အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။
Friday, April 22, 2011
လူနှင့် အကျိုးကိုမျှော်တွေးခြင်း
လူနှင့် အကျိုးကိုမျှော်တွေးခြင်း
            လူသည် ကမ္ဘာပေါ်တွင် အသိဥာဏ်အရှိဆုံးသတ္တ၀ါဖြစ်သည်ဟု မိမိတို့ကိုယ်ကို ခံယူထားကြသည်။ ယင်းအတိုင်းလည်း တသမတ်တည်းပြုကျင့်လေ့လည်းရှိကြသည်။ သို့ဖြင့် အသိဥာဏ်အရှိဆုံးဆိုသော လူသားများသည် မိမိတို့ပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံး သတ္တ၀ါများ ဖြစ်မှန်းမသိပင်ဖြစ်လာခဲ့သည်။ ထိုမျှနှင့်အားမရသေးပဲ မိမိကိုယ်တိုင်ကိုယ်ပင် အဆုံးမသတ်နိုင်သော ဒုက္ခတွင်းထဲကိုထည့်သွင်းယင်း၊ ထိုဒုက္ခတွင်းကိုတူးနေရသည်ကိုပင် အဖိုးတန်ရတနာများ ထွက်သည့်တွင်းအလား များများနှိုက် ရကောင်းနိုးဖြင့် နက်သည်ထက်နက်အောင် တူးနေကြလေသည်။
          ပါဠိစာပေများတွင် လူကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် “အတ္တာနတ္တံ မနသိ ဇာနာတီတိ မနုေဿာ: အကျိုးရှိသည်/ မရှိသည်ကို သိတ်တတ်လို့ လူ” လို့ခေါ်ပါသတဲ့။ တစ်နည်းအားဖြင့်ဆိုရပါမူ အကောင်းနှင့်အဆိုးကို ကောင်းစွာခွဲခြားတတ်လို့ “လူ” လို့ခေါ်ရပါသည်။ သို့ဆိုသော် အကောင်းအဆိုးနှင့် အကျိုးရှိခြင်းမရှိခြင်းကို မည်သို့ခွဲခြား သတ်မှတ်ကြပါသနည်း။
          ကြည့်ပါ။ အမှန်တရားကို လောကလူတွေသတ်မှတ်သော အမှန်တရားနှင့် သဘာဝအမှန်တရားဟူ၍ ယေဘုယျ သတ်မှတ်ကြမည်ဆိုပါဆို့။ လူသည် မိမိလုပ်နေသော အလုပ်တစ်ခုကို ကောင်းသည်ဟူ၍လည်း မှတ်ယူသည်။ မှန်သည်ယူ၍လည်း ယူဆပြန်သည်။ သို့ဖြင့် လူသားသည် က-ကြီးကို မိမိရှု့ထောင့်တစ်ဖက်တည်းကနေကြည့်ကာ အမှန်ဖြစ်သည်ဟု တွေးထင်နေသည်။
          လောကနှင့် လောကနှင့်ဆက်စပ်နေသော အရာများသည် က-ကြီးကဲ့သို့သာဖြစ်လေသည်။ ၀-လုံးကဲ့သို့ မည်သည့်အရပ်ကကြည့်,ကြည့် မှန်နေသော အမှန်တရားမျိုးမဟုတ်ပေ။ ထိုမှန်သည်ဆိုသော ၀-လုံးတစ်လုံးတည်းကိုပင် သုည၊ ဇီးရိုး (Zero)၊ စသဖြင့် သတ်မှတ်ချက်တွေရှိနေပြန်သည်။ ယင်းသတ်မှတ်ချက်များမှာလည်း အမှန်တရားများဟု လက်ခံနေကြပါသည်။ ယင်းလောကအမှန်တရားများကို ပါဠိလိုအားဖြင့် “သမုတိသစ္စာ” လို့ခေါ်ပါသည်။ လောကအားဖြင့် မှန်နေသော်လည်း သဘာဝအားဖြင့် သို့မဟုတ် ဓမ္မအားဖြင့် မမှန်သော တရားများဖြစ်သည်။ ယင်းကို ပါဠိလို “ပရမတ္ထသစ္စာ” ဟု ခေါ်ပါသည်။
          လောကအမြင်သည် က-ကြီးကို အမှန်ထင်သကဲ့သို့ဖြစ်ပြီး၊ သဘာဝအမြင်မှာ ၀-လုံးကို အမှန်အဖြစ်သတ်မှတ်သကဲ့သို့ ဖြစ်ပါသည်။ ဤဥပမာမှာလည်း ဓမ္မသဘောတရားအတွက် လုံးဝမှန်ကန်သော ဥပမာတစ်ခုအဖြစ် မမှတ်ယူနိုင်ပါ။ ဥပမာသက်သက်မျှသာ ဖြစ်ပါသည်။
          မိမိ၏ ရှု့ထောင့်တစ်ဖက်တည်းကနေ ကြည့်လေ့ရှိသောလူသည် အတ္တကို အတင်းကာရော ပွေ့ပိုက်ကာ ငါမှန်သည်ဟူ၍ အစွန်းတစ်ဖက်ကို နင်းမှန်းမသိနင်းယင်း၊ ငါမှလွဲသော အခြားသူများနှင့် ၄င်းတို့၏လုပ်ဆောင်ချက်များမှာ အမှားချည်းဟု မြင်လာပြန်သည်။ ယင်းအချက်မှာ မှန်သော်လည်း မမှန်သော အမှန်တရားဖြစ်သည်။ ဥပမာအားဖြင့် “လူတစ်ယောက်အတွက်အစာသည် နောက်တစ်ယောက်အတွက်မူ အဆိပ်ဖြစ်သည်” ဟူသော စကားအတိုင်းဖြစ်လေသည်။
          နောက်တစ်ဆင့်တက်ကြည့်ရပါမူ လူသည် အတ္တဆန်ပင်ဆန်ငြားသော်လည်း တစ်ဦးတစ်ယောက်တည်း ရပ်တည်ဖို့ရာကို လွန်စွာပင်ညီးငွေ့သည့်အလျှောက် ကိုယ့်အကျိုးအပြင် သူ့အကျိုးဆိုတာတွေပါထည့်သွင်းလာသည်။ ယင်းကို “အတ္တဟိတ၊ ပရဟိတ” ဟုခေါ်သည်။ လူသည် မိမိအကျိုးအတွက်သာမက တစ်ပါးသူတို့၏အကျိုးကိုပါ လုပ်ဆောင်ရပါမည်။ ဤသို့မလုပ်ဆောင်ပါက လူသည် အထီးကျန်ဘ၀ကိုရှေးရှုယင်း ကမ္ဘာဦးကာလကို ပြန်လည်ရောက်သွားပေလိမ့်မည်။
          ရတနသုတ်တွင် ကျင့်သုံးလိုက်နာရမည့် စရိယတရား ၃-ပါးကို ပြဆိုထားသည်။ ယင်းသုံးပါးကို ဘုရားရှင်ကိုယ်တိုင်လည်းကျင့်သုံးခဲ့ပါသည်။ ယင်းတို့မှာ-
၁။ လောကတ္ထစရိယ = လောက သို့မဟုတ် ပတ်ဝန်းကျင်ကောင်းကျိုး
၂။ ဥာတတ္ထစရိယ = ဆွေမျိုးကောင်းကျိုး သို့မဟုတ် တိုင်းပြည်ကောင်းကျိုး
၃။ ဗုဒ္ဓတ္ထစရိယ = ဘုရားဖြစ်ရန်အကျိုး သို့မဟုတ် မိမိကောင်းကျိုး- တို့ဖြစ်သည်။
          ယင်းအချက်များကိုလေ့လာကြည့်လိုက်လျှင် လူတော်တို့၏ လုပ်ဆောင်ပုံများကို ကောင်းမွန်စွာတွေ့ရပါမည်။ နောက်ဆုံးအချက်တွင် မိမိကောင်းကျိုးအတွက်ပင်ဆိုစေကာမူ သတ္တ၀ါများကို ကယ်တင်ရန်ဟူသော အန္တိမရည်မှန်းချက်ကိုတွေ့ရပေလိမ့်မည်။ အစာရေစာ လိုအပ်နေသူကို ကူညီလိုလျှင် ရှေးဦးစွာ မိမိမှာ စားသောက်စရာ သို့တည်းမဟုတ် အစားသောက်ကို ဖန်တီးပေးနိုင်သော တစ်ခုခုသည် ရှိနေရမည့်သဘောပင်။ လဲကျနေသူကို ထူမဖို့ရန်အတွက် မိမိကိုယ်တိုင်က လဲကျနေလို့မဖြစ်ပေ။
          ယနေ့ကမ္ဘာတွင် လူသည် အများကောင်းကျိုးဆိုသော စကားများကို လှိုင်လှိုင်သုံးယင်း လုပ်ငန်းတွေကို လုပ်ဆောင်လာကြသည်။  လူ၏ စတင်ခဲ့သောရည်ရွယ်ချက်သည် ပြည့်စုံသည်ဟု မဆိုသာသော်လည်း ကောင်းမွန်လှပေသည်။ အစတွင် ကောင်းမွန်သောခြေလှမ်းကို စတင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အကျိုးတရားကိုမျှော်ကိုးလာပြန်သည်။ ယင်းမှာ မိမိလုပ်နေသော လုပ်ငန်းအောင်မြင်ဖို့အရေးထက် “ငါ” လုပ်သည်ဟူသော အစွန်းကို ဆွဲကိုင်ချင်လာသည်။
          အတ္တ၏ သားကောင်းဖြစ်သောလူသည် “ကျွဲကူးရေပါ” ဆိုသော စကားကိုအမှတ်မရတော့။ မိမိနောက်ကို ဂုဏ်လိုက်ပါအောင် လုပ်ရမည့်အစား ဂုဏ်နောက်ကို  မိမိက ကောက်ကောက်ပါအောင် လိုက်နေတော့သည်။ ဤသို့ဖြင့် က-ကြီးကို အဖြေရှာသောနည်းဖြင့် တစ်ဖက်တည်းကနေကြည့်ကာ ငါသာမှန်သည်ဟူသော တစ်ဖက်သတ်အမြင်ကို လက်ကိုင်ပြုလာပြန်သည်။ ဤသို့မဟုတ်ပဲ လူသည် အခြားသူများ၏ ရှု့ထောင့်ကနေကြည့်လိုက်မည်ဆိုပါလျှင် အခြားအဖြေတစ်မျိုး ရှိနေသေးသည်ဆိုတာကို တွေ့မြင်လာပေလိမ့်မည်။ ထိုသို့ အခြားသူတို့၏ ခံစားချက်ကို သို့မဟုတ် သူတစ်ပါးတို့ဘက်တွင်ရှိနေသော အမှန်တရားကို ကြည့်ဖို့အတွက်မူ လူသည် တီကောင်ကို ဆားတို့ခြင်းခံရဘိသကဲ့သို့ ဖြစ်လာသည်။
          အကျိုးဆက်အားဖြင့် လူသည် သောက၏နှိပ်စက်ခြင်းကို မိမိကိုယ်တိုင် ဦးစွာခံစားလာရသည်။ ထိုနောက် မီးပမာဖြစ်လာပြီး နီးစပ်သူများနှင့် ပတ်ဝန်းကျင်ကို ထပ်မံပူလောင်စေတော့သည်။ ထိုနောက် လောကသည် မငြိမ်မသက်ဖြစ်လာသည်။ ဤသို့ဖြင့် လူသည် မိမိကိုယ်ကို စတင်လောင်ကျွမ်းစေပြီး၊ အခြားသူများကိုပါ အပူတိုက်တော့သည်။ လူသည် အစပိုင်းကာလတွင် လောကကောင်းစားရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ အဆိုပါ လောကကောင်းစားရေးသည် နောက်တွက်ကျန်ရစ်ခဲ့ပြီး ငါလုပ်ခဲ့သည်ဟူသော အတ္တကို ရှေ့ကိုပို့လာသည်။
          သို့ဖြင့် လူသည် အမှားကို အမှန်ထင်လာသည်။ ငါမှန်သည်ဟူသော အယူဆကို ရှေ့တန်းတင်လာသည်။ ထိုနောက်တွင်တော့ လူသည် မကောင်းမှုသံသရာ အဖန်ဖန်လည်ယင်း ဘ၀သည် နစ်မှန်းမသိနစ်ခဲ့သည်။ နိဂုံးချုပ်အားဖြင့် သောကတွေကို မထွေးနိုင် မအန်နိုင်ပွေ့ပိုက်ကာ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ ဘ၀မျိုးကို မချိတင်ကဲ လျှောက်လှမ်းရတော့သည်။
          မည်သို့ပင် တံဆိပ်တွေကပ်သော်လည်း လူသည် လူသာဖြစ်လျှင်သည်။ အခြားဘာမျှမဟုတ်ပေ။ ထိုကြောင့် လူသည် မနက်ဖန်ဆိုသော အကျိုးတရားကို မျှော်ကိုးမည်သာပင်။ ထိုသို့မျှော်လင့်နေခြင်းသည် သာမန်လူတို့အတွက် စွန့်လွှတ်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် လူသည် မျှော်လင့်သင့်သည်ထက် ပို၍မျှော်လင့်လာလျှင်၊ ရသင့်ရထိုက်တာထက် ပို၍လိုချင်လာလျှင်၊ မထိုက်တန်သော အရာတွေကို မျှော်လင့်မိလာပြီဆိုလျှင်တော့ ပျက်စီးဖို့ အချိန်တန်လာခြင်းပင် ဖြစ်တော့သည်။ လူသည် မိမိနှင့်မတန်သော အရာတွေကို နည်းမမှန်လမ်းမမှန်နှင့် ပိုင်ဆိုင်ချင်ကြသည်။ ဤသို့ဖြင့် မကောင်းမှုသံသရာတွင် ပက်လက်မျှောယင်း အမှားတွေကို အမှန်ထင်လာသည်။ ထင်သည့်အတိုင်းလည်း တသွေမတိမ်းလျှောက်လှန်းကာ လူသည် မကောင်းမှုဝဲဂယက်တွင် စုံးစုံးမြုပ်တော့သည်။
          ထိုကြောင့် လူသည် မိမိနှင့် ထိုက်တန်သော အရာများကို နည်းမှန်လမ်းမှန်ဖြင့် ကျိုးစားအကောင်ထည်ဖော်သင့်သည်။ မိမိနှင့် ထိုက်တန်သောအရာတွေကိုသာ မျှော်လင့်သင့်ကြသည်။ သူတောင်းစာက သိန်းနှင့်ချီကာ အမြတ်စွန်းလိုချင်သည့်အဖြစ်မျိုး၊ သူငယ်တန်းကျောင်းသားက ဒေါက်တာဘွဲ့ကို မျှော်လင့်တာမျိုး၊ ကိုယ်က သရက်ပင်ကို စိုက်ထားသော်လည်း ယင်းအပင်မှ ပန်းသီးကိုစားချင်တာမျိုး၊ အများကောင်းကျိုး ရည်ရွယ်ပြီး မိမိကောင်းကျိုးမျှော်ကိုးတာမျိုး စသော မျှော်လင့်ချက်များသည် လူကို မကောင်းမှုသံသရာတွင် ကျင်လည်စေပြီး ငိုချင်းနှင့် စခဲ့သောဘ၀ကို သောကနှင့်ပင် အဆုံးသတ်ရပေလိမ့်မည်။ ရှင်သန်နေစဉ် တစ်လျှောက်လုံးတွင်လည်း သောက၊ ဒုက္ခတို့ကိုသာ အဖော်ပြုနေထိုင်ရမည်မှာ မလွဲဖြစ်သည်။ လူသည် မိမိနှင့် ထိုက်တာကိုသာ မျှော်လင့်ပြီး ဘ၀တွင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်သွားသင့်သည်။
    အရှင်ဥတ္တမာနန္ဒ
ပေရာဒေနိယတက္ကသိုလ်
15th Dec 2010
0 comments:
Post a Comment