အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, March 30, 2011

မြန်မာရဟန်းတော်တို့၏ ဒုတိယရင်ခွင် (သို့) ကေလနိယတက္ကသိုလ်


မြန်မာရဟန်းတော်တို့၏ဒုတိယရင်ခွင်
(သို့)
ကေလနိယတက္ကသိုလ်

          သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေကို ခေတ်မှီနည်းစနစ်များ၊ ဘာသာရပ်များဖြင့် သင်ကြားလေ့လာခဲ့ စောစီးစွာမိတ်ဆက်ခဲ့သော နိုင်ငံတစ်ခုဖြစ်ရုံမျှမက ဗုဒ္ဓဘာသာကို ကမ္ဘာမျက်နှာစာရှေ့သို့ ကျယ်ကျယ်ပြန့်ပြန့်ချပြနိုင်သော ထေရ၀ါဒထိပ်တန်းရောက်သည့် နိုင်ငံလည်းဖြစ်ပါသည်။ သီရိလင်္ကာသားတို့၏ နေ့စဉ်လူမှုဘ၀နှင့် အတွေးခေါ်များ၊ လုပ်ငန်းဆောင်တာများ၊ ပညာရေးများသည် ဘာသာရေးအပေါ်တွင် အပြည့်အ၀နီးပါး အမှီသဟဲပြုထားသည်ကို တွေ့ရသည်။

          ကမ္ဘာ့အဆင့်မှီ စာကြည့်တိုက်ကြီးများနှင့် စာအုပ်စာနယ်ဇင်းထုတ်ဝေရေးဌာများရှိပြီး ဗုဒ္ဓဘာသာနှင့်ပတ်သက်သော စာပေမျိုးစုံကိုလည်း လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်၊ရရှိနိုင်ပါသည်။ နိုင်ငံတ၀ှမ်းလုံးရှိ တက္ကသိုလ်တိုင်းတွင် ဗုဒ္ဓဘာသာလေ့လာရေးဌာနများကို ဖွင့်လှစ်ထားသည်။ သို့ရာတွင် မြန်မာရဟန်းတော်များမှာ Buddhist and Pali University of Sri Lanka (BPU), University of Kelaniya၊ ယင်း၏အခွဲဖြစ်သော Post Graduate Institute of Pali and Buddhist Studies (PGIPBS)နှင့် University of Peradenia တို့တွင်သာ တက်ရောက်ကြပါသည်။
ထိုအထဲတွင်လည်း ကေလနိယတက္ကသိုလ် (PGIPBS) တွင်သာ အများစုက တက်ရောက်ကြပါသည်။ ၄င်းမှာ မြန်မာ-မကုဋကျောင်းတော်တည်ရှိရာ ကိုလမ်ဘိုမြို့ တော်မှာပင်ရှိသည်။ ၁၈၇၅-ခုနှစ်တွင် ကေလနိယတက္ကသိုလ်သည် ၀ိဇ္ဇာလင်္ကာရစာသင်တိုက် (Vidyalankara Privena) အဖြစ်ဖြင့်သာ ဗုဒ္ဓစာပေများကို သင်ကြားပေးခဲ့သည်။ သီရိလင်္ကာ ပညာရေး ရေစီးကြောင်းကို ပြောင်းလဲစေခဲ့သော ခေတ်မှီတက္ကသိုလ်များ တည်ထောင်ခဲ့သည့် နောက်ပိုင်း ၁၉၅၉-ခုတွင် ၀ိဇ္ဇာလင်္ကာရတက္ကသိုလ် (Vidyalankara University) အဖြစ်သို့ ပြောင်းခဲ့သည်။
၁၉၇၂-ခုနှစ်တွင် စီလုံတက္ကသိုလ် (University of Ceylon) ၏အခွဲ (Vidyalankara Campus) အဖြစ်တည်ရှိခဲ့ပြီး၊ ၁၉၇၈-ခုနှစ်တွင် ကေလနိယတက္ကသိုလ် (University of Kelaniya) အဖြစ်ကိုယ်ပိုင်ရပ်တည်ခဲ့သည်။ ပညာရေးဆိုင်ရာလေ့လာရေးဌာနခွဲသုံးခုရှိပြီး လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဓမ္မသာမိ (Oxford, England)နှင့် အခြားထင်းရှားသော ဆရာတော်များအပါဝင် မြန်မာရဟန်းတော်များ အဆက်ဆက်သည် ပါဠိနှင့်ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်တက္ကသိုလ် (PGIPBS, University of Kelaniya) တွင်သာ တက်ရောက်ကြပါသည်။
ယင်းတွင်M.A, Diploma တန်းမှ စတင်တက်ရောက်နိုင်ပြီး ဒေါက်တာဘွဲ့အထိ ဆက်လက်ယူနိုင်ပါသည်။ M.A, Diploma တန်းအတွက်တစ်နှစ်၊ M.A (Master of Art) အတွက်တစ်နှစ်၊ M. Phil (Mater of Philosophy) အတွက် နှစ်နှစ်နှင့် PhD (Doctor of Philosophy) အတွက်သုံးနှစ် အသီးသီးသတ်မှတ်ထားသည်။ M.A တန်းအတွက် ကျောင်းတက်ရက်မှာ ယခုနှစ်အတွက် တစ်ပတ်ကိုသုံးရက်တက်ရပြီး နေ့လည်နှစ်နာရီမှ ညနေငါးနာရီ (သို့) ခြောက်နာရီအထိဖြစ်ပါသည်။ ပါဠိနှင့်သက္ကတဘာသာများကို အချိန်ပို (Extension class) အဖြစ် အခမဲ့သင်ပေးပါသည်။ တက်ရောက်လိုကတက်ရောက်နိုင်ပြီး မတက်ချင်လည်းရပါသည်။
မြန်မာရဟန်းတော်အားလုံးမှာ M.A တန်းကနေသာ စတင်တက်ရောက်ကြပါသည်။ အနိမ့်ဆုံးဝင်ခွင့်အရည်အချင်းမှာ အစိုးရဓမ္မာစရိယ (သို့) အသင်းဓမ္မာစရိယဘွဲ့ (သို့) ဗုဒ္ဓတက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုကိုရရှိထားရမည်ဖြစ်ပါသည်။ ပါဠိစာပေပါဝင်သော မြန်မာစာအဓိကဖြင့်ဘွဲ့ရလျှင်လည်း တိုက်ရိုက်ဝင်ခွင့်ရပါသည်။ တခြား မေဂျာများဖြင့် B.A, B. Sc ဘွဲ့ရရှိသူများအတွက်ကတော့ M.A, Diploma တန်းကသာ စတင်ပြီးတက်ရပါသည်။
ဇန်န၀ါရီလတွင် ကျောင်းအပ်လျှောက်လွှာများကိုစတင်လက်ခံပြီး စာသင်ချိန်ကာလမှာ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိဖြစ်ပါသည်။ နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းအပ်ခြင်းများကို ဒုတိယစာသင်ကာလစသည်အထိ လက်ခံလေ့ရှိပါသည်။ M. Phil နှင့် PhD ၀င်ခွင့်များကိုမူ တစ်နှစ်လုံးထားရှိကာ အချိန်မရွေးကျောင်းအပ်နိုင်ပါသည်။
စာသင်သည့်ပုံစံမှာ ပြဌာန်းစာအုပ်များပေးပြီး သင်ကြားတာမဟုတ်ပေ။ သက်ဆိုင်ရာ ဘာသာရပ်ဆရာ၏ ပို့ချချက်များကို မှတ်စုလိုက်ရေးခြင်း၊ အသံသွင်းကာ ပြန်လည်နားထောင် အချောသပ်ရေးခြင်များကိုသာလုပ်ရပါသည်။ သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးထားသော လေ့လာနည်းလမ်းညွှန်ချက် (Study Guide) များအတိုင်း လေ့လာခြင်း၊ ကျောင်းအပ်စဉ်ကတည်းက ညွှန်ကြားချက်ပေးထားသော စာအုပ်စာတမ်းများကို စာကြည့်တိုက်ကနေ ငှားရမ်းဖတ်ရှုခြင်းများကို မိမိကိုယ်တိုင် လုပ်ရပါသည်။
စာသင်ကာလကို First Term, Second Term, Third Term ဟု အပိုင်းသုံးပိုင်း ခွဲထားသည်။ ကာလတစ်ခုကို နှစ်လခွဲခန့်ကျောင်းတက်ရပြီး ယင်းကြားကာလတွင် ရက် ၂၀-ခန့်စီ ကျောင်းပိတ်ပေးပါသည်။ First Term နောက်ဆုံးအပတ်တွင် မိမိတို့ယူမည့်ဘာသာရပ်များကို ရွေချယ်ပြီးလျှောက်လွှာတင်ရပါသည်။ ပထမသင်ကြားမှုကာလတွင် မယူမနေရ ဘာသာရပ်များ (Compulsory Subject) အပါဝင်၊ အခြားဘာသာရပ် (Optional Subject) များကိုပါ တက်ရောက်ရသည်။ ဤသည်မှာ မိမိတို့်ယူလိုသော (Optional Subject)ထဲမှ ဘာသာရပ်များကို ရွေးချယ်ချိန်ပေးထားခြင်းဖြစ်ပါသည်။
Compulsory Subject များမှာ တစ်နှစ်နှင့်တစ်နှင့်မတူပေ။ မနှစ်က Compulsory Subject မှာ နှစ်ခုသာရှိပြီး ယခုနှစ်တွင် Compulsory Subject က ငါးခုတောင်ဖြစ်နေသည်။ ထိုကြောင့် နောက်ထပ်သုံးခုကိုသာ Optional Group ထဲမှ ရွေးချယ်ခွင့်ရှိတော့ပါသည်။ ဘာသာရပ်အားလုံးရှစ်ခုကို တစ်နှစ်တာအတွက်လေ့လာသင်ယူရသည်။ သို့ရာတွင် စာမေးပွဲ ဖြေဆိုသောအခါ သုံးဘာသာကို တစ်ခုတည်းပေါင်းထားလိုက်၍ ခြောက်ဘာသာ (သို့) မေးခွန်းခြောက်ခုဖြေဆိုရသည်။ ဘာသာရပ်တိုင်းတွင် မေးခွန်းရှစ်ခုမေးထားပြီး လေးခုကိုသာ ဖြေဆိုရပါသည်။ စာဖြေဆိုချိန်မှာ သုံးနာရီပင်ဖြစ်ပါသည်။
Second Term ၏ နောက်ဆုံးအပတ်ထဲတွင် အနည်းဆုံးစာလုံးရေ ၅၀၀၀-ခန့်ပါသော မိမိတင်လိုသော စာတမ်းငယ်အတွက်မူကြမ်းကို အပြီးသတ်တင်သွင်းရပါသည်။ Third Term ၏ နောက်ဆုံးရက်သတ္တပတ်ထဲတွင် စာမေးပွဲဖောင်များကို အပြီးတင်ရခြင်း၊ သင်တန်းကြေးအတွက် ကျန်နေသောငွေကြေးကို အကြေပေးသွင်းခြင်းများလုပ်ရသည်။ စားမေးပွဲမဖြေခင် နှစ်ပတ်အလိုတွင် စာတမ်းငယ်အချောကို မဖြစ်မနေပြီးအောင် တင်ရပါသည်။ ဒီဇင်ဘာလထဲတွင် နောက်ဆုံးစာမေးပွဲကြီးကို ဖြေဆိုကြရသည်။ သတ်မှတ်ထားသော (Essay) စာတမ်းကို စာမေးပွဲဖြေဆိုချိန်အထိ မတင်သွင်းနိုင်လျှင် နောက်ဆုံးစာမေးကြီးကို ဖြေဆိုခွင့်ရလိမ့်မည်မဟုတ်ပါ။
ကျောင်းအပ်သည်နှင့်တပြိုင်နက် မှတ်ပုံတင်ကြေး စာကြည့်တိုက်ကြေးတို့အတွက် ရူပီးနှစ်ထောင်ကိုသွင်းရသည်။ ယင်းကြေးများအတွက် မနှစ်က ရူပီး ၅၀၀-သာသွင်းရသည်။ သင်တန်းကြေးအတွက် နှစ်ရစ်ခွဲသွင်းရသည်။ ကျောင်းစတင်အပ်ချိန်တွင် ဒေါ်လာ ၂၀၀-ကို သွင်းရသည်။ စာသင်နှစ်၏ နောက်ဆုံးအပတ်တွင် ကျန်သောဒေါ်လာ ၄၀၀-ကိုသွင်းရသည်။ ထိုကြောင့် တစ်နှစ်တာသင်တန်းကြေးမှာ UDS-600 ဖြစ်ပါသည်။
ကျောင်းအပ်တာအပါဝင် လုပ်စရာရှိသော အထွေထွေလုပ်ငန်းများကို မြန်မာ-မကုဋကျောင်းလိပ်စာနှင့်သာ လုပ်ကြရပါသည်။ ကျောင်းတက်ပြီးလို့တစ်လခန့်ရှိသောအခါ မြန်မာကျောင်းမှာပင် ဘာသာရပ်ရွေးချယ်ရေးဆွေးနွေးပွဲကိုပြုလုပ်ပါသည်။ စီနီယာကျောင်းသားများနှင့် နာယကဆရာတော်များက ရွေးချယ်သင့်သော ဘာသာရပ်များကို ဆွေးနွေးကြပြီး မိမိစိတ်ကြိုက်ကိုရွေးချယ်ခွင့်လည်းရှိပါသည်။ မြန်မာရဟန်းတော် အများအားစုမှာ ညှိနိုင်းကာသာ ဘာသာရပ်အားလုံးကို စုပေါင်းယူကြပါသည်။
ထိုနောက်မှာတော့ ဘာသာရပ်ရှစ်ခုအတွက် အဓိကတာဝန်ယူကာ (Topic)ရေးမည့် ရှစ်ပါးကိုရွေးချယ်ကြသည်။ မိမိတို့တာဝန်ယူထားသော ဘာသာရပ်များကို Topic-များ အသီးသီးရေးသားပြီး ကျောင်းသားများထံ တာဝန်ခံဖြန့်ဝေမည့်သူထံ E-mail ဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ အပတ်စဉ်ပေးပို့ရပါသည်။ ကျောင်းသားများအနေဖြင့် အပတ်စဉ် ရောက်လာသော Topic-များကို ကြည့်ရှုကာ စာမေးပွဲအတွက်ပြင်ဆင်ခြင်းများကိုလုပ်ရသည်။ ဤနည်းဖြင့် သီရိလင်္ကာ M.A သည် အဆင့်အတန်းအမျိုးမျိုးနှင့် ကျောင်းတက်ရန် ရောက်လာကြသူအားလုံးအတွက် လက်လှမ်းမှီသွားသည်။ လွယ်ကူသွားသည်။
သို့ရာတွင် တကယ်တာဝန်ခံပြီး Topic‑ရေးသူများမှာ မသက်သာပါ။ မိမိတာဝန်ယူသော ဘာသာနေ့တွင် ကျောင်းမပျက်အောင် အထူးသတိထားရသည်။ မှတ်စုထုတ်ခြင်း၊ ဆရာညွှန်ကြားသော စာအုပ်များကိုဖတ်ရှုခြင်း၊ စာကြည့်တိုက်သွားပြီး စာအုပ်ငှားခြင်း၊ အသံသွင်းထားသည်မှ ကွန်ပြူတာဖြင့်ရေးခြင်း၊ လိုအပ်သလိုပြင်ဆင် ဖြည့်စွက်ရေးသားခြင်း၊ မှတ်ချက်ပေးခြင်းစသည်တို့ကို တစ်ပတ်ခြင်း အပြီးလုပ်ရသည်။ မိမိလည်း ယခုနှစ်အတွက် Compulsory Subject-တစ်ခုကို တာဝန်ယူရေးသောကြောင့် ဘယ်လောက်ပင်ပမ်းသည်ကို ကောင်းကောင်းသိရပါသည်။ သို့ရာတွင် အချည်းနှီးမဖြစ်၊ မိမိအတွက်လည်း တော်တော်ပင်အကျိုးရှိပါသည်။
တစ်ခုပြောစရာရှိသည်မှာ ယင်းသို့ Topic-များကို တာဝန်ခံရေးသူများ ရှိနေပြီဖြစ်၍ ကျောင်းသားအများစုက ကျောင်းပုံမှန်မတက်ကြတော့ပဲ Topic-ရေးသူများကို လုံးဝမှီခိုထားလိုက်ကြသည်။ အားလုံးကိုမဆိုလိုပါ။ အများအားဖြင့်ဖြစ်နေသည်တို့ကို ပြောခြင်းဖြစ်ပါသည်။ တချို့ဆိုလျှင် တက္ကသိုထက် ပြင်ပအင်္ဂလိပ်စာသင်တန်းများကိုသာ ဦးစားပေးတက်နေကြသည်။
ထိုကြောင့် မိမိစွမ်းအားသိပ်မပါသော M.A ဘွဲ့မှာ ဆားမပါသော ဟင်းကောင်းသဖွယ် ဖြစ်နေသည်။ ငွေကြေးအများကြီးအကုန်ကျခံကာ နိုင်ငံခြားတွင်ကျောင်းလာတက်သော်လည်း တက္ကသိုလ်ပညာရေးကို အရနည်းသည်မှာ အတော်ပင်နစ်နာလှပါသည်။ ထိုဘွဲ့သည် မိမိကို ခဲယဉ်းစွာထောက်ပံ့လိုက်သောပတ်ဝန်းကျင်၊ မိမိနိုင်ငံနှင့်လူမျိုးအပေါ် ဂုဏ်တစ်ခုကလွဲလျှင် ဘာမျှထိထိရောက်ရောက် ကျေးဇူးပြုနိုင်လိမ့်မည်မဟုတ်ပေ။
ထိုကြောင့် နိုင်ငံခြားသွားပြီးပညာသင်ရန် ပြင်ဆင်နေသော အရှင်မြတ်များအနေဖြင့် လိုအပ်သောအတိုင်းတာတစ်ခုအထိ အင်္ဂလိပ်စာကိုပြင်ဆင်ထားသင့်သည်။ နိုင်ငံခြားရောက်မှ မိမိက တန်အောင်မယူနိုင်ပါပဲ အဆမတန်ပေးတက်နေရသော အင်္ဂလိပ်စာသင်တန်းများကို တက်စရာမလိုဘဲ တက္ကသိုလ်ပညာရေးကို မိမိရရယူနိုင်ပါမည်။ မိမိကတန်အောင်ယူနိုင်လျှင် ဘယ်လောက်ပင်ပေးရပါစေ တန်ပါသည်။ ပညာရပ်ဟူသည် လေ့လာ၍မကုန်စကောင်းပေ။ သို့ရာတွင် အခြေနေ အချိန်ခါကို ချင့်ချိန်ရပါမည်။
နိုင်ငံခြားတွင်ပညာသင်ခွင့်ရတုံး နိုင်ငံတကာပညာရေးသဘောတရားများ နည်းစနစ်များကို စွမ်းနိုင်သလောက် အရယူနိုင်အောင်ကြိုးစားသင့်ပါသည်။ တဖက်ကလည်း စာကြည့်တိုက်များကိုသွားပြီး အဖိုးတန်စာပေများ စာကြည့်တိုက်သဘောတရားများကို ဆည်းပူးသင့်ပါသည်။ ငွေကြေးတတ်နိုင်လို့ ကျောင်းအားလပ်ရက်များဖြစ်ပါက အင်္ဂလိပ်စာ သင်တန်းများကိုလည်း တက်သင့်ပါသည်။ သို့မှသာ ဒေသခံတို့၏ ပညာရေးအခြေနေကိုလည်း ထဲထဲဝင်ဝင်လေ့လာနိုင်ပြီး မှန်မှန်ကန်ကန် လေ့လာသုံးသပ်နိုင်ပါလိမ့်မည်။ မိမိတို့၏ ပတ်ဝန်းကျင်နှင့်သင့်လျှော်သော နည်းလမ်းများကိုရနိုင်ပါလိမ့်မည်။
အထက်ဖော်ပြပါကျောင်းစရိတ်များမှာ ရဟန်းတော်များအတွက်သာဖြစ်သည်။ လူပုဂ္ဂိုလ်များ၊ ဒေသခံကျောင်းသားများ၊ SSARC & Non-SSARC နိုင်ငံများမှကျောင်သားများ၊ ဖွင့်ဖြိုးပြီးနိုင်ငံများမှ ကျောင်းသားများအတွက် သီးသန့်ပေးဆောင်ရပါသည်။ ပညာရေးကိုဆက်လက်ပြီး လုပ်ဆောင်လိုသော ရဟန်းတော်များအတွက် M. Phil အတွက် USD-815 နှင့် PhD အတွက် USD-915 တို့ကို အသီးသီးပေးသွင်းရပါသည်။ နှစ်စဉ် မှတ်ပုံတင်ကြေး (Registration Fee) များမှာ တစ်နှစ်နှင့်တစ်နှစ်မတူပေ။
မည်သို့ပင်ဖြစ်စေ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော ရဟန်းတော်များအနေဖြင့် နိုင်ငံတကာပညာရေးကို အခွင့်အခါသင့်ပါက ဆည်းပူးသင့်ပါသည်။ သို့မှသာ အဖိုးမဖြတ်နိုင်သော အတွေ့ကြုံများ ခေတ်နှင့်လျှော်ညီသော ပညာရေးများဖြင့် မိမိတို့၏ ရေရှည်သာသနာပြုလုပ်ငန်းများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာကြီးကို ပေါင်းကူးပေးထားသော ပညာတံတားပေါ်မှာ လျှောက်လှမ်းယင်း ဗုဒ္ဓသာသနာရောင်ဝါ ကမ္ဘာလွှမ်းအောင်၊ ကမ္ဘာသူကမ္ဘာသားများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာအောင် ကြိုးစားကြပါစို့ဟု ဆန္ဒပြုလိုက်ပါသည်။
သူတို့လျှောက်သောလမ်းနှင့် သီတဂူ (ရန်ကုန်) မဂ္ဂဇင်းတို့တွင် ဖော်ပြပြီးဆောင်းပါးဖြစ်ပါသည်။
အရှင်ဥတ္တမာနန္ဒ
ကေလနိယ တက္ကသိုလ်
ကိုလမ္ဘို၊ သီရိလကၤာ။
Date- 30-3-2010

1 comments:

Unknown said...

ဒုတိယ ရင်ခွင်မှာ ခေတ္တခိုဝင်နားသွားခဲ့ပါတယ် ဆရာတော်၊ စိတ်ကူးနဲ့ပေါ့၊ အရာရာ အောင်မြင်ပါစေ။

Post a Comment