အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, April 14, 2011

လင်္ကာကျွန်းက အသံမစဲ မဟာပရိတ်ပွဲ


 လင်္ကာကျွန်းက
အသံမစဲ မဟာပရိတ်ပွဲ
         
ရှေးဆရာတော်များက ပရိတ်နှင့်ပတ်သက်လို့ “ပရိသမန္တတော ဘယံ ရက္ခတီတိ ပရိတ္တံ”ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်ကို ဗုဒ္ဓဘာသာစာပေများတွင် တွေ့ရပါသည်။ ထက်ဝန်းကျင်အရပ်မျက်နှာများမှ ကျရောက်လာမည့်ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်တတ်သောကြောင့် ပရိတ်ဟုအဓိပ္ပါယ်ရပါသည်။ ပရိတ္တ-ပရိတ်ဆိုသည်မှာ အရံအတားဟု ဆိုလိုခြင်းဖြစ်ပါသည်။ ပရိတ်ရွတ်၊ပရိတ်နာခြင်းစသော အစဉ်အလာသည် ထေရ၀ါဒနိုင်ငံတိုင်းတွင် သာသနာတော် စတင်ပွင့်လင်းကတည်းက ကိုယ့်အစဉ်လာနှင့်ကိုယ် ရှင်သန်နေသည်ကို ယနေ့တိုင်ထင်ထင်ရှားရှားတွေ့နေရပါသည်။
          သီရိလင်္ကာနိုင်ငံသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဘီစီ ၃-ရာစုတွင် အသောကမင်းကြီးစေလွှတ်ခဲ့သော ကိုးတိုင်းကိုးဌာန သာသနာပြုခရီးတွင် တစ်ခုအပါဝင်ဖြစ်ပြီး၊ သားတော်မဟိန္ဒနှင့် သမီးတော်သင်္ဃမိတ္တာထေရီမတို့၏ ဦးဆောင်သာသနာပြုခဲ့သည်မှစ၍ ယနေ့တိုင် သာသနာတော်ခိုင်မြဲစွာတည်ရှိနေပါသည်။ ကျွန်းနိုင်ငံငယ်လေးဖြစ်သော်လည်း ဗုဒ္ဓဘာသာကို ကမ္ဘာတစ်လွှားဝင့်ဝင့်ကြွားအောင် သာသနာပြုများ စဉ်ဆက်မပြတ် ပြောင်မြောက်စွာ မွေးထုတ်ပေးခဲ့ပြီး၊ ယခုတိုင်လည်း မွေးထုတ်ပေးနေဆဲလည်းဖြစ်ပါသည်။
          ထေရ၀ါဒနိုင်ငံအချင်းချင်းဖြစ်ကြသော်လည်း ဘာသာရေးနှင့်ဆက်နွယ်နေသော ထုံးတမ်းစဉ်လာများကမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားကြပါသည်။ ဒါကိုပင်လျှင် ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခု ဖြစ်ထွန်းသည်လို့ ဆိုရမည်ဖြစ်ပါသည်။ ပမာဆိုရသော် သီရိလင်္ကာ နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသော စေတီများကို ထူပါရုံစေတီပုံစံတစ်မျိုးတည်းဖြင့်တွေ့မြင်နိုင်သည်။ အရောင်မှာလည်း အဖြူရောင်တစ်မျိုး(ထုံး)ကိုပင် ချယ်သထားသည်။ ရွှေချထားသောစေတီများကိုမူ မြန်မာနိုင်ငံတွင်သာ အများအားဖြင့်တွေ့ရလေ့ရှိပါသည်။
          အဖြူရောင်သည် သန်းရှင်းစင်ကြယ်သည့်သင်္ကေတကိုဆောင်ပြီး သီဟိုဠ်သားတို့၏ လူနေမှုပတ်ဝန်းကျင်ကိုထင်ဟပ်စေပါသည်။ ဘာသာရေးအခမ်းအနားတိုင်းတွင် အဖြူရောင် အထက်အောက်ဆင်တူ ၀တ်ဆင်လေ့ရှိသည်ကို သမ္မတ သူဌေးသူကြွယ်မှစ၍ ဆင်းရဲသားများ တိုင်အောင်တွေ့ရသည်။ ထိုပြင် ဆန်းဒေစကူးကျောင်းသားများအပါအ၀င် တစ်နိုင်ငံလုံးရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအားလုံး အဖြူရောင်ဝတ်စုံဖြင့်သာ ကျောင်းတက်ကြရကိုလည်း တွေ့မြင်ရသည်။
          အကြောင်းအမျိုးမျိုးကြောင့် ဒေသခံစင်္ဟာလကျောင်းများတွင် နေထိုင်ကာ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျှက်ရှိကြသည် မြန်မာရဟန်းတော်များသည် သီဟိုဠ်သားတို့၏ ဘာသာရေးဆိုင်ရာ ရိုးရာအခမ်းနားမျိုးစုံကို အခါအားလျှော်စွာ တက်ရောက်ကြ၊ ပါဝင်ဆင်နွဲကြရသည်။ သာရေးနာရေးများတွင်လည်း မဖြစ်မနေဆိုသကဲ့သို့ ပါဝင်ကူညီကြရသည်။
          မိမိမှာ ဒေသခံစင်္ဟာလကျောင်းကို စတင်ရောက်သည့်နေ့မှာပင် ကျောင်းတိုက်အတွင်းကျင်းပသည့် ပရိတ်ရွတ်ပွဲကြီးကိုကြုံရသည်။ ဆွမ်းစားကွမ်းစားစသော လုပ်ရိုးလုပ်စဉ် သာရေးနာရေးများတွင် ရတနာသုံးပါးဂုဏ်တော်များနှင့် မေတ္တသုတ်စသည်တို့လောက်သာ ရွတ်ဖတ်လေ့ရှိပါသည်။ မြေသန့်၊အိမ်သစ်ဆောက် နေထိုင်မကောင်းဖြစ်ရာနှင့် အခြားသော အကြောင်းထူးကိစ္စများတွင်သာ ညလုံးပေါက်ပရိတ်ရွတ်ဖတ်ပူဇော်ကြသည်။ မြန်မာနို်င်ငံတွင် မဟာပဌာန်းပွဲကဲ့သို့ သီရိလင်္ကာတွင်လည်း မဟာပရိတ်ရွတ်ဖတ်ပူဇော်ပွဲရှိပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ရွက်ဖတ်သော ပဋ္ဌာန်းပွဲများမှာ ရက်ရှည်ကျင်းပကြသော်လည်း သီရိလင်္ကာပရိတ်ပွဲမှာမူ တစ်ညတည်းသာဖြစ်သည်။
          ညကိုးနာရီခန့်တွင် မဟာပရိတ်ရွတ်ဖတ်ပူဇော်သည့်အိမ်မှ ကားဖြင့်လာပြီး သံဃာတော်များကို လာရောက်ပင့်ဆောင်ပါသည်။ ထိုသို့ပင့်ဆောင်ရာတွင် ဘုရားကို ရှေးဦးစွာပင့်ဆောင်ရသည်။ ဆွမ်းစားကွမ်းစားတိုင်းတွင်လည်း ဤသို့ပင် ပင့်ဆောင်ရသည်။ ဘုရားကိုပင့်ဆောင်ရာတွင် ကျောင်းအမိုးနှင့် လွတ်သည့်နေရာမှစပြီး ကားအတွင်းရောက်သည့်တိုင်အောင်၊ တခါ ကားအတွင်းကနေ အိမ်အမိုးအောက်ရောက်အောင် သီးသန့်ထီးဖြင့်ပင့်ရသည်။ ထိုနောက် သံဃာတော်များ အစဉ်တိုင်းကြွကြပါသည်။ ထိုသို့ပင့်ဆောင်ရာတွင် ရိုးရာတီးမှုတ်ခြင်းတို့လည်း ပါဝင်လေသည်။
          အိမ်အတွင်းဝနားအရောက်တွင် သံဃာတော်များ၏ခြေကိုရေအနည်းငယ်ဖြင့်ဆေးပြီး ခြေကိုသုတ်ပေးပါသည်။ ဒါကလည်း အခမ်းအနားတိုင်းတွင်တွေ့ရပါသည်။ ဧည့်ခန်းမကြီး၏ အလယ်တည့်တည့်တွင် ပရိတ်စင်တစ်ခုထားရှိပြီး၊ မဂ္ဂင်ရှစ်ပါးပုံဖော်ထားသော ပန်းခက်များကို ချယ်သထားပြီ ပန်းအမျိုးမျိုးဖြင့် တန်ဆာဆင်ထားသည်ကိုတွေ့ရသည်။ ပရိတ်စင်ပတ်လည်တွင် ပုံစံမျိုးစုံဖြင့် တရားနာဖို့ရန်အသင့်ရှိနေသော တရားနာပရိသတ်များကို တွေ့ရမှာဖြစ်သည်။
          ပရိတ်စင်မှာ ရှစ်ပေပတ်လည်ခန့်ကျယ်ဝန်းပြီး ထောင့်ရှစ်ခုပါရှိသည်။ အထဲတွင် သံဃာတော်များထိုင်ဖို့ရန်ခုံများခင်းထားသည်။ ပရိတ်အိုးများ အမွှေးနံ့သာများနှင့် ငါးမျှင်ခန့်စုထားသော ပရိတ်ချည်ကြိုးသုံးချောင်းကို ကွမ်းသီးအဖူးနုနုတွင် ရစ်ပတ်ထား၏။ သံဃာတော်များ ပရိတ်ချီးမြှင့်စဉ်တွင် ယင်းချည်မျှင်များကို ပရိတ်စင်မှတဆက်တည်းဆွဲကာ တရားနာသူအားလုံး၏လက်ဖြင့်ကိုင်စေရသည်။ ပရိတ်ကြိုးမှာ သံဃာတော်များနှင့်ထိစပ်နေပြီး ဓာတ်ကူးသည့်သဘောမျိုးပင်ဖြစ်လေမည်လားမသိ။
          အထဲတွင်လည်း လက်သန်းလုံးခန့်ရှိသောကြိုးတစ်ချောင်းကို သံဃာတော်များက ကိုင်ထားကာ ယင်းကြိုးဖြင့်ပင် ဘုရားကိုလည်းထိထားရသည်။ တဆက်တည်းမှာပင် ပရိတ်စင်အထက်ရှိထောင့်တိုင်းတွင် အသင့်လုပ်ထားသောကွင်းများအတွင်းသို့ထည့်ပြီး လူများကိုင်ထားသောပရိတ်ချည်ဖြင့်ထိစပ်စေရသည်။
          အားလုံးအသင့်ဖြစ်သောအခါ တရားနာပရိတ်သတ်က နမောတဿဖြင့်စတင်ကာ ကန်တော့ပြီးနောက် ဆရာတော်တစ်ပါးက သရဏဂုံသုံးပါးကိုတိုင်ပေးပြီး ငါးပါးသီလကို ဆောက်တည်စေပါသည်။ ထိုနောက် အခြားဆရာတော်တစ်ပါးက တရားအနည်းငယ်ဟော၍ နောက်တစ်ပါးက နတ်ဖိတ်ခြင်းစသောလုပ်ငန်းများကိုစတင်လေသည်။
          ထိုနောက် ပရိတ်ရွတ်ခြင်းကိုစတင်ပါသည်။ ရွတ်ဖတ်ပုံမှာ ဦးဆောင်ရွတ်သောသူက ဂါထာ၏ပဌမပါဒကိုစဆိုပြီး ၄င်းအသံမပြတ်ခင်မှာ သံဃာတော်အားလုံးက ဒုတိယပါဒကို ရွတ်ဖတ်ကြရသည်။ ဤနည်းဖြင့် ည ၁၂-နာရီတိုင်အောင်စုပေါင်းရွတ်ကြသည်။ ထိုနောက် အလှည့်နှစ်ပါးစီက မိုးလင်းအောင်ရွတ်ကြသည်။ ယင်းသို့ရွတ်ရာတွင် အသံကို ရှည်နိုင်သမျှ ရှည်အောင်ဆွဲပြီး ရွတ်ဆိုကြသည်။ ထိုကြောင့် ရတနာသုံးပါးဂုဏ်တော်မျှဖြင့်ပင် အချိန်အတော်ကြာလေသည်။
          ပရိတ်ရွတ်သော သံဃာတော်များ၏အလယ်တွင် ပရိတ်ရေအိုးနှင့်၊ ဆန်၊စပါး၊ပဲ ပန်း၊သစ်သီးအမျိုးမျိုး သဲ၊ကျောက်စသည်တို့ထည့်ထားသော အိုးလေးများချထားသည်။ သံဃာတော်များက ပရိတ်ရွတ်နေစဉ်အတွင်း အသင့်ချထားသော ရေမွှေးပုလင်းကနေ မိမိတို့၏လက်ကိုဆွတ်သည်ကိုလည်းတွေ့ရပါသည်။ ပရိတ်စင်ဝင်ပေါက်တွင် ကွမ်းနှင့် အုံးသီးခိုင် အကင်းခိုင်တွေကို ပန်းအိုးသဖွယ်ထိုးထားသည်ကိုလည်းမြင်ရသည်။
          မဟာပရိတ်ရွတ်ပွဲအခမ်းနားများတွင် သံဃာတော်များစတင်ကြွရောက်သည်နှင့် ရိုးရာယဉ်ကျေးမှုဝတ်စုံ ၀တ်ဆင်ထားသောလူငယ်များက ခရုသင်းမှုတ်ကာ ဗုံတီးကြသည်။ သံဃာတော်များ အဖွဲ့လိုက်ပရိတ်ရွတ်ပြီးသောအခါတွင်လည်း တီးမှုတ်ကြပြန်ပါသည်။ နောက်တစ်နေ့ တရားနာ၊အရုဏ်ဆွမ်းကပ်ပြီးလျှင် မဟာပရိတ်ပွဲမှာပြီးဆုံးတော့သည်။
          တစ်ခုပြောစရာရှိသည်မှာ ဆင်းရဲချမ်းသာမရွေး ရိုးရာအစားအစာ တစ်ပုံစံတည်းဖြင့်သာ ဆွမ်းကပ်ကြခြင်းဖြစ်သည်။ တစ်ခါတွင် သမ္မကိုယ်တိုင် ဆွမ်းကပ်သော အခမ်းအနားတစ်ခုကိုကြွရောက်ဖူးပါသည်။ အများပြည်သူကပ်သည့်ဓလေ့အတိုင်းသာပင်။ အပြင်ဆင်မှာလည်း မကွဲပြားပေ။ လှူဖွယ်ဝတ္ထုကိုတော့ မိမိတို့တတ်စွမ်းသလိုလှူဒါန်းကြ၏။ ပရိတ်ရွတ်ခြင်းနှင့် အခမ်းအနားပြင်ဆင်ပုံကို စာပေလာအတိုင်းဖြစ်ကာ၊ ကျန်သောတ၀က်ကမူ ရိုးရာဓလေ့နှင့်ရောထားဟန်ရှိပါသည်။
          ပရိတ်တော်နိဒါန်းတွင် ဖော်ပြထားသော ဘုရားရှင်လက်ထက်က ဖြစ်စဉ်လေးတစ်ခု ရှိပါသည်။ ဇနီးမောင်နှံနှစ်ဦးသည် မွေးကင်းစ,ကလေးငယ်ကိုချီကာ မိတ်ဆွေဖြစ်သူ တောနေရှင်ရသေ့ထံ ဖူးမျှော်ရန်ရောက်လာသည်။ မိမိတို့၏ မွေးးကင်းစရင်သွေးငယ်အတွက် ဘ၀မှာထိပ်တန်းရောက်ရန် အောင်မြင်ကျော်ကြားရန် ကောင်းချီးမင်္ဂလာပြုအောင် ရောက်လာခြင်း ဖြစ်ပေသည်။
          ဇနီးမောင်နှံနှစ်ဦး ရှိခိုးဦးချပြီးသောအခါ အသက်ရှည်စွာ အနာမဲ့ကြောင်းဖြစ်စေဖို့ “သုခီဒီဃာယုကော ဟောတု (အသက်ရှည်၍ ကျမ္မာ-ချမ်းသာပါစေ)”လို့ ရသေ့ကဆုပေး၏။ ထိုနောက် မိဘများက ရင်သွေးငယ်ကို လက်ချီမိုးကာ ရှိခိုးခြင်းကိုပြုစေရာတွင် ရသေ့ကဆုမပေးပဲ ဆိတ်ဆိတ်နေ၏။ မိဘများက ဆုပေးရန်တောင်းဆိုတော့ ရသေ့က “သင်တို့ကလေးမှာ အသက်ရှည်ဖို့ရာအကြောင်းကို ငါမမြင်၊ ခုနှစ်ရက်သာနေရလိမ့်မယ်”လို့ပြောလေသည်။
          မိဘများက တန်ခိုးတော်နှင့်ပြည့်စုံသော ရှင်ရသေ့အနေဖြင့် မိမိတို့သားလေး၏ အသက်ဘေးမှ ကာကွယ်ပေးရန် တောင်းပန်လေသည်။ ရသေ့က “ဘေးရန်ကိုမြင်သော်လလည်း မကာကွယ်နိုင်ကြောင်း မြတ်စွာဘုရားသာလျှင် တတ်နိုင်လိမ့်မည်ဖြစ်ကြောင်း” လမ်းညွှန်လိုက်လေသည်။ ရင်သွေးငယ်ကိုချီကာ မိဘများသည် ဘုရားရှင်ရှိရာ ကျောင်းတော်သို့ အူယားဖားယားရောက်လာရတော့သည်။
          ဘုရားရှင်က ကလေးငယ်အသက်ရှည်ရေးအတွက် အိမ်တွင်ပရိတ်ရွတ်ဖို့အတွက် ဆောင်ရွတ်ဖွယ်ရာများကို မိန့်ကြားလိုက်လေသည်။ ပရိတ်မဏ္ဍာပ်ကို သဲဖြူခင်း၊ယာစမတ်ကာ စသော အစီရင်များလုပ်ပြီးနောက် ရဟန်းတော်များထိုင်ဖို့ရန် နေရာရှစ်ခုနှင့် ဘုရှင်အတွက်တစ်ခုကိုပါ ပြင်ဆင်ထားလေသည်။ ထိုနောက် မြတ်စွာဘုရားက ရဟန်းတော်ရှစ်ပါးကို ကြွရောက်စေကာ ပရိတ်ရွတ်ဖတ်ခိုင်း၏။ ရဟန်းတော်များ ပရိတ်ရွတ်ဖတ်ရာ အလယ်တွင် ကလေးငယ်ကို ချထားစေပါသည်။
          ခုနှစ်ရက်မြောက်နေ့တွင် ဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်ကာ ပရိတ်ချီးမြှင့်၏။ တန်ခိုးကြီးသောနတ်များလည်း တရားနာလာကြ၏။ ၀ဿဝဏ်နတ်မင်းထံတွင် ခစားကာ အလုပ်ကျွေးပြုခြင်းကြောင့် ဆုလာဘ်အဖြစ်ရထားသော ကလေးငယ်ကို စားသောက်ဖို့ရန် ရောက်လာသော ဘီလူးတစ်ကောင်မှာ တန်ခိုးကြီးသောနတ်တို့၏အရှိန်ကြောင့် နောက်ကိုဆုတ်ပေးရပြီး ကလေးငယ်ကိုစားခွင့်မရတော့ပေ။
          လောကဓမ္မတာအတိုင်း အစွမ်းရှိသူရောက်လာလျှင် မရှိသူကရှောင်ပေးရသည်။ ရာထူးကြီးသူရောက်လာလျှင် ငယ်တဲ့သူကနောက်ဆုတ်ပေးရသည်။ ထိုကြောင့် တန်ခိုးကြီးသောနတ်များ ရောက်လာတိုင်းနောက်ကိုဆုတ်ပေးနေရ၍ မိမိကို  သတ်မှတ်ထားသော အချိန်တွင် ကလေးငယ်ကိုစာဖို့ရန် အခွင့်ရသောဘီလူးမှာ အချိန်လွန်သွားကြောင့် စားခွင့်မရှိတော့။ ခုနှစ်ရက်သာ နေရမည်ဆိုသော ထိုကလေးငယ်မှာ အသက်-၁၂၀-တိုင်အောင်နေသွားရသည်။
          မြတ်စွာဘုရားက အသက်ရှည်ရခြင်း၏ အဓိကအကြောင်းကို မိန့်တော်မူရာတွင် “ရတနာသုံးပါးနှင့် မိဘဆရာသမားများ အသက်သိက္ခာ သီလစသောဂုဏ်ကြီးမားသူများကို အရိုအသေပြု ရှိခိုးလေ့ရှိသောသူများသည် အသက်ရှည်၊အဆင်းလှခြင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊  ကာယ၊ညာဏစွမ်းအားစသည့် အကျိုးတရားလေးပါးနှင့် ပြည့်စုံနိုင်ကြောင်း” မိန့်တော်မူပါသည်။ ပရိတ်တော်၏အကျိုးဟုဆိုကလည်းမှန်ပေသည်။ ဝေသာလီပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်း စီးပွားပျက်ကပ်ဆိုက်ခြင်းစသော ဘေးဒုက္ခများကို ပရိတ်တရားတော်ကို ရွတ်ဖတ်နာယူခြင်းတို့ကြောင့် ကင်းပျောက်စေခဲ့သော သာဓကများရှိပါသည်။
          စိတ်ပညာရှုထောင့်ကနေကြည့်လျှင် အရိုအသေပြုခြင်းသည် မာနထားခြင်းကြောင့် မဖြစ်သင့်သောဆိုးကျိုးများကို ရှောင်ရှားနိုင်ခြင်း၊ မေတ္တာသဘောသက်ဝင်သော ငြိမ်းချမ်းသော လူ့အသိုင်းဝိုင်းကိုရှေးရှုခြင်းကိုဖြစ်စေပါသည်။ ဗုဒ္ဓ၏အဆုံးမများသည် ရွတ်ဖတ်ရန်သက်သက်မျှမဟုတ်။ အဓိကအားဖြင့် လက်တွေ့ကျင့်သုံးရသော တရားတွေလည်းဖြစ်ပါသည်။
          ဗုဒ္ဓစာပေသည် လက်တွေ့ကျင့်သုံးခြင်းကြောင့် ရရှိနိုင်သော လက်ငင်းအကျိုးများ၊ မလိုက်နာ၍ တွေ့ကြုံခံစားရမည့် ဘေးထွက်ဆိုးကျိုးများကို အပြည့်စုံလမ်းညွှန် ဖော်ပြထားသော ကမ္ဘာ့တက်ကျမ်းကြီးများဖြစ်သည်။ လက်ငင်းပစ္စက္ခမှာပင် ကြီးပွားအောင် တိုးတက်အောင် လူတန်းစားမခွဲခြားပဲ တိုက်ရိုက်ဖော်ညွှန်းထားသည်။ ထိုကြောင့် စီးပွားရေး ပညာရေး ချမ်းသာကြီးပွားရေးတိုင်းတွင် အောင်မြင်လိုသူတိုင်းသည် ဗုဒ္ဓစာပေများကို ရွတ်ဖတ်နေခြင်းထက် လိုက်နာကျင့်သုံးခြင်းတို့ကိုသာ မိမိတို့၏ လက်တွေ့ကျသော နေ့စဉ်လူမှုဘ၀ထဲအထိရောက်အောင် ယူဆောင်သွားရမည်ဖြစ်ပါသည်။
အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
၏ 
"သူတို့လျှောက်သောလမ်း" မှ
                                      **********

0 comments:

Post a Comment