာတသတ်မင်းသားနှင့်ပတ်သက်သော ဗုဒ္ဓစာပေးများတွင်ပင် အထင်အရှားတွေ့ရပါသည်။
          သို့ဆိုပါလျှင် စနစ်ကျသော အမှားဟူသည် ဘယ်လိုများလဲဟု သိဖို့လိုလာသည်။ မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းတင်သွင်းရသော ကျောင်းသားတစ်ဦးသည် သူတင်သွင်းသောကျမ်းတွင် ပါဠိနှင့်သက်ဆိုင်သော အမှတ်သားများကိုထည့်သွင်းရာတွင် အခက်ကြုံရတော့သည်။ ပါဠိဘာသာကို ရိုမန်အက္ခရာဖြင့် အသုံးပြုရာတွင် သီးသန့်အသုံးဖြစ်သော ဗျည်းတွေ၏ အထက်ကနေသာ ထားရမည့်အမှတ်အသားများကို သူကအောက်ကနေချည်းထည့်ထားသည်။ လက်နှိပ်စက်ဖြင့်သာ လုပ်ခဲ့ရသောခေတ်ဖြစ်သည်ကတစ်ကြောင်း သူကိုယ်တိုင်ကလည်း လက်နှိပ်စက်ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သည်ကတစ်ကြောင်းတို့ကြောင်းလည်း ဖြစ်ဟန်တူသည်။
          ကျမ်းကြီးကြပ်သူ ဆရာကိုယ်တိုင်ကလည်း အစောပိုင်းကာလတွင် သတိမထားမိပေ။ နောက်ဆုံးအပြီးသတ်တင်သွင်းသောအခါတွင် အဆိုပါအမှားသည် ဘွားကနဲပေါ်လာသည်။ ထိုအခါကျမှပင် ကျောင်းသား၏အမှားကို ဆရာကထောက်ပြရတော့သည်။ ပြန်ပြင်မည်ဆိုကလည်း စာတမ်းတစ်ခုလုံးနီးပါး ပြန်ပြင်ရမည့်အခြေနေဖြစ်သည်။ ကျောင်းသားအတွက်မူ ပန်းဝင်ကာနီးမှ ခလုတ်တိုက်လဲရသည့် အခြေနေလိုဖြစ်နေသည်။ သို့ရာတွင် ဆရာက ကျောင်းသားကိုအားပေးလိုက်သည်။ “မင်းမှားတာက စနစ်ကျပါတယ်။ စာတမ်းကိုစတင်ကတည်းကနေ ပြီးတဲ့အထိ တစ်ပုံစံတည်းမှာခဲ့တာ။ ပြင်လို့လွယ်ပါတယ်တဲ့။”
          ဤသို့ဖြင့် အဆိုပါကျောင်းသားသည် မည်သည့်အတွက်ကြောင့် ဒီလိုအမှားမျိုးကို လုပ်ခဲ့ရပါကြောင်း စာတစ်ကြောင်းခန့်မျှ နိဒါန်းတွင်ဖော်ပြလိုက်ရုံဖြင့် ပြဿနာကြီးကို ကျော်လွှားနိုင်ခဲ့လေသည်။ ယင်းကျောင်းသားသည် ယခုအခါတွင် ထင်ရှားသောတက္ကသိုလ်ကြီးတစ်ခုတွင် ပါမောက္ခကြီးတစ်ယောက် ဖြစ်နေသည်သာမက ယင်းတက္ကသိုလ်၏ ဌာနတစ်ခုတွင် အောင်မြင်သောဒါရိုက်တာကြီးတစ်ယောက်အဖြစ် ဒုတိယသက်တမ်းကို ထမ်းဆောင်နေဆဲဖြစ်သည်။ မှားပင်မှားခဲ့သော်လည်း စနစ်တကျမှားခဲ့သောကြောင့် ပြင်ဆင်ရတာလွယ်ကူသည်ဟု အဆိုပါဆရာကြီးက အခွင့်ကြုံတိုင်းပြောလေ့ရှိပါသည်။
          နောက်ထင်ရှားသော အဖြစ်တစ်ခုမှာ အဂုင်္လိမာလဖြစ်သည်။ နာမည်ကို ကြားရုံနဲ့ပင် လည်ပင်းမှာ လက်ညိုးတွေကို ပန်းလိုသီကုံးထားပြီး ၀တ်ဆင်ထားသူတစ်ယောက်ကို တန်းနေအောင် မြင်ပြီးသားဖြစ်တော့သည်။ စနစ်ကျကျမှားခဲ့သော သူသည်လည်း သူ၏ဘ၀အစိတ်ပိုင်း နှစ်ခုလုံးတွင် ထင်ရှားခဲ့သည်။
          အင်္ဂုလိမာလမဖြစ်ခင် သူ၏အစောပိုင်းကာလများသည် ပန်းခန်းသောလမ်းမှာ လျှောက်ခဲ့ရသည်။ အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာခဲ့ပြီး ကိုယ်တိုင်ကလည်းစာတော်သော ဆရာချစ်ကျောင်းသားတစ်ယောက်အဖြစ် မျက်နှာပွင့်ခဲ့သည်။ ဘ၀၏ မျက်နှာသာပေးမှုများသည် သူအတွက်အန္တရာယ်တစ်ခုကို သယ်ဆောင်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် တွေးခဲ့မိဟန်မတူပေ။
            ကြမ္မာဆိုးသည် ကံကောင်းချင်ယောင်ဆောင်လာသည်ကို သူသဘောပေါက်ဖို့ရန်အချိန်ကား ကျရောက်လာလေပြီ။ ကျောင်းသားများသည် ဆရာကြီးထံကို နည်းအမျိုးမျိုးဖြင့် သူ့အားချောက်တွန်းကြသည်။ အစောပိုင်တွင် ဆရာကြီးသည်ယုံကြည်မှုမရှိပေ။ သို့ရာတွင် ကျောက်ဆောင်များတောင်မှ တွန်းတိုက်ပါများရင် ယိုင်နဲ့လာတတ်သည်မဟုတ်လား။ ဆရာကြီးက ဘာသားနဲ့ထုထားတာမို့လဲ။ ဆရာကတော်နှင့် ဖောက်ပြန်နေကြာင်းကို လံကြုပ်လိုက်သောအခါတွင်မူ ကျောက်ဆောင်ကြီးကားပြိုလဲသွားလေပြီ။
          အရပ်ရပ်တွင်ကျော်ကြားနေသောဆရာကြီးသည် ပညာရှိနည်းဖြင့် တပည့်ဖြစ်သူကို ပထုတ်လိုက်သည်။ ပညာသင်အဖိုးအခအနေဖြင့် လက်ညိုးတစ်ထောင်ဖြင့် ပူဇော်ပသနိုင်လျှင် ပညာရပ်တွေကို ဆုံးခန်းတိုင်မြောက် သင်ကြားပေးမည်ဟူသတည်း။ သူ့စရိတ်နှင့်သူ ငြိမ်းသွားအောင် ဂန္ထ၀င်မြောက်စွာ ကြံစီလိုက်သော ဆရာကြီး၏လှည့်ကွက်အောက်တွင် ရိုးသားသော အဟိံသကဆိုသော ကျောင်းသားဘ၀ကနေ အင်္ဂုလိမာလလဆိုသော နာမည်ကျော်လူဆိုးဘ၀ကို နေ့ချင်းညချင်းပင် ရောက်ရှိသွားသည်။ အင်တာနက်ခေတ်မဟုတ်သော်လည်း လူ့သတင်းကို လူချင်းဆောင်ရာတွင် မကောင်းသတင်းသည် ကောင်းသတင်းထက် လွယ်လင့်တကူပျံ့နှံ့ကာ အုတ်အော်သောင်းနင်းဖြစ်တတ်ရိုးပင်။
          မိုးထိပျံနေအောင်တော်သော လူတော်တစ်ယောက်ပင်ဖြစ်စေကာမူ မိမိကိုယ်ကိုယ် စောင့်ထိမ်းနိုင်မှု ကင်းသွားလျှင် ပျက်စီးကိန်းကြုံရမည်သာဖြစ်လေသည်။ ယင်းကို အတ္တသမ္မာပဏိဓိ-ဟု မင်္ဂလာတရားတော်မှာ တွေ့နိုင်လေသည်။ ဥပမာအားဖြင့် အဇာတသတ်မင်းကိုကြည့်ရမည်ဖြစ်သည်။ အရာအားလုံး ပြည့်စုံခဲ့သော်လည်း မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့သောကြောင့် မဟာအမှားကြီးကို ကျူးလွန်ခဲ့ရသည်။ ယနေ့ကမ္ဘာတွင် လူတော်တွေ လူချော်များဖြစ်သွားကြသည်ကို မကြာခဏပင် ကြားမြင်တွေ့နေရသည်။ နယ်ပယ်အသီးသီးတွင် အောင်မြင်ကျော်ကြားနေသူများ နေ့မြင်ညပျောက်ဆိုသလိုဖြစ်နေရသည်။
          အင်္ဂုလိမာလ၏ နောက်ဆုံးအခြေနေကိုကြည့်ရပါမူ မိခင်ကိုပင်မမြင်တော့ပဲ လက်ညိုးကိုသာ မြင်တော့သည့်အဖြစ်သို့ရောက်ရှိသွားသည်။ မိခင်ကိုသတ် လက်ညိုးဖြတ်ရန်ကြံနေသော အင်္ဂုလိမာလရှေ့တွင် ဗုဒ္ဓရှင်တော်သည် ထီးထီးမားမားကြီးပေါ်လာခဲ့သည်။ အာရုံပြောင်းသွားသောအင်္ဂုလိမာလသည် ဘုရားကိုသတ်ရန် အားကုန်သုံးတော့သည်။ နောက်ဆုံးလိုအပ်နေသော လက်ညိုးတစ်ချောင်းပင် မဟုတ်ပါလား။
          အားသွန်ခွန်စိုက်ပြေးလိုက်လျှက်ရှိသော အင်္ဂုလိမာလသည် ဗုဒ္ဓရှင်တော်ကို အမှီလိုက်ရန်မူ မတတ်နိုင်တော့ချေ။ ထိုအခါသူသည် နည်းပရိယာယ်ကိုပြောင်းကာ ဗုဒ္ဓရှင်တော်ကို ရပ်ရန်အမိန့်ပေးတော့သည်။ ဘုရားရှင်က သူရပ်နေကြာင်းပြန်ပြောသောအခါတွင်မူ အင်္ဂုလိမာလအတွက် စဉ်းသားစရာဖြစ်လာခဲ့ချေပြီ။ ရှေးအခါများတွင် ဤမျှပင်ပမ်းအောင်မလိုက်ရပဲ လက်ညိုးများကို အလွယ်တကူချည်းသာရခဲ့သည်။
          ယခု ချွေးသီးချွေးပေါက်ကျအောင် လိုက်နေရသောသူက “ငါရပ်နေတယ်၊သင်သာပြေးနေတာ”ဟုပြောလှာသည်။ အခြားတစ်ချက်မှာလည်း ရဟန်းတော်များသည် မုသားပြောလေ့မရှိသည်ကိုလည်း သူကောင်းကောင်းကြီး သိထားသည်။ သူ၏ရှုပ်ထွေးနေသောပြဿနာကို ဗုဒ္ဓရှင်တော်က ပြန်လည်ဖြေကြားခဲ့သည်။ သူသည် မကောင်းမှုမှန်သမျှကို မလုပ်တော့၍ သံသရာကျင်လည်ရန်မလိုတော့သော ရပ်နေသူဖြစ်ကြောင်း သို့ရာတွင် အင်္ဂုလိမာလမှာမူ အကုသိုလ်များကို ပြုလုပ်နေသူဖြစ်၍ သံသရာတွင်မရပ်မနား ပြေးလွှားနေသူဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
          အချုပ်ဆိုရသော် အင်္ဂလိမာလသည် ပျက်အစဉ် ပြင်ခဏဆိုသော လမ်းစဉ်ကိုလိုက်သွားခဲ့သည်။ လူဆိုးကြီးဘ၀ကနေ သူတော်ကောင်းဘ၀ကို ရောက်ရှိသွားခဲ့သည်။ သူသည် လူများစွာကို သတ်ခဲ့သည်ဟုပင် ဆိုစေဦးတော့ အဆိုးကနေအကောင်း၊ အမဲကနေ အဖြူကိုပြောင်းရာတွင်တော့ လွယ်ကူလွန်းနေသည်။ အကြောင်းရှိပါသည်။ သူသည် ထိုမျှမကောင်းမှုတွေကို ကျူးလွန်ပင်ကျူးလွန်ခဲ့သော်လည်း ဆရာကိုကန်တော့ရန်ဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ကောင်းရှိခဲ့သည်။ သူ့ရည်ရွယ်ချက်အတိုင်းသာ လုပ်ဆောင်ခဲ့ပြီး တခြားမကောင်းမှုကို သူဘာမျှမလုပ်ခဲ့ပေ။ ထိုကြောင့်ပင် ဗုဒ္ဓရှင်တော်သည် ဆုပ်ထားသည့်လက်ကို ဖြန့်ပြလိုက်သည့်အလား လူဆိုးကြီးအင်္ဂုလိမာလကို သူတော်ကောင်းကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်သာဖြစ်လေသည်။
     အရှင်ဥတ္တမာနန္ဒ
ပေရာဒေနိယတက္ကသိုလ်
March 16, 2011

0 comments:

Post a Comment