အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, April 4, 2011

မရိုးနိုင်တဲ့ ရိုးရာဓလေ့


   မရိုးနိုင်တဲ့ ရိုးရာဓလေ့
          မနေ့ညက တစ်ညလုံး မိုးကြီးသဲသဲမဲမဲရွာသွန်းခဲ့သောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ရသည်။ အီကွေတာနှင့်နီးသော သီရိလင်္ကာ၏နွေနေ့ရက်များသည် မြန်မာတို့၏ အညာနွေရက်များကဲ့သို့ နေရထိုင်ရတာ သိပ်ပြီးတော့ သက်တောင့်သက်သာမရှိလှ။ အခုတော့ နွေရက်များကို အဝေးကိုသယ်ဆောင်ပေးသော ကိုရွှေမိုးကို ကျေးဇူးတင်ရသည်။ တစ်ညလုံးရွာနေသောမိုးသည် မနက် ၅-နာရီခန့်တိုင်အောင် အဆက်မပြတ်ရွာနေဆဲ။
          သို့ရာတွင် ပတ်ဝန်းကျင်အနှံ့ ရုတ်တရက်ပျံ့လွင့်လာသော ၀ုန်းဝုန်းဒိုင်းဒိုင်း အသံများကြောင့် စောစောစီးစီး အိပ်ရာမှကျောကိုခွာရတော့သည်။ မိုးကြိုးပစ်လိုက်တဲ့အသံလို စိတ်ထဲမှာဇဝေဇ၀ါ။ မိုကလည်းရွာနေဆဲပဲလေ။ ခဏနေတော့ ဒကာတစ်ယောက်က လှူဖွယ်တွေနဲ့ရောက်လာပြီး လောကုဟာမူးသရူး (ကျောင်းထိုင်ဆရာတော်) ကို လာကန်တော့သည်။ မိမိကိုလည်း Happy New Year! လို့ လာရောက်နူတ်ဆက်လို့ အလိုက်သင့်ပင် ပြန်လည်နူတ်ဆက်လိုက်ပါသည်။
          ထိုနောက် အဆိုပါဒကာနှင့်ပင် သီရိလင်္ကာလူမျိုးတို့၏ နှစ်သစ်ကူးအကြောင်းကို စကားလက်ဆုံကြဖြစ်သည်။ ထိုဗြောက်အိုးဖောက်သံများမှာလည်း နှစ်ကူးအထိမ်မှတ် ဖောက်ကြတာဖြစ်ကြောင်းကို သိလိုက်ရပါသည်။ မိမိတို့ စကာကောင်းနေစဉ်မှာပင် အခြားသောဒကာ/ဒကာမများ တဖွဲဖွဲရောက်လာကာ သံဃာတော်များကိုကန်တော့ကြသည်။
          သီရိလင်္ကာလူမျိုးတို့၏ နှစ်သက်ကူးကာလမှာ ဧပြီလ၏ ၁၃-၁၄ တွင် နှစ်စဉ်ကြလေ့ရှိပါသည်။ အလုသ၀ုရုဓု (Aluth Avurudhu) ခေါ် အဆိုပါနှစ်သက်ကူးကာလ အခါသမယတွင် နေမင်ကြီးသည် မီးဧနရရှိယ (Meena Rashia) ကနေ မေရှရရှိယ (Mesha Rashiya) ကို ပြောင်းရွှေ့သွားခြင်းဖြင့် နှစ်သက်ကူးတယ်လို့ ရိုးရာဒဏ္ဍာရီအလိုရ သိရပါသည်။

          အဆိုပါနှစ်ကူးကာလတွင်  အလုပ်များကိုရပ်နားပြီး လူကြီးရော လူငယ်ပါမကျန် ဘုန်းတော်ကြီးကျောင်းများကိုသွားကာ ရိုးရာဓလေ့နှင့်အညီ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။ ယင်းကာလတွင် အလုပ်,လုပ်ခြင်းကို ကျက်သရေမင်္ဂလာမရှိတတ်ဟု အစဉ်အလာရ ယူဆကြသည်။ ထိုပြင် တခြားသော ရိုးရာနှစ်သစ်ကူးပွဲတော်များကဲ့သို့ မိမိတို့သက်ဆိုင်ရာ ပျော်ပွဲရွှင်ပွဲများဖြင့်လည်း ကျင်းပသည်ကိုတွေ့မြင်ရသည်။
          မိမိနေထိုင်သောကျောင်းတွင်လည်း ရိုးရာနှစ်ကူးပွဲတော်ကို ခမ်းနားစွာကျင်းပပါသည်။ နံက် ၆-နာရီခန့်တွင် ကျောင်းထိုင်ဆရာတော်က မိမိနေထိုင်ရာအခန်းကိုရောက်လာပြီး Happy New Year လို့နူတ်ဆက်ပြီး မင်းငါ့ကိုတစ်ခုလောက်ကူညီနိုင်မလားဟု ဆိုလာသောကြောင့် ကူညီရအောင်လိုက်သွားရသည်။
          ဆရာတော်နှင့်အတူ ကျောင်းဝိုင်းထဲမှာပင်ရှိသော ရေတမာပင်မှအရွက်များ ကိုခူးရသည်။ ဗောဓိညောင်ရွက်များကို လိုက်ကောက်ရသည်။ မိမိမသိသော အခြားသစ်မင်များမှ အရွက်များနှင့်အခေါက်များကိုလည်း လိုက်လံခူးရ၊ခွာရသည်။ ဤသို့ဖြင့် အရွက်များ အတော်စုံလင်သောအခါ ကျောက်ဆုံထဲကိုထည့်ပြီးထောင်းရပါသည်။ ထိုနောက် အရည်ညှစ်ကာ ခွက်ကြီးတစ်လုံးထဲကို စုပေါင်းထည့်ရသည်။ ထိုနောက် ဆီတစ်မျိုးဖြင့်ရောကာ ခွက်သန့်သန့်တစ်ခုထဲကိုထည့်ကာ နှစ်ကူးအခန်းနားကျင့်ပမည့်နေရာတွင် အသင့်ပြင်ထားပါသည်။
          အခြားစုပေါင်းထောင်းရသော ပစ္စည်းများမှာ ရေတမာရွက်၊ ဗောဓိညောင်ရွက်၊ ရှားစောင်းလက်ပတ်၊ မိတ်သလင်အမြစ်၊ သစ်ဂျပိုးခေါက်၊ သံပုရာသီး၊ ဆီ စသည်တို့ ဖြစ်ပါသည်။
          နံက် ၁၀-နာရီခန့်တွင် ဒကာ/ဒကာမများ ကလေးသူငယ်များ လူငယ်လူရွယ်များသည် ကျောင်းသို့ရောက်လာကာ ငါးပါးသီလဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြ၏။ ယင်းနောက် သစ်ရွက်စသည်တို့မှရသော အထက်ပါသတ္တုရည်ကို ကွမ်းရွက်ဖြင့် ၄င်းတို့၏ဦးခေါင်းကိုသုတ်ပေးရသည်။
          အချို့သောသူများက ပုလင်းငယ်များ ခွက်များဖြင့် အိမ်မှာကျန်ခဲ့သောသူတို့အတွက် ထည့်ယူသွားသည်ကိုလည်းတွေ့ရလေသည်။ တစ်ခုပြောစရာရှိသည်မှာ မိမိတို့နိုင်ငံမှာလို အောင်သပြေနှင့်ဖျန်းပက်သည်ကို မတွေ့ရပဲ ကွမ်းရွက်ကိုအသုံးပြုသည်ကိုသာ တွေ့ရသည်။ သီဟိုဠ်သားတို့၏ ဘာသာရေးထုံးတမ်းစဉ်လာ အခမ်းနားများတွင် ကွမ်းရွက်သည်မပါမဖြစ်ပေ။
          နှစ်ကူးကာလတွင် ယင်းကွမ်းရွက်ဖြင့်ပင် ဆရာတော်များနှင့် အသက်အရွယ် ကြီးရင့်သူများကို ကန်တော့ရာတွင် အသုံးပြုပါသည်။ ကွမ်းရွက်ကို မေတ္တာတရားနှင့် ကျေးဇူးတရားတို့၏ သင်္ကေတအဖြစ် လက်ခံကြသည်ဟု သိရပါသည်။။ အဆိုပါကွမ်းရွက်တံဆိပ်ဖြင့် နိုင်ငံရေးဖွဲ့စည်းတစ်ခုလည်းရှိသည်။
          သို့ရာတွင် မည့်သည့်အခြေနေတွင်ဖြစ်စေ စားရန်အသင့်ပြင်ဆင်ထားယာထားသော ကွမ်းယာကိုမတွေ့ရပါ။ ပစ္စည်းပစ္စယအစုံအလင်ဖြင့် ဗန်းငယ်ထဲကိုထည့်ကာ အသင့်ပြင်ဆင်ထားသည်ကိုသာတွေ့ရသည်။ ဆေးလိပ်သောက်သူများကို တွေ့ရခဲသော်လည်း ကွမ်းစားသူများကိုတော့ဖြင့် သီရိလင်္ကာနို်င်ငံအနှံ့တွေ့နိုင်ပါသည်။ အမျိုးသမီးအချို့လည်း ကွမ်းစားသည်ကိုတွေ့ရပါသည်။
          နှစ်သက်ကူးပွဲတော်သည် သီရိလင်္ကာဗုဒ္ဓဘာသာ၏ အဓိကပွဲတော်များတွင် မပါဝင်သော်လည်း ရှေးနှစ်ပေါင်းများစွာကတည်းကပင် လက်ခံကျင့်သုံးခဲ့သည်။ ယင်းကာလတွင် ထူးထူးခြားခြားအနေဖြင့် ဗျောက်အိုးဖောက်သံများကို အဆက်မပြတ် ကြားရသည်ကလွဲ၍ အခြားပျော်ပါးကြသည်များကိုမတွေ့ရပေ။ ဆေးရွက်အဖြစ် ထုထောင်းထားသောအရည်နှင့်ရောစပ်ထားသောဆီကို သုတ်လိမ်းပြီးသောအခါတွင် သီဟိုဠ်၏ နှစ်သက်ကူးသည် ပြီးဆုံးခြင်းကိုရောက်ပါတော့သည်။ အမှန်မှာ ဤနှစ်သစ်ကူးအခမ်းနားကို လူမျိုးနှစ်မျိုးသာရှိသော သီဟိုဠ်သားတို့၏ စင်္ဟာလ၊ တမီလ် နှစ်သစ်ကူးပွဲတော်ရက်ဟု ရိုးရာပြက္ခဒိန်များတွင် သုံးလေ့ရှိသည်ကိုတွေ့ရပါသည်။ တမူထူးခြားလှသော ရိုးရှင်းလှသည့် ရိုးရာပွဲတော်တစ်ခုဟု ဆိုရမည်သာဖြစ်တော့သည်။
အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
“သူတို့လျှောက်သောလမ်း” မှ
                                      kjhgduiwpjzc

0 comments:

Post a Comment