အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, March 29, 2011

အဖိုးတန်သော အပိုင်းစလေးများ


                               အဖိုးတန်သော
                                   အပိုင်းစလေးများ
    
လုပ်ငန်းတစ်ခုလုပ်ပြီဆိုတာနဲ့ စေ့စပ်သေချာဖို့လိုသည်။ ဒီအတွက်ချွင်းချက်မရှိပေ။ ဘယ်နေရာရောက်ရောက် ဘာကိုပဲလုပ်လုပ် မဖြစ်မနေ ဂရုစိုက်ရမည့်အချက်ဖြစ်သည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာမှာ မကြီးမားစေကာမူ စိတ်မှာအတော်ပင် အနှောက်အယှက်ဖြစ်ရသည်။ အတွေ့ကြုံကပေးသည့် အဖိုးမဖြတ်နိုင်သောသင်္ခန်းစာဆိုသည်မှာ ပေးဆပ်ရမည့်တန်ဖိုးကလည်း နင့်နေအောင်ဖြစ်တတ်သည်။
မိမိအပါဝင် လူအတော်များများကတော့ ကိုယ်တိုင်မကြုံရသေးလျှင် လက်ခံသော်လည်း အမှန်တကယ်အလေးမထားတတ်ပါ။ ထိုအတွက် ပေးဆပ်ရသောတန်ဖိုးက အဆမတန်ကြီးသွားတတ်ပါသည်။ နိုင်ငံရပ်ခြားရောက်နေသူတို့ ပိုပြီးသတိပြုရသည်။ ချလန်စာရွက်ငယ်လေးကို ပေါ့ပေါ့ဆဆထားမိလို့ ငွေကြေးတွေအများကြီး နစ်နာရသည်။ မှန်သော်လည်း အထောက်ထားမရှိတော့ စောဒက (Complain) တက်လည်း အချည်းနှီးပင်။ ပိုဆိုးသည်က စည်းကမ်းရှိသူတို့ကြားတွင် နမော်နမဲ့နိုင်လှသော ကိုယ်အဖြစ်က အတော်ကို ရှက်စရာကောင်းနေသည်။
“Experience is the best teacher” အတွေ့ကြုံက အကောင်းဆုံးဆရာပါတဲ့။ သို့ရာတွင် ဥာဏ်ရှိသူများကတော့ တခြားသူများ၏အမှား သို့မဟုတ် သူတစ်ပါးတွေရဲ့ အတွေ့ကြုံကနေ သင်္ခန်းစာယူတတ်စမြဲဖြစ်သည်။ “တစ်ခါသေဘူး ပျဉ်ဖိုးနားလည်”ဟုလည်း မြန်မာစကားပုံရှိသည်။ ဤစကားကလည်း တစ်ထွာပြလို့ တစ်လံမြင်ဖို့ဝေးစွ ပြတဲ့တစ်ထွာကိုပင် မရေရာတဲ့လူမျိုးကို ဖော်ညွှန်းရာရောက်သည်။
“ဆေးလိပ်သောက်ယင်း မစဉ်စားရ”လို့ရေးထားသောစာတန်းကိုဖတ်နေသော လူတစ်ယောက်က စဉ်းစားတော့ဘာဖြစ်မှာမိုလို့လဲဟု တွေးနေစဉ်မှာပင် သောက်နေသော ဆေးလိပ်ကတိုလာပြီး နူတ်ခမ်းမွေးမီးလောင်ခံရသည့် အဖြစ်မျိုးကို သတိရမိသည်။ သတိပေးယင်းတန်းလန်းနဲ့ တွေ့ကြုံရတဲ့ဒုက္ခကတော့ နဲပင်နဲသေးသည်။
ယခု မိမိတို့ပညားဆည်းပူးနေသော သီရိလင်္ကာနိုင်ငံတွင် မည်မျှသေးဖွဲသော ပစ္စည်းဖြစ်စေ ၀ယ်ယူသည့်အခါတိုင်း ပြေစာ(voucher) ကို ပြန်ရစမြဲဖြစ်သည်။ ယုတ်စွအဆုံး ဘတ်၊စ၊ကားစီးလျှင်ပင် ပြေစာဖြတ်ပိုင်းငယ်လေးကိုရသည်။ ပေးပြီးပြီဆိုပြီး မိမိလိုရာခရီးကို မရောက်မချင်း လွှင့်မပစ်ရ ဆုတ်ဖြဲမပစ်ရပါ။ တခါတရံတွင် လက်မှတ်စစ် (Bus-conductor) က လက်မှတ်လာတောင်းတဲ့အခါ ပြစရာလက်မှတ်မရှိတော့လျှင် ကားခကိုပေးပြီးမှန်း သိသော်လည်း ထပ်ပေးရသည်။ မပြောပလောက်တဲ့တန်းဖိုးဖြစ်စေကာမူ ရှက်စရာအတော်ကောင်းသည်။
သီရိလင်္ကာမှာနေသော မြန်မာရဟန်းတော်အချို့သည် ဒေသခံများနည်းတူ ကိုယ်ပိုင်အင်တာနက်များသုံးကြသည်။ ပညာတော်သင်များဖြစ်သည့်အလျှောက် မသုံးမဖြစ် ပညားရေးဆိုင်ရာလုပ်ငန်းများအတွက် သုံးရပါသည်။ အင်တာနက်တို့ ဖုံးတို့ဆိုတာကလည်း ကြီးကြီးကျယ်ကျယ်မဟုတ်လှ။ အခုဝယ် အခုသုံးရသည်။ လွယ်လင့်တကူဝယ်နိုင်သလို ဈေးနူံးကလည်း သက်သာပါသည်။ အခွန် (Bill) ဆောင်ရတာလည်းလွယ်ကူသည်။
မိမိမှာလည်း အကြောင်းအားလျှော်စွာ အင်တာနက်ကို ကိုယ်ပိုင်သုံးဖြစ်ခဲ့သည်။ တစ်ခါတွင် မိမိမအားလပ်၍ သူငယ်ချင်းတစ်ယောက်ကို လစဉ်ကျသင့်ငွေ (Bill) ဆောင်ဖို့ အကူညီတောင်းမိသည်။ လွယ်ကူစွာပင် ဆောင်ရွက်ပေးပါသည်။ သို့ရာတွင် အတွေ့ကြုံမရှိရှာသော သူငယ်ချင်းမှာ လက်ခံရကြောင်းစာရွက် (Received-paper) ကို မယူခဲ့ပေ။ အကျိုးဆက်အနေနဲ့ စကားတွေအများကြီးပြောရသည်။ နောက်ဆုံးတော့ ငွေထပ်ဆောင်ရခြင်းဖြင့်ပင် အဆုံးသတ်လိုက်ပါသည်။
မိမိကအသေးဖွဲလို့မှတ်ယူခဲ့သော အကြောင်းကိစ္စများက ကြီးစွာသောအပြောင်းလဲကို ဖြစ်စေခဲ့သော သာဓကများမှာ ကမ္ဘာစာမျက်နှာတိုင်းတွင်တွေ့ရသည်။ ထိုကြောင့် တိုင်းတပါးတွင် ဘာသာပင်တူသော်လည်း လူမျိုးခြားတွေနဲ့ ဆက်ဆံကြရာတွင် မျက်နှာစိမ်းဖြစ်သူတို့မှာ ကိစ္စတိုင်းတွင် တပန်းရှုံးရသည်။ ဂရုစိုက်နိုင်ပါမှ တန်ကာကျသည်။ မယုံမရှိနဲ့ ကိုယ်တွေ့လို့ပင် ပြောလိုက်ချင်ပါသည်။ အမှန်တရားဆိုတာ ယုံကြည်ချက်အစား သက်သေအထောက်အထားနဲ့ ဖြတ်ပိုင်းစာရွက်များဖြစ်နေသည်ကို အနေ့တခြား သိသာလာသည်။ မှန်ပါသည်။ အခုမှမြင်ဖူးတွေ့ဖူးသူတစ်ယောက်ကို ဘယ်လောက်များ ယုံကြည်နိုင်မှာမို့လဲ။
သီရိလင်္ကာနိုင်ငံသို့ ပညာတော်သင်ထွက်လိုသော ရဟန်းတော်တိုင်းမှာ အလည်အပတ် (Visiting Visa) ဖြင့်သာလျှောက်ထားရသည်။ ယင်းမှာလည်း တစ်လသာရပါသည်။ သီဟိုဠ် (သီရိလင်္ကာ)မြေပေါ်ကိုခြေချပြီးမှ မိမိတက်ရောက်မည့် သက်ဆိုင်ရာတက္ကသိုလ်၏ ထောက်ခံချက်ကို ကျောင်းအပ်တာနဲ့တပြိုင်နက် ရအောင်လုပ်ရသည်။ မိမိကမသိလို့ဖြစ်စေ မေ့နေလို့ဖြစ်စေ ဗီဇာသက်တမ်းတိုးဖို့ (Extension Visa) အတွက် ထောက်ခံစာလုပ်ဖို့မေ့ခဲ့လျှင်တော့ မလိုအပ်ပဲအချိန်ကြာတတ်သည်။
“မနက်ဖြန်တစ်ခေါက်ပြန်လာခဲ့ပါ”ဆိုတာနဲ့ပင် တစ်ပတ်ကျော်သွားလေသည်။ ထိုကြောင့် ကုလား “tomorrow” (မနက်ဖန်) ဆိုလျှင် တစ်ပတ်စောင့်ပေတော့လို့ ပြောစမှတ်ပြုရသည်။ မလိုအပ်ပဲ အချိန်ကုန်လူပမ်းဖြစ်ရသည်။ ငွေလည်းခမ်းသလောက်တော့ ခမ်းခဲ့သည်သာပင်။
တိုက်ဆိုင်စွာပင် မိမိနှင့်တောင်ပေါ်သားရဟန်းတော်မှာ တစ်နေ့တည်းတွင် ဗီဇာတိုးဖို့ရန် စီနီယာဆရာတော်တစ်ပါးကလိုက်ပို့သည်။ ရှေးဦးစွာ တက္ကသိုလ်က ထောက်ခံစာကို ယူရသည်။ ထိုနောက် အဆင့်မြင့်ပညာဦးစီးဌာန (Higher education) ကို သွားရပါသည်။ ယင်းဌာနမှ လက်မှတ်တစ်ချက်ပါမှသာလျှင် ဗီဇာထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေးရုံး (Immigration office) တွင် သက်တမ်းတိုးဖို့ရာလျှောက်နိုင်သည်။
ရိုးသားလှသော တောင်ပေါ်သားရဟန်းတော်မှာ သီရိလင်္ကာနိုင်ငံဆိုတာ သပိတ်တစ်လုံးပါယင် လုံလောက်တယ်လို့နောက်လိုက်သော သူငယ်ချင်းတွေရဲ့စကားအတိုင်း သပိတ်တစ်လုံးလွယ်ကာ နိုင်ငံခြားကိုရောက်လာခဲ့သူဖြစ်သည်။ ရိုးအလှသော သူငယ်ချင်းကို ဤမျှနောက်ပြောက်ရက်တာ အံ့ဩစရာကောင်းသည်။ ကိုယ်ရပ်ကိုယ့်ဒေသမဟုတ်။ အခန့်မသင့်လျှင် နိုင်ငံခြားတွင်ဘ၀ပျက်သွားနိုင်သည်။ မည်မျှပင်ခင်စေကာမူ မစ၊မနောက်သင့်သောအရာကို မနောက်သင့်ပေ။
၎င်းရဟန်းတော်သည် သက်တမ်းတိုးဖောင်ဖြည့်ရာတွင် လက်ရှိဗီဇာသက်တမ်း ကုန်ဆုံးရက်ကိုဖော်ပြသောအခါ ဖေဖော်ဝါရီလ ၂၈-ရက် သို့မဟုတ် ၂၉-ရက်လို့ ဖော်ပြရမည့်အစား ၃၀-ရက်လို့ဖော်ပြလိုက်မိသည်။ လိုက်ပို့ပေးသောဆရာတော်က ဒီရုံးက လက်မှတ်တစ်ချက်ထိုးရုံပဲဆိုတော့ မြန်ပါတယ်လို့ပြောသော်လည်း ၂-နာရီခန့်စောင့်လိုက်ရသည်။ အဆိုပါရက်ကလေးလွဲချော်မှုကြောင့် ဖြေရှင်းချက်ပေးရသည်။ လက်မှတ်ထိုးရသည်။ အချိန်ကိုက်ချိန်းထားသော သူငယ်ချင်းများနဲ့လည်း အားနားစရာဖြစ်ရသည်။ ထိုကြောင့် မည်သည့်ကိစ္စကိုမဆို အသေးဖွဲပါကွာလို့ သဘောမထားပဲ ဂရုတစိုက်လုပ်ဆောာင်ခြင်းဖြင့် တန်ဖိုးရှိလှသော မိမိ၏စွမ်းအားများအပါဝင် အချိန်နှင့်ငွေကို ထိမ်းသိမ်းနိုင်အောင်လုပ်ဆောင်သင့်ပေသည်။

အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
"သူတို့လျှောက်သောလမ်း" မှ

Aaafffkbbb

0 comments:

Post a Comment