အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, April 16, 2011

အမှားသံသရာ


အမှားသံသရာ
          ဥပတိဿသည် မြင့်မြတ်သောဗြဟ္မဏမျိုးမှ မွေးဖွားလာသူဖြစ်သည်။ ငယ်စဉ်ကတည်းကပင် စဉ်းစားဆင်ခြင်ဥာဏ်နှင့် ပြည့်စုံသူတစ်ယောက်လည်းဖြစ်သည်။ စစ်မှန်သော လွတ်မြောက်ခြင်းဆိုတာကို အသိုင်းဝိုင်းကြား ဂုဏ်ဓနတွေကြားမှာ ရှာဖွေ၍မတွေ့နိုင်သည်ကိုလည်း ငယ်ရွယ်စဉ်ကာလာကပင် သဘောပေါက်ခဲ့သူဖြစ်လေသည်။
          “သူတော်ချင်းချင်း၊ သတင်းလေလွေ့” ဆိုသည့်အတိုင်း စိတ်တူကိုယ်တူ ကောလိတခေါ်သော သူငယ်ချင်းတစ်ယောက်နှင့်အတူ စစ်မှန်သောတရားကို ရှာဖွေခဲ့ကြသည်။ တစ်နေ့တော့ သူတို့နှစ်ယောက်သည် စစ်မှန်သောတရားကို ရှာဖွေတွေ့ရှိထားသည်ဟု လူအများကလက်ခံထားသော ဆရာကြီးတစ်ယောက်ထံကို ရောက်ခဲ့ကြသည်။ သူကား သဉ္စယဗေလဋ္ဌပုတ္တခေါ် သိဉ်းစည်းဆရာကြီးပင်တည်း။ သူသည် ဘီစီခြောက်ရာစုကာလက ရှင်တော် ဂေါတမဗုဒ္ဓနှင့် ထင်ရှားသောခေတ်ပြိုင်ပုဂ္ဂိုလ်တွေထဲတွင် တစ်ယောက်အပါဝင်ဖြစ်ရုံသာမက ကိုယ်ကိုယ်တိုင်ကလည်း ဘုရားဟုကြွေးကြော်ထားသူဖြစ်ပါသည်။
          အဆိုပါ ဆရာကြီးလက်အောက်တွင် ဥပတိဿနှင့် ကောလိတတို့ သူငယ်ချင်းနှစ်ယောက်သည် ကျိုးနွံစွာဖြင့် နည်းနာခံကြ၊ လေ့လာသင်ယူကြလေသည်။ လူအများပေါ်တွင် လွယ်လွယ်ကူကူ လှည့်စားထားနိုင်သော်လည်း ဂေါ်မစင်သည် ပတ္တမြားကို ဖုံးအုပ်ထားခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အသိဥာဏ်ကြွယ်လှသော တပည့်သစ်နှစ်ယောက်ကိုတော့ ဆရာကြီး၏တရားများက ဘုရားမဟုတ်ကြောင်း သက်သေပြသလိုဖြစ်နေသည်။ သူငယ်ချင်းနှစ်ယောက်သည် စစ်မှန်သောတရားကို အမှန်တကယ်မတွေ့ရှိသေးကြောင်းကို သိသည်နှင့်တစ်ပြိုင်နက် ဆရာကိုစွန့်ခွာခဲ့ကြသည်။ အမှန်တရား ရှာပုံတော်ခရီးကို ထပ်မံ၍ ဦးတည်ခဲ့ကြပြန်သည်။
          “ဆန္ဒဝတော ကိံ နာမကမ္မံ နသိဇ္ဈတိ: ဆန္ဒရှိသူတွေအတွက် မဖြစ်နိုင်တာမရှိ၊ ဝိရိယမတော ကိံ နာမကမ္မံ နသိဇ္ဈတိ: ဝိရိယနှင့် လုပ်ဆောင်နေသူတို့အတွက် မဖြစ်နိုင်တာမရှိ” ဆိုသကဲ့သို့ စစ်မှန်သော အမှန်တရားကို ရှာဖွေနေကြသော သူငယ်ချင်းနှစ်ယောက်အဖို့ အမှန်တရားကို ညွှန်ပြနိုင်သော ဆရာစစ် ဆရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ ပျား၏အရသာကို သိဖို့ရာအတွက် တစ်အုံလုံးကို သောက်ကြည့်ရန်မလို၊ တစ်စက်မျှသော ပမာဏနှင့်ပင် လုံလောက်ပါသည်။ အနည်းကျဉ်းမျှ တရားတော်ကို ကြားသိရုံနှင့် သောကငြိမ်းအေးစေနိုင်သော တရားများကို ထိုးထွင်းသိမြင်ထားသော ဘုရားစစ်ဘုရားမှန်ကို သူတို့လက်ခံနိုင်ကြလေပြီ။ သူတို့နှစ်ယောက်သည် သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ နောင်တွင် မြတ်စွာဘုရား၏ ထင်ရှားကျော်ကြားလှသော လက်ဝဲ၊လက်ျာ တပည့်ကြီးနှစ်ပါးဖြစ်ခဲ့ကြသူများပင်တည်း။ သူတို့ကား ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် တို့ပင်ဖြစ်သည်။
          အမှန်တရားကို ရှာဖွေတွေ့ရှိသွားသော သူငယ်ချင်းနှစ်ယောက်သည် မိမိတို့အပေါ်တွင် ကျေးဇူးရှိဖူးသော ဆရာဖြစ်သူ သိဉ်းစည်း(သဉ္စယဗေလဋ္ဌပုတ္တ)ဆရာကြီးကိုလည်း လမ်းမှန်ကို လျှောက်လှမ်းစေလိုသော ကောင်းမြတ်သောဆန္ဒရှိသည့်အလျှောက် သွားရောက်ခေါ်ငင်ရန် အားထုတ်ခဲ့ကြဖူးသည်။ သို့ရာတွင် သိဉ်းစည်းဆရာကြီး၏ သဘောထားက ရှင်းသည်။ သူသည် ဒီအသက် ဒီအရွယ်ရောက်မှ မည်သူ၏ တပည့်အဖြစ်ကိုမှ မခံလိုတော့ကြောင်း ပြန်ပြောသည်။
          စစ်မှန်သောတရားကို ရှာဖွေတွေ့ရှိထားသူထံ လာရောက်ခေါ်ငင်သူ တပည့်နှစ်ယောက်ကို သိဉ်းစည်းဆရာကြီး၏ ပြန်ပြောပုံမှာ “လောကတွင် မကောင်းသောသူနှင့် ကောင်းသောသူတို့တွင် မကောင်းသောသူကသာ ပိုများသည်၊ သူတော်ကောင်းများသည် ဂေါတမဗုဒ္ဓထံကို သွားကြ၍ မကောင်းသော သူများသည် ငါ့ထံသို့ လာကြလိမ့်မည်” တဲ့။ အသွင်ခြင်းတူရုံမျှဖြင့် ဖန်သားသည် စိန်ဖြစ်ရိုးထုံးစံမရှိပေ၊ မည်မျှပင် ကျွမ်းကျင်သော ကျောက်သွေးသမားက သွေးစေကာမူ အဆိုပါဖန်သားသည် စိန်ကဲ့သို့ အဖိုးထိုက်လာမည် မဟုတ်သည်ကို သိနားလည်သွားကြသော သူငယ်ချင်းနှစ်ယောက်သည် ဆရာကြီးကို ထားရစ်ခဲ့ကာ မိမိတို့ယုံကြည်ရာ ပန်းတိုင်ကိုလျှောက်လှမ်းရန် နောက်ပါအသီးသီးဖြင့်ထွက်ခွာခဲ့ကြတော့သည်။
          လောကတွင် အမှားမှန်းပင်သိသော် ဇွတ်အတင်းလုပ်နေကြသော သိဉ်းစည်းကဲ့သို့သူများ ထုနဲ့ထေးပင်ရှိလေသည်။ သူတို့သည် “တစ်တက်စားလည်း ကြက်သွန်ဖြူ၊ နှစ်တက်စားလည်း ကြက်သွန်ဖြူပဲ” ဟု လက်ခံထားကြသူများဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားက တရားတော်ကို သိမြင်ဖို့ရာ လွန်စွာခဲယဉ်းသည်။ သိပင်သိကြသော်လည်း သိသည့်အတိုင်း လိုက်နာဖို့ရာမူကား ပို၍ပင်ခဲယဉ်းလှသည်၊ ကျင့်ပင်ကျင့်ကြသော်လည်း သစ္စာတရားကို ထိုးထွင်းသိသူ နည်းပါးလှသည်ဟု မိန့်ကြားတော်မူခဲ့လေသည်။
          “ပျက်အစဉ် ပြင်ခဏ” ဆိုသကဲ့သို့ မှားမှန်းသိသောအချိန်တွင် အမှန်ပြင်နိုင်အောင် ကျိုးစားအားထုတ်သင့်လှသည်။ မကောင်းမှုသည် အမှောင်တိုက်ပမာဖြစ်၍ ကောင်းမှုသည် အလင်းရောင်သဖွယ်ဖြစ်သည်။ အမှောင်ကမ္ဘာမှာ စမ်းတဝါးဝါးလျှောက်လှမ်းနေမည့်အစား အလင်းရောက်အောက်တွင် ရွှင်ရွှင်ပြပြလျှောက်လှမ်းရသောဘ၀က ပို၍ငြိမ်းချမ်းလှပါသည်။
          တမ္ဗဒါဋ္ဌိက သူခိုးကြီးသည် မကောင်းမှုများစွာကိုကျူးလွန်ခဲ့သည်။ ရှင်ဘုရင်၏ ဖမ်းဆီးခြင်းကို ခံရသောအခါတွင် မိမိနှင့်အတူအကျဉ်းစံ လုပ်ဖော်ကိုင်ဖက်များကို သတ်မည့်အမှုထမ်းမရှိသည့်အတွက် ရာဇဝက်သားထဲကနေ လူဆိုးသတ်ရာထူးကို ရွေးချယ်ခဲ့သည်။ ဇာတ်တူသားကို မစားလိုဟု အခြားလူဆိုးများက ငြင်းဆိုကြသော်လည်း တမ္ဗဒါဋ္ဌိကမူ လက်ခံလိုက်လေသည်။ ဤသို့ဖြင့် မိမိစား,၀တ်,နေရေးအတွက် ခိုးယူ၊ လုယက်ဖျက်ဆီးခြင်း အမျိုးမျိုးကိုကျူးလွန်ယင်း အမှောင်ကမ္ဘာတွင် ကျင်လည်ခဲ့သည်။ အဖမ်းဆီးခံရပြီးနောက်တွင်လည်း မိမိအသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် မိမိတို့အချင်းချင်းကို ပြန်လည်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရင်၏တရားဝင်လူသတ်ခွင့်ရ လူသတ်သမားကြီးဖြစ်လာကာ သေဒဏ်ကျ လူဆိုးလူမိုက်များကို ကွပ်မျက်စီရင်ရသောရာထူးကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့လေသည်။
          ဤသို့ဖြင့် တမ္ဗဒါဋ္ဌိကသည် အမှားသံသရာ ဝဲဂယက်တွင် အဆက်မပြတ်လည်ပတ်ကာ ဘ၀ကိုရေစုန်မျှောလိုက်တော့သည်။ မကောင်းမှုသည် စလိုက်မိသည်နှင့်တပြိုင်နက် အဆိုပါမကောင်းမှုသံသရာတွင် အဆက်ပြတ်လည်တတ်လေသည်။ နောက်ဆုတ်ဖို့ရာအတွက် အတော်ပင်ခဲယဉ်းသွားသည်။ ထို့ကြောင့်ပင် မင်္ဂလာတရားတော်တွင် မကောင်းမှုကို ဝေးစွာရှောင်ကြဉ်ခြင်းကို မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ဟန်တူသည်။
          မည်သို့ဆိုစေ အမှားသံသရာ မကောင်းမှုဝင်ကမ္ဘာမှ ရုန်းထွက်နိုင်ခဲ့သောသူများကိုလည်း ဗုဒ္ဓစာပေတို့တွင် အများအပြားပင်တွေ့နိုင်လေသည်။ ရုန်းထွက်နိုင်ခဲ့သည်အလျောက်လည်း ကောင်းကျိုးတရားများကို ခံစားခဲ့ရသည်ချည်းသာပင်။ ထိုကြောင့် မကောင်းမှုကို မလုပ်မိအောင် တတ်နိုင်သရွေ့ စောင့်ထိမ်းလိုက်နာသင့်သည်။ မတော်တဆလုပ်မိခဲ့လျှင်လည်း “တစ်တက်စားလည်း ကြက်သွန်ဖြူပဲ” ဟူသော နှလုံးသွင်းမှုကိုမပြုလုပ်ပဲ၊  “ပျက်အစဉ် ပြင်ခဏ” လမ်းစဉ်ကို လိုက်နိုင်အောင်သာ ကြိုးစားအားထုတ်ရာသတည်း။
                                                                                                        အရှင်ဥတ္တမာနန္ဒ
                                                                                                  ပေရာဒေနိယတက္ကသိုလ
                                                                                                       16th Dec 2010

0 comments:

Post a Comment