အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, March 27, 2011

သူတို့လျှောက်သောလမ်း


"သူတို့လျှောက်သောလမ်း"
-------@------

          “အင်္ဂုလိမာလ”ဟုဆိုလိုက်လျှင် နှစ်ဖက်ရထင်ရှားသော ပုဂ္ဂိုလ်ထူးကို တန်းနေအောင် မြင်ပြီးသားဖြစ်သည်။ သူ့ဘ၀တစ်လျှောက်လုံးတွင် အကောင်း,အဆိုးနှစ်မျိုးဖြင့် လျှမ်းလျှမ်းတောက်ထင်ရှား၍ ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုပင် သူ့အား ရင်းရင်းနှီးနှီးသိကြသည်။ ထူးထူးဆန်းဆန်းလည်းဖြစ်၏။ လူတစ်ယောက်ကို သတ်ပြီးလျှင် လက်ညိုးတစ်ချောင်းကိုသာ ဖြတ်သူပါ။ ဤနည်းဖြင့် လက်ညိုးပေါင်းတစ်ထောင်ပြည့်အောင် လူပေါင်း တစ်ထောင်စေ့အောင် သတ်ဖြတ်ဖို့ ကြိုးစားခဲ့သူလည်းဖြစ်သည်။
          သူနှင့်ပတ်သက်၍ စဉ်းစားမရသောအချက်တစ်ခုမှာ လူတိုင်းတွင် လက်ညိုးနှစ်ချောင်း ရှိသော်လည်း ဘာကြောင့်တစ်ချောင်းတည်းကိုဖြတ်ရသလဲ? တစ်ယောက်တစ်ချောင်းကျ ဖြတ်တယ်ဆိုပါကလည်း ဘာအတွက်လူကို သတ်ရတာလဲ? အန္တရာယ်ကင်းအောင် သတ်ရသည်ဟု ဆင်ခြေပေးပါကလည်း ဖြစ်နိုင်ခြေနည်းလှသည်။ အကြောင်းမူ သူ့နာမည်ကိုကြားရုံနဲ့ လူတွေက ကြောက်နေရသည်မဟုတ်ပါလား?
          အသိတရားခေါင်းပါးသူအဖြစ် သတ်မှတ်ကြည့်ရပါမူ အတော်ကိုဖြစ်နိုင်ချေရှိပါသည်။ ဤသို့မှတ်ယူမည်ဆိုပါကလည်း အသိဥာဏ်နှင့် မှတ်ဥာဏ် (သို့)  ဥာဏ်ထက်မြက်ခြင်းသည် ဘာမှမဆိုင်သလိုဖြစ်နေပြန်သည်။ သူ၏ဖြစ်စဉ်အချို့ကို သုံးသပ်ကြည့်ရပါမူ အင်္ဂုလိမာလသည် အလွန်ပင် ဥာဏ်ကောင်းသော ထက်မြက်သည့်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်ကိုတွေ့ရပေလိမ့်မည်။ ဆရာသမား အသိုင်းအ၀ိုင်း၏ မျက်နှာသာပေးခြင်းကိုလည်း ခံရသူဖြစ်သည်။ သည်အကြောင်းတွေကပင် အတန်းတူတက္ကသိုလ်ကျောင်းသား အများစု၏ မလိုမုန်းထားခြင်းကို ခံရသည်။ အကျိုးဆက်ကတော့ အားလုံးသိကြပြီးဖြစ်သည့်အတိုင်း တစ်ကိုယ်တော် တောပုံးဓားပြတစ်ဦးဖြစ်လာခဲ့သည်။
အရပ်ရှစ်မျက်နှာမှ လာလာသမျှ ကျောင်းသားများအား အတတ်ပညာမျိုးစုံကို သင်ကြားပေးနေသော ဒိသာပါမောက္ခဆရာကြီးကို ပညာမတတ်ပါဘူးလို့ပြောမယ်ဆိုယင် အတော်ကိုမိုက်မဲရာရောက်ပါလိမ့်မည်။ ထို ပညာတတ်လှပါသည်ဆိုသော ဆရာကြီးကလည်း မိမိတပည့်တစ်ယောက်အား ရာဇ၀တ်အိုးကို ဒုတ်နဲ့ထိုးခိုင်းသည်ကလည်း အသိတရားကို မသိကျိုးကျွန်ပြုရာ ရောက်ပြန်သည်။
          ထိုကြောင့် ပညာတတ်ခြင်းနှင့် အသိတရားသည် ရံခါတွင် တောင်နဲ့မြောက်လို ဖြစ်နေသည်။ “မရှိတာထက် မသိတာခက်”ဆိုတာ အတော်ကိုမှန်ပါသည်။ တဖက်က ကြည့်ပါကလည်း လူထဲလူပင်ဖြစ်နေ၍ လူ့စရိုက်အတိုင်း အပြောခံရပါများလာလျှင် မည်သည့်အကြောင်းကိုပဲဖြစ်ဖြစ် အမှန်ဖြစ်တရားအဖြစ် မှတ်ယူတတ်ခြင်းပင်။ ထိုကြောင့်ပင် “တွန်းတိုက်ပါများသော် ကျောင်ဆောင်သည်ပင် ယိုင်နဲ့လာရသည်” ဟု ဆိုရိုးရှိခဲ့ရဟန်ပင်။ ဤသို့ဖြင့် ဆရာ၏ ပညာရှိနည်းဖြစ်သော အထက်တန်းကျလှသည့် လှည့်ကွက်အောက်တွင် အင်္ဂုလိမာလ၏ဘ၀ပုံရိပ်မှာ တစ်မျိုးတစ်ဖုံဖြစ်လာခဲ့ရတော့သည်။
          သင်ခန်းစာကတော့ ဆရာသမားကောင်းကို ရှာဖွေဆည်းကပ်တတ်သော တပည့်ကောင်းဖြစ်ရမည်သာ။ မိမိကိုယ်တိုင် ဆရာသမားနေရာကို ရောက်လာသော အချိန်တွင်လည်း တပည့်၏အပြုစုကို ယစ်မူးနေတတ်သော ဆရာသမားထက် တပည့်အကျိုးကို အမှန်တကယ်လိုလားသော ဆရာမားကောင်းဖြစ်အောင် ကျင့်ကြံဖို့လိုပါသည်။
          ပတ္တမြားပင်မှန်သော်လည်း နွံနစ်ရသည့် အင်္ဂုလိမာလအဖြစ်ကိုကြည့်ပါ။ ဆရာ့အပေါ် အပြည့်အ၀ယုံကြည်သော ပညာတော်သော ကျောင်းသားတစ်ယောက်၏နိဂုံးသည် ရေတိမ်နစ်ရသည့်အဖြစ်မျိုးဖြင့် အဆုံးမသတ်စကောင်းပါ။ အခုတော့ အင်္ဂုလိမာလသည် လူတိုင်း၏ အော့နှစ်လုံးနာစရာဖြစ်နေသည်။
          လူတိုင်းအလေးအမြတ်ပြုသော ဘုရားရှင်၏သာသနာတော်အတွင်းကို ရောက်လာပြီး မြင့်မြတ်သောတရားတော်များကို ကျင့်သုံးနေသည့်တိုင်အောင် အတိတ်ကအရိပ်မဲတွေက အင်္ဂုလိမာလကို လိုက်လံနှောက်ယှက်နေသည်။ သူတော်ကောင်းအသွင်ယူထားသော်လည်း လူတွေကမယုံကြည်နိုင်။ ဆန်းကြယ်လှသောကံတရားက ချက်ချင်းဆိုသလို မဲညစ်ရာကနေ ဖြူစင်လာသောသူ၏ဘ၀ကို လက်သင့်မခံနိုင်တာ အပြစ်မဆိုသာပေ။
          သို့ရာတွင် မဟာကရုဏာတော်ရှင်မြတ်ဗုဒ္ဓက အင်္ဂုလိမာလနှင့် အတိတ်ရန်ကြွေးများ ရှိနေကြသူတို့အကြား ရင်ကြားစေ့နိုင်ရန် အများအကျိုးကိုဆောင်ရွတ်ဖို့ အင်္ဂုလိမာလကို နည်းပေးလမ်းပြခဲ့သည်။ မကြာမြင့်သောအချိန်လေးအတွင်းမှာပင် အားလုံးအဆင်ပြေခဲ့သည်။ အဆန်းတကြယ်ဖြစ်ရပ်တွေဖြင့် တစ်ခါပြန်လှည့်လာသော အင်္ဂလိမာလသည် ပြည်သူတို့၏ အချစ်တော်ဖြစ်ခဲ့ရပြန်ပါသည်။
          လောကကြီးက လူတစ်ယောက်ရဲ့ အမှန်တကယ်တန်ဖိုးကို လုပ်ဆောင်ချက်ဖြင့်သာ ဆုံးဖြတ်ရိုးထုံးစံရှိသည်။ ပညာတွေမိုးထိအောင်တတ်သော်လည်း အသုံးမချသေးသမျှ ကာလပတ်လုံး အချည်းနှီးသာဖြစ်လေသည်။ ထို့အတူ စည်းစိမ်ဥစ္စာတွေ သုံးမကုန်အောင်ရှိနေသော်လည်း အကျိုးရှိအောင်မသုံးသေးသ၍ အချည်းအနှီးပင်။
          ဘုရားပေးသောနည်းလမ်းကို အံဝင်ခွင်ကျ အသုံးချတတ်သောကြောင့် လူတွေက အင်္ဂုလိမာလမထေရ်ကို တဖန်အလေးအမြတ်ပြုကြသည်။  “ပျက်အစဉ် ပြင်ခဏ” ဆိုသည့်အတိုင်း အခုတော့ သူတို့၏ကိုးကွယ်ရာ အရှင်မြတ်ဖြစ်လာခဲ့ပြီ။ အထူးသဖြင့် အမျိုးသမီးထုက ပိုပြီးယုံကြည်အားကိုးသည်။ သူတို့နှင့်တိုက်ရိုက်သက်ဆိုင်သောအကျိုးကို ဆောင်ရွတ်ခဲ့သည် မဟုတ်ပါလော?
          “ယောက်ျားဖောင်စီး မိန်းမမီးနေ”ဆိုသောစကားမှာ သေမင်းခံတွင်းဝနှင့် နီးနေသူများကို တိုက်ရိုက်ရည်ညွှန်းထားခြင်းဖြစ်သည်။ မထေရ်မြတ်သည် ကိုယ်ဝန်ဆောင် အမျိုးသမီးများ မွေးဖွားရလွယ်ကူအောင် မေတ္တာပွားများပေးခြင်းဖြင့် အိမ်ဦးခန်းနေရာကို ခိုင်မြဲစွာ ယူခဲ့လေပြီ။
အထက်ပါအကြောင်းအရာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုလို့ဆိုနိုင်ပါသည်။ သို့ရာတွင် ယနေ့တိုင်အောင် အသက်ဝင်နေဆဲပင်။ မြန်မာလူမျိုးတို့သည် အင်္ဂုလိမာလပရိတ်တော်ကို မီးတွင်းရောက်အမျိုးသမီးအတွက် ယုံယုံကြည်ကြည်ရွတ်ဖတ်ကြဆဲဖြစ်သည်။ သို့ရာတွင် ထိုကိစ္စမျိုးအတွက် ရဟန်းတော်များကို အထူးတလယ်ပင့်ဖိတ်ကာ နာယူခြင်းမျိုးကိုတော့ အတော်ကိုတွေ့ရခဲသည်။ အချို့အရပ်ဒေသများတွင်မူ ရဟန်းတော်များကို သီးသန့်ပင့်ဖိတ်ကာ နာယူလေ့တော့ရှိပါသည်။
သီဟိုဠ်သားတို့ကမူ ရဟန်းတော်များကို မိမိတို့အိမ်ကိုပင့်ဖိတ်ပြီးဖြစ်စေ၊ ကျောင်းတိုက်သို့ ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် မိသားစုဝင်များ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ဖြစ်စေ နာယူလေ့ရှိသည်ကို တွေ့ရဆဲဖြစ်သည်။ ပရိတ်နာယူရာတွင် ထုံးစံအတိုင်း ပရိတ်ချည်၊ ပရိတ်သဲပါသည်။ ပရိတ်ရေအိုးကိုမူ ဗန်းငယ်လေးတစ်ခုပေါ်တွင်တင်ထားသည်။ ယင်းအောက်ကနေ ကွမ်းရွတ်များဖြင့်ခံထားသည်။
သီဟိုဠ်သားတို့၏ တရားနာပုံမှာ မြန်မာတို့လိုမဟုတ်ပေ။ တကယ့်ကို လွတ်လွတ်စွာ (သို့) ဣရိယာပုထ်မျှတစွာဖြင့် တရားတော်ကိုနာယူကြသည်။ ရပ်ပြီးတရားနာသူရှိသလို ထိုင်သည့်ပုံစံအမျိုးမျိုး (Various ways of sitting position) ဖြင့် တရားနာသူများလည်း ရှိလေသည်။ အချို့အသက်အရွယ်ရသူများမှာ ထိုင်ခုံဖြင့်ပင် သင်တောင့်သက်သာ နာယူကြသည်။ သို့ရာတွင် တပလ္လင်ထိုင်ပြီး တရားခြင်း၊ တရားနာခြင်းများကိုမူ အထူးရှောင်ကြဉ်ကြသည်ကိုတွေ့ရသည်။ အကြောင်းမှာ ဘုရားရှင်ထိုင်သည့်ပုံစံဖြစ်သောကြောင့်ဟု သိရပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေဖြင့် ထိုင်ခုံပေါ်ကပိုပြီးအဆင်ပြေပါက ရဟန်းတော်များနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ ခုံပေါ်မှပင် နာယူပါသည်။ ကိုယ့်ယဉ်ကျေးမှု ဓလေ့အတိုင်းဆိုပါက အဂါရ၀ဖြစ်မှာပဲလို့ ထင်စရာပင်။ သို့ရာတွင် သူတို့၏အစဉ်လာနှင့် သူတို့လူမျိုးကတော့ အတော်ကိုအဆင်ပြေနေပါသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ရှေးတုံးကအတိုင်း လိုက်နာကျင့်သုံးနေ အသုံးချနေသည်ကိုတွေ့မြင်နေရတော့ ကျေးဇူးတရား၏ခိုင်မြဲတာကို စဉ်းစားမိသည်။ ငယ်စဉ်က သင်ခဲ့ရသော ပဌာန်း ၂၄-ပစ္စည်းထဲက “နတ္ထိ ပစ္စယော”ကို အမှတ်ရမိသည်။ အဓိပ္ပါယ်မှာ “မရှိပဲနှင့် ကျေးဇူးပြုခြင်း” ဖြစ်ပါသည်။ အမှန်တိုင်းပြောရလျှင် မရှိပဲနဲ့  ကျေးဇူးပြုတယ်ဆိုတာကို မိမိငယ်စဉ်က ဘယ်လိုမှနားမလည်ခဲ့။
အင်္ဂုလိမာလပရိတ်တော်ကို ရွတ်ဖို့ရန် လမ်းညွှန်ခဲ့သောမြတ်စွာဘုရားသည်မရှိတော့။ ထိုပရိတ်ကိုချီးမြှင့်ခဲ့သောအရှင်သည်လည်း မရှိတော့။ သို့ရာတွင် သူတို့၏လုပ်ဆောင်ချက်ကမူ ယနေ့တိုင် အသက်ဝင်ဆဲ အကျိုးရှိမြဲသာဖြစ်သည်။ အစဦး လုပ်ဆောင်သူများ မရှိတော့သော်လည်း သူတို့၏လမ်းစဉ်ကား လျှောက်လှမ်းနိုင်ဆဲဖြစ်ပါသည်။ ဒါကိုပင် မရှိပဲနဲ့ ကျေးဇူးပြုခြင်းတစ်မျိုးလို့နားလည်မိပါသည်။ ဘုရားဟောမူရင်းအဓိပ္ပါယ်မှာ ထိုထက်မကလေးနက်သော်လည်း မိမိနားလည်မှုကတော့ ဤမျှသာဖြစ်ပါသည်။

အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
“သူတို့လျှောက်သောလှမ်း”မှ
          *****************************

0 comments:

Post a Comment