အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, April 21, 2011

ဘ၀စာသင်ခန်း


ဘ၀စာသင်ခန်း
          ငယ်စဉ်ကသင်ခဲ့ရသော နူတ်မစောင့်သောလိပ်အကြောင်း ပုံပြင်တစ်ပုဒ်ကို ယနေ့ဒုတိယပိုင်းအဖြစ် ပြန်လည်သင်ကြားခွင့်ရခဲ့သည်။ ပုံပြင်ဆိုသည်မှာ ယုံချင်ယုံ မယုံချင်နေ။ ကလေးတွေအပျင်းပြေအောင် ပြောပြလေ့ရှိသည် ရှေးဘိုးဘွားတို့၏ ပိယဆေးတစ်မျိုးဖြစ်လေသည်။ အခုတော့ ပုံပြောပြရသော အဘိုးအဘွားတို့၏ အခန်းကဏ္ဍမှာ အဖက်ဖက်ကတိုးတက်လာသော ခေတ်သစ်လှိုင်းလုံးတွေကြားတွင် လုံးဝနီးပါးပျောက်ကွယ်ခဲ့လေပြီ။ သားသမီးအချစ် မြေးအနှစ်ဆိုတာတွေကို သက်သေလောင်းမည့် အဘိုးအဘွားတို့၏ သီတာရေစင်မှာ အလင်းရောင်မလုံ့တလုံ အခန်းကျဉ်းလေးထဲ ဆေးချက်မပီပြင်တော့သည့် ပန်းချီကားချပ်သဖွယ်ပင်။
          အဆိုပါတိုးတက်လာသောခေတ်ကြီးက အဖိုးအဖွားတို့လက်ထဲကနေ ချစ်ချင်းမေတ္တာကို အတင်းလုယူပြီး နည်းပညာ၏ သားကောင်များအဖြစ် ဇွတ်အတင်းသွင်းနေသည်။ တိုးတက်ခြင်းသည်မင်္ဂလာတစ်ပါးပင်ဖြစ်သော်လည်း ဆုတ်ယုတ်ခြင်းတစ်မျိုးကိုလည်း သယ်ဆောင်လာခဲ့သည်။ သာမန်လူတို့၏ ကျိုးစားအားထုတ်မှုသည် မည်မျှပင် အကျိုးသက်ရောက်ခြင်းရှိစေကာမူ ဆိုးကျိုးကလည်း ဒွန်တွဲလာစမြဲဖြစ်သည်။ အကြောင်းရင်ကတော့ လောကအကျိုးရှိအောင် ရည်ရွယ်ကာ လုပ်ဆောင်သည်ဆိုသော်လည်း မိမိ၏လိုချင်မှုလောဘကို အရင်းခံလုပ်ကြသောကြောင့် ကောင်းကျိုးများသလောက် ဆိုးကျိုးကလည်းမနည်းလှပေ။
          ပုံပြင်ထဲလိပ်အကြောင်းတွင် သင်ခန်းစာယူစရာတွေများစွာပါသည်။ ခန်းခြောက်နေသော ရေအိုင်ကနေ လိပ်တစ်ကောင်ကို ဟင်္သာမောင်နှံက ကယ်တင်လိုသည်။ သူတို့ရောက်ဖူးခဲ့သော နေရာအတော်များများတွင် သာယာသောရေအိုင်များကို  တွေ့ထားသည်။ အဆိုပါရေအိုင်များမှ တစ်ခုခုသို့ ဒုက္ခရောက်နေသော လိပ်တို့ကိုရောက်စေလိုသည်။
          ပြဿနာက လိပ်ဆိုသည်မှာ ငှက်တို့ကဲ့သို့ လေထဲတွင်ပျံတက်နိုင်သော အမျိုးမဟုတ်ပေ။ လမ်းလျှောက်သွားလျှင်လည်း အသက်ဘေးအန္တရာယ်ကနီးလှသည်။ သို့ရာတွင် “လိုလျှင်ကြံဆ နည်းလမ်းရဆိုသည့်အတိုင်း” နောက်ဆုံးတွင် နည်းလမ်းကောင်းမဟုတ်သော်လည်း သင့်တော်သောနည်းလမ်းကို သူတို့ရခဲ့သည်။ သတ္တိရှိလှသော လိပ်တစ်ကောင်ကို ကျန်သောလိပ်များက ဟင်္သာတို့အစီစဉ်အတိုင်း လိုက်ပါသွားပြီး အမှန်တကယ်ဟုတ်ပါက ပြန်လည်အကြောင်းကြားရန် ဆုံးဖြတ်ခဲ့ကြသည်။
          အစီစဉ်အတိုင်း မလုပ်ဆောင်ခင် လိုက်နာသင့်သော စည်းကမ်းချက်များကို ဟင်္သာမောင်နှံက လိပ်တို့ကိုပြောပြသည်။ လိပ်တို့ကလည်း လိုက်နာပါမည့်အကြောင်းပြန်ပြောသည်။ ထိုနောက် သူတို့၏ပြောင်းရွေ့ရေး စီမံကိန်းကို စတင်အကောင်ထည်ဖော်ကြတော့သည်။
          ဤသို့ဖြင့် ငှက်မောင်နှံက တုတ်ချောင်း၏ အစွန်းနှစ်ဖက်တွင် တစ်ဖက်စီကကိုက်ချီလျှက် အလည်ကနေ လိပ်ကိုပါးစပ်ဖြင့်ကိုက်စေကာ ဝေဟင်ခရီးကို စတင်ခဲ့ကြသည်။ ထူးဆန်းသော ဤဖြစ်ရပ်ကိုလှန်းမြင်ကြသော နွားကျောင်းသားတို့က လှန်းအော်ကြသည်။ အချို့ကလည်း အောက်ကိုပြုတ်ကျလာခဲ့ရင်တော့ အမျိုးမျိုးချက်ပြုတ် စားသောက်ကြမည်ဟု အော်ဟစ်ကြိမ်းမောင်းကြလေသည်။
          အဆိုပါ ပြောဆိုသံများကို ကြားရသောလိပ်မှာ သည်းမခံနိုင်တော့ပဲ မိမိ၏ လက်ရှိအခြေနေကို သတိမရနိုင်တော့ပဲ မင်းတို့တွေ ငါ့အသားကို ဘယ်တော့စားရမှာ မဟုတ်ဘူးလို့ မကျေနပ်ချက်ကို ထုတ်ဖော်ပြောရန်ပြင်ဆင်လိုက်သောခဏ၌ပင် မြေပေါ်သို့ပြုတ်ကျကာ သေးဆုံးလေတော့သည်။ ပုံပြင်မှာ ဤမျှသာဖြစ်သည်။
          သို့ရာတွင် အဖိုးမဖြတ်နိုင်သော သင်္ခန်းစာများကိုရလိုက်သည်။ ယင်းတို့မှာ ဂတိမတည်သောကြောင့် သို့မဟုတ် လိုက်နာသင့်သောစည်းကမ်းမှန်းသိပါလျှက်နှင့် မလိုက်နာခဲ့သောကြောင့် လိပ်သေဆုံးခဲ့ရသည်။ အကျိုးမရှိသော စကားတွေကို ပြောဆိုခြင်းကြောင့် အသက်ဘေးနှင့်ရင်ဆိုင်ရသည်။ ထိုကြောင့်ပင် “အစားကိုသာ ကုန်အောင်စား၊ စကားကို ဘယ်တော့မှ ကုန်အောင်မပြောနဲ့” ဆိုသောစကားမျိုး ထွက်ပေါ်လာဟန်ရှိသည်။
          မလိုအပ်ပဲ စကားကိုပြောရာတွင် အန္တရာယ်များလှပြီး အကျိုးနည်းတတ်ကြောင်းကို သိတော်မူသော မြတ်စွာဘုရားက ကံသုံးပါးထဲတွင် သေချာဟောတော်မူထားသည်။ ကံသုံးပါးဆိုသည်မှာ ကာယကံ- ကိုယ်အပြုအမူနှင့်သက်ဆိုင်သောအလုပ်၊ ၀စီကံ- စကားပြောဆိုခြင်းနှင့်သက်ဆိုင်သောကံ နှင့် မနောကံ-စိတ်နှင့်သက်ဆိုင်သောအပိုင်းဟူ၍ ဖြစ်သည်။
          ယင်းတို့အထဲမှ ၀စီကံနှင့်ပတ်သက်သော အကြောင်းများကိုသာ လိုအပ်သလို ပြောသွားပါမည်။ ၀စီကံလေးမျိုးရှိသည်။ ယင်းတို့မှာ-
၁။ မုသာဝါဒ = လိမ်ညာပြောခြင်း
၂။ ပိသုဏ၀ါစာ = ကုန်းတိုက်ခြင်း၊ သူတစ်ပါးခြောက်တွန်းခြင်း စသည်။
၃။ ဖရုသ၀ါစာ = ကြမ်းတမ်းသော စကားကိုပြောခြင်း၊ ဆဲရေးခြင်း၊။
၎။ သမ္ဖပ္ပလာပ၀ါစာ = အရေမရ အဖတ်မရသော တောင်စဉ်ရေမရ အကျိုးမရှိသောစကားကို ပြောခြင်း- တို့ဖြစ်သည်။
          နောက်ထပ်လည်း စကားခြောက်ခွန်းဆိုတာလည်းရှိသေးသည်။ ယင်းတို့မှာ-
 ၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ။
၂။       မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ။
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ။
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ။
၅။       မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ။
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ။
          ယင်းတို့အထဲမှ အမှတ်စဉ် ၅ နှင့် ၆ တို့ကိုသာ ဘုရားစသော သူတော်ကောင်းမှန်သမျှတို့ လက်ကိုင်ပြုပြောဆိုကြလေသည်။ ပုံပြင်ထဲက လိပ်ဥပမာအတိုင်း အကျိုးမရှိသော စကားလိုပြောလိုကြ၊ ပြောကြသောကြောင့် ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်ပေါ်လာနိုင်သောကြောင့် ကောင်းစွာဆင်ခြင်သင့်သည်။
          အမှန်မှာ လိပ်ပုံပြင်မှာ ဤမျှနှင့်မဆုံးသေးပါ။ ၄င်းနှင့်အတူတကွနေထိုင်ကြသော အခြားသောလိပ်များလည်းရှိကြသေးးသည်။ အန္တရာယ်ကင်းသောအရပ်ကို ပို့ဆောင်ပြီးပါက ၄င်းတို့ကိုလည်း လာရောက်ခေါ်ပါရန် ဟင်္သာမောင်နှံကို မေတ္တာရပ်ခံထားချက်ကလည်း ရှိသေးလေသည်။
          သို့ရာတွင် မျက်နှာမသာမယာနှင့် ပြန်လာကြသော ငှက်မောင်နှံကိုမြင်ကြသော လိပ်အပေါင်းတို့က မေးမြန်းစုံစမ်းကြသည်။ ဟင်္သငှက်မောင်နှံလည်း အကြောင်းစုံကို ပြန်လည်ပြောပြ၏။ ထိုအခါ လိပ်တို့က ၄င်းတို့တွင် အပြစ်မရှိကြောင်းနှင့် နူတ်ကိုမစောင့်သော လိပ်မှာသာလျှင် အပြစ်ရှိကြောင်းပြောကာ နောက်ထပ် ထပ်မံကြိုးစားပြီး လိပ်တစ်ကောင်ကိုပို့ဆောင်ပေးပါရန်သာ တောင်းပန်ကြလေသည်။
          အထက်ပါအတိုင်း ထူးဆန်းစွာပျံသန်းလာကြသော ဟင်္သာမောင်နှံနှင့် လိပ်တို့ကို ထပ်မံတွေ့မြင်ကြသောအခါ နွားကျောင်းသားတို့လည်း ရှေးနည်းအတိုင်း အော်ဟစ်ပြောဆိုကြပြန်၏။ အဖြစ်သနစ်စုံကို သိပြီးဖြစ်သောလိပ်မှာ မည်သို့မျှခွန်းတုန့်မပြန် ဆိတ်ဆိတ်သာနေလေ၏။
          ထိုအခါ ငှက်မောင်နှံထဲမှ တစ်ကောင်သည် ဤမျှသည်းခံနိုင်လှသောလိပ်ကို စမ်းသပ်ကြည့်လိုသည်။ ထို့ကြောင့် ကိုက်ချီထားသောတုတ်တစ်ဖက်ကို လွှတ်ချလိုက်ပြီးလျှင် အလွန်လျှင်မြန်သောအဟုန်ဖြင့် ပြန်လည်ကိုက်ချီလိုက်လေသည်။ မိမိကိုယ်ကို ဒီတစ်ခါတော့ သေပြီဟု ယူဆထားသောလိပ်မှာ ဤအဖြစ်ပျက်ကြောင့် လွန်စွာဝမ်းသာအားရဖြစ်ကာ “ကျေးဇူးတင်ပါတယ်”ဟု ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် မြေပေါ်သို့ပြုတ်ကျကာ သေဆုံးပြန်တော့သည်။
          အဆိုပါဖြစ်စဉ်ကိုကြည့်ပါက ကျေးဇူးတင်သင့်ကြောင်းကို ပြောသင့်တဲ့အချိန်မှာ မပြောသောကြောင့် ဒုက္ခရောက်ရပုံဖြစ်သည်။ လူလောကတွင် တစ်ဦးနှင့်တစ်ဦး ကျေးဇူးတရားဆိုသည်မှာ မကင်းနိုင်ကြချေ။ အကြောင်းအမျိုးမျိုးဖြင့် အပြန်အလှန်ကျေးဇူးရှိကြသည်သာ။ သို့စေကာမူ ကျေးဇူးဆိုတာကို ပြောသင့်သော အချိန်မှာသာပြော၍ ပြန်လည်ဆပ်သင့်သော အချိန်ရောက်မှသာ ပြုလုပ်ကြမည်ဆိုလျှင် လျော်ကန်သင့်မြတ်လှပေမည်။ အဆောတလျှင်ကျေးဇူးတင်လိုသော လိပ်ကဲ့သို့ ဘ၀ပျက်သုဉ်းသွားမည်ကိုလည်း သတိထားသင့်လှသည်။ စေတနာဟူသည် ဝေဒနာ မဖြစ်သင့်သည်မဟုတ်ပါလား။
          ကျေးဇူးတရားသည် မေ့ကောင်းသောအရာမဟုတ်ပေ။ ထို့ကြောင့်ပင် မြတ်စွာဘုရားကလည်း ကတညုတ ကတဝေဒီ= မိမိအပေါ်ပြုဖူးသော သူတစ်ပါးတို့၏ ကျေးဇူးတရားကိုသိခြင်း သိသည့်အားလျှော်စွာ ပြန်လည်ကျေးဇူးဆပ်ခြင်း၊ ကျင့်သုံးခြင်းသည် မင်္ဂလာရှိ၏၊ ကောင်း၏ဟု မိန့်တော်မူခဲ့ပါသည်။ ကျေးဇူးကန်းသူများသည်လည်း ဘ၀နိဂုံး မလှပ၊ မသေသပ်ကြသည်ကိုမူ အထူးပင်ပြောစရာမလိုတော့ပေ။
          လောကတွင် လူတို့သည် အနာဂတ်ကိုမျှော်မှန်းကာ အလုပ်လုပ်နေကြသည်။ အနာဂတ်ကိုမျှော်မှန်းသည်မှာ အပြစ်ဟုမဆိုသာပေ။ သို့ရာတွင် “တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အနာဂတ်ကို အာရုံစိုက်မှုများနေပါကလည်း လက်ရှိဖြစ်စဉ်တွေအပေါ်တွင် အလေးမထားရာရောက်ပေတော့မည်။
          တရားဂုဏ်တော်ခြောက်ပါးတွင် သန္ဒိဋ္ဌိကဂုဏ်တော်သည် လက်ရှိပစ္စုပ္ပန်ကို ရည်ညွှန်းထားသည်။ ပညာရှင်အသီးသီးတို့ကလည်း လက်ရှိအချိန်ထက် ကောင်းတာမရှိဟုဆိုကြသည်။ လောကလူများသည် ဘ၀စာသင်ခန်းထဲတွင် ဘ၀သင်ခန်းစာများကို အဆက်မပြတ်သင်ယူနေကြရသည်။ အတိတ်ကလည်း သင်ခဲ့ကြသည်။ ယခုလည်း သင်နေကြသည်။ နောင်ကိုလည်း သင်နေရဦးမည်သာဖြစ်လေသည်။
          လက်ရှိစာသင်ခန်းထဲက ဘ၀ကိုကောင်းအောင် ကြိုးစားနိုင်လျှင် အနာဂတ်သည်လည်း ပြေကြီးလက်ခတ်မလွဲ သာယာပေလိမ့်မည်။ အမှန်တော့ ဘ၀ဟူသည် စာသင်ခန်းမျှသာဖြစ်၍ စာသင်ခန်းသည်ပင်လျှင် ဘ၀ဖြစ်ပေတော့သည်။ 
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
12th Dec 2010 (Sun)

0 comments:

Post a Comment