အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, April 19, 2011

အရိပ်နေ၍ အခက်ချိုသူများ


အရိပ်နေ၍ အခက်ချိုးသူများ
          “ဘုရားသော်မှ အမှီရှိမှ ပွင့်တော်မူရသည်” ဟု ပြောလေ့ပြောထရှိသော စကားတစ်ခွန်းရှိလေသည်။ သာမန်လူတို့အဖို့မူ ပြောစရာပင်လိုမည်မထင်ပေ။ လောကတွင်ရှိနေသော သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှသည် အချင်းချင်း အပြန်အလှန်မှီခိုနေကြရသည်။ ဥမာအားဖြင့် လောကကြီးသည် ရေ၊မြေ၊လေ၊မီး ဓာတ်ကြီးလေးပါးအပေါ်တွင် အပြန်အလှန်မှီခိုကာ ရပ်တည်နေကြသည်။ လူတို့သည်လည်း မိမိတို့ဆိုင်ရာနယ်ပယ်၊ ပတ်ဝန်းကျင်တွင် အချင်းချင်း လိုက်လျောညီထွေစွာ အမှီသဟဲပြုနေကြရလေသည်။ တိရစ္ဆာန်များသည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်လေသည်။
          လူသားတို့မှီခိုရာ ယနေ့ကမ္ဘာကြီးသည် တစ်စတစ်စနှင့် ယိုးယွင်းလာသည်။ မေငလျင်လှုပ်၊ မုန်တိုင်းကျ၊ ရေကြီး၊မိုးခေါင် အိုဇုန်းလွှာပျက်စီးခြင်းစတာတွေ နားနှင့်မဆံ့ကြားလာရသည်။ အဖြေရှာရသော် လူသားတွေသည် မိမိတို့မှီခိုရာ ကမ္ဘာကြီးကို ပျက်စီိးရာပျက်စီးကြောင်း ကြံနေကြသည်။ လူ့အဖွဲ့စည်း၏ တရိပ်ရိပ်တိုးတက်လာမှုသည် ကမ္ဘာလောကကြီးအား တဖြေးဖြေးချင်းဆုတ်ယုတ်အောင် လုပ်နေသကဲ့သို့ မှတ်ထင်ရလေသည်။
          မိမိတို့မှီခိုရာကို ဖျက်စီးခြင်းသည် မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းသာဖြစ်လေသည်။ အသိဥာဏ်အပြည့်အ၀ရှိပါသည်ဆိုသော လူသားတွေသည် သူတစ်ပါးကို ဖျက်စီးရရုံမျှနှင့် အားမရတော့ပဲ မိမိကိုယ်ကိုယ်ပင် ဖျက်စီးရန်အားထုတ်နေကြသည်။ မဟာဝိဇ္ဇာတန်းတွင် ပညာသင်ခဲ့စဉ်က ကေလနိကတက္ကသိုလ်မှ ၀ါရင့်ပါမောက္ခဆရာကြီး ဂျီ၊ဒီ သုမနပါလ၏ လူသားတွေအပေါ် မှတ်ချက်ချခဲ့ပုံမှာ လွန်စွာမှ မှတ်သားစရာကောင်းလှသည်။
          အဆိုပါ ပါမောက္ခဆရာကြီး၏ မှတ်ချက်အရ လူတွေသည် ကမ္ဘာပေါ်တွင် အရုပ်ဆိုးအကြည်းတန်ဆုံး သတ္တ၀ါတွေဖြစ်သည်ဟူ၏။ ထို့ကြောင့်ပင် လူတွေသည် တစ်နေ့ကို ရေတစ်ခါချိုးရုံမျှနှင့်အားမရပဲ အကြိမ်ကြိမ်ရေချိုးနေကြရသည်၊ အလှပတွေကို နည်းအမျိုးဖြင့် ပြင်ဆင်ချင်သယင်း အကြည်းတန်လှသော မိမိခန္ဓာကိုယ်ကို ဆင်ယင်နေကြရသည်။ အသိဥာဏ်နည်းသော သတ္တ၀ါများအဖြစ် လူတို့၏ သတ်မှတ်ခြင်းကိုခံကြရသော တိရစ္ဆာန်တို့ လူတို့ကဲ့သို့ အလှပြင်စရာမလိုပေ။
          သူသည် ဟာသမြောက်အောင်လည်း ၄င်း၏အဆိုမှန်ကန်ကြောင်းကို ပြောဆိုခဲ့သေးသည်။ ယင်းမှာ လူတွေသည် တိရစ္ဆာန်များလောက် မလှပပေ။ ထို့ကြောင့်သာလျှင် ရုပ်ဆိုးသောလူတွေက လှပသောတိရစ္တာန်တွေကို တိရစ္ဆာန်ရုံ၊ သဘာဝဥယျာဉ်စသည်တို့သို့ သွားရောက်ကြည့်ရှုကြရသည်။ သို့ရာတွင် တိရစ္ဆာန်တွေသည် လူတို့ကို တစ်ခါဖူးမျှလာမကြည့်ပေ-ဟူ၏။
          နောက်တစ်ချက်မှာ တိရစ္ဆာန်တွေသည် နှစ်ပေါင်းများစွာ ရေမချိုး၊အလှမပြင်ကြသော်လည်း ပင်ကိုယ်သဘာဝအားဖြင့်ပင် လှနေကြသည်။ လူတို့မှာမူကား ခုနှစ်ရက်တစ်ပတ်ခန့် ရေမချိုး မပြင်မဆင်နေလိုက်ရုံဖြင့် လူအချင်းချင်းပင် နှာခေါင်းရှုံ့ကြသည်။ ထို့ကြောင့် လူတွေသည် ပင်ကိုယ်သဘာဝအားဖြင့်ပင် အရုပ်ဆိုးအကြည်းတန်နေကြသည်။ ပင်ကိုယ်အရုပ်ဆိုးသော လူသားတွေသည် မိမိတို့နေရာ ပတ်ဝန်းကျင်ကိုလည်း အကြည်းတန်အောင် အားထုတ်နေကြပြန်သည်။
******************
          မှီခိုရာကို မဖျက်စီးသင့်ကြောင်းနှင့် ပတ်သက်၍ ဓမ္မပဒတွင် ဘုရားရှင်မိန့်ကြားတော်မူခဲ့သော စကားတစ်ခွန်းရှိသည်။ “ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။ ပလေတိရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။ ပျားပိတုန်းသည် ပန်းပွင့်ကို၎င်း၊ ပန်း၏အဆင်းအနံ့ကို၎င်း မပျက်စီးစေပဲ ပန်းဝတ်ရည်ကိုသာ ရွေးချယ်စုပ်ယူလျှက် ပျံသန်းသွားသကဲ့သို့၊ ထိုနည်းတူစွာ သူတော်ကောင်း(ရဟန်း)သည် မြို့ရွာ၌ရှိသော လူတို့၏သဒ္ဓါတရားဟုဆိုအပ်သော၊ ပန်းဥစ္စာဟုဆိုအပ်သော အဆင်းအနံ့တို့ကို မထိခိုက်မပျက်စီးစေပဲ ပစ္စည်းလေးပါးဟူတည်းဟူသော အရသာကိုသာ ခံယူသုံးစွဲ၍ ကျင့်ရာ၏”။
          မိမိတို့၏မှီခိုရာကို မဖျက်စီးဖို့ရာအတွက် မြတ်စွာဘုရားသည် အထူးအလေးနက်ထားမိန့်ကြားတော်မူခဲ့သည်။ ရဟန်းဟုသာ နာမ်စားကိုသုံးထားသော်လည်း လောကလူသားအားနှင့် သက်ဆိုင်သည်သာဖြစ်သည်။ မိမိ၏ မှီခိုရာကိုဖျက်စီးခြင်းကြောင့် ဒုက္ခရောက်ကြရပုံအကြောင်းများကို ဗုဒ္ဓစာပေများတွင်သာမက အခြားသောစာပေများတွင် ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါသည်။
          ဗုဒ္ဓစာပေလာ ဥပမာတစ်ခုကိုပြရပါမူ ဓမ္မပဒလာ ကုဏ္ဍလကေသီဝတ္ထုကို တင်ပြရပေမည်။ ကုဏ္ဍလကေသီအမည်ရှိသော သူဌေးသမီးသည် သေဒဏ်ကျခံ သူခိုးတစ်ယောက်ကို ချစ်ကြိုက်မိခဲ့လေသည်။ သူဌေးသမီးသည် မင်းမှုထမ်းများကိုလာဘ်ထိုးကာ ထိုခိုးသားကို အသက်ဘေးမှကယ်တင်ကာ လင်သားအဖြစ်တော်စပ်ခဲ့သည်။ သို့ရာတွင် သူခိုး၊ဓားပြဘ၀မှလာသော အဆိုပါယောက်ျားသည် သူဌေးသမက်ပင်ဖြစ်နေသော်လည်း မကောင်းသော စရိုက်ဟောင်းကို မစွန့်နိုင်ခဲ့။ ထိုကြောင့် နည်းပရိယာယ်တစ်ခုဆင်ကာ မိမိအသက်ကို ကယ်တင်ခဲ့သော မိန်းမကိုသတ်၍ ပစ္စည်းဥစ္စညတို့ကို အပိုင်စီးရန်ကြံရွယ်ခဲ့သည်။ သို့ရာတွင် မိမိထက်ဥာဏ်သာသော မိန်းမ၏သတ်ခြင်းကို ခံခဲ့ရလေသည်။ ဤသည်မှာ မိမိ၏မှီရာကို ဖျက်ဆီးလိုသောကြောင့် မိမိကိုယ်တိုင် ပျက်စီးရခြင်းမှာ ဓမ္မတာသဘောဖြစ်သည်။
          အထက်ပါဥပမာကို သေချာကြည့်ပါမူ သူခိုးသည် မည်မျှပင် ချမ်းသာသောဘ၀ကို ရောက်နေစေကာမူ ခိုးမှစားရလေသည်။ ဓားပြသည်လည်း မည်မျှပင် စည်းစိမ်ဥစ္စာပြည့်နေသော်လည်း မတရားသဖြင့် ရယူပြီးမှပင် စားသောက်ရလေသည်။ ဤနည်းဖြင့်ပင် မိမိကိုယ်ကိုယ် ဖျက်ဆီးလေသည်။
          သာမညဖလသုတ်၏ နိဂုံးပိုင်းကိုကြည့်လိုက်လျှင် ဤသဘောတရားကို ဘုရှင်ကိုယ်တိုင် မိန့်ကြားတော်မူခဲ့သည်ကို တွေ့ရပေလိမ့်မည်။ အဇာတသတ်မင်းသည် တစ်ညလုံးလုံး ဘုရားထံမှ ရဟန်းပြုရခြင်းနှင့်ပတ်သက်သော အကျိုးကျေးဇူးတရားတော်ကို နာကြားပြီးနောက် နံက်စောစောတွင် ဘုရားထံမှ ပြန်သွားသည်။ ၄င်းပြန်သွားသောအခါတွင် ရဟန်းတော်များကို ဘုရားရှင်က “ဤအဇာတသတ်မင်းသည် တရားတော်၏အဆုံးမှာ အရိယာဖြစ်သော သောတာပန်အဆင့်ကို ရနိုင်ခဲ့ငြားသော်လည်း ဖခင်အရင်းကိုသတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ဖျက်စီးခဲ့သည့်အတွက် မည်သည့်တရားထူးကိုမျှ ရမသွားရရှာ” ဟု မိန့်ကြားတော်မူခဲ့လေသည်။
          အရိပ်နေ၍ အခက်ကိုချိုးခြင်းသည် ကျေးဇူးမဲ့သူတို့၏သဘော၊ လူယုတ်မာတို့၏သဘောကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည်။ လူယုတ်မာသည် လူမိုက်ထက်ကြောက်စရာကောင်းသည်။ အကြောင်းမှာ သူ့တွင်ဥာဏ်ရှိသည်။ မည်သို့မည်ပုံ မကောင်းတာကို လုပ်ရမည်ဆိုသော ဥာဏ်နီဥာဏ်နက်တွေကို ပိုင်ပိုင်နိုင်နိုင်သုံးတတ်သည်။ လူမိုက်သည် လူယုတ်မာလောက် ဥာဏ်မရှိသောကြောင့် လောကကြီးကို များများစားစားနှင့် ထိထိရောက်ရောက်ဖြစ်အောင် လူယုတ်မာလောက် ဒုက္ခမပေးနိုင်ပေ။ လူယုတ်မာသည် ပညာတွေတစ်ဖက်ကမ်းခတ် တတ်မြောက်နေသူလည်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် လောကကြီးကို ကပြောင်းကပြန်ဖြစ်သွားအောင် ဒုက္ခပေးနိုင်ခြင်းဖြစ်သည်။
          မိမိမှီခိုရာ ပတ်ဝန်းကျင်၏ တန်ဖိုးကိုနားလည်၍ မပျက်စီးအောင် လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကိုယ် ကောင်းစွာရပ်တည်နိုင်အောင်ကြိုးစားရမည်မှာ လူသားတိုင်းအတွက် အရေးကြီးလှသော တာဝန်ကြီးတစ်ရပ်ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်ကြပါမှ အမှန်တကယ် အသိဥာဏ်ပြည့်ဝသော ပီဘိလူဖြစ်ပေလိမ့်မည်။ မိမိရှင်သန်ရာအမြစ်ကို မိမိကိုယ်တိုင်က မတူးဖြိုလျှင် မည်သူကမျှ တူးဖြိုနိုင်လိမ့်မည် မဟုတ်ပေ။
      အရှင်ဥတ္တမာနန္ဒ
(ပေရာဒေနိယတက္ကသိုလ်)

17 December 2010

0 comments:

Post a Comment