အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, March 23, 2011

ဘုံဘ၀ ကြုံရတယ်လေ


ဘုံဘ၀ ကြုံရတယ်လေ

          သီရိလင်္ကာမှာနေနေစဉ် အခိုက်တန့်လေးအတွင်း ဒေသခံကျောင်းတွေမှာနေသင့်ကြောင်း၊ ဒါမှ သူတို့လူမျိုးတွေရဲ့ ဓလေ့ထုံးစံ၊ယဉ်ကျေးမှုနှင့် စရိုက်သဘာဝတွေကို အနည်းကပ်လေ့လာခွင့်ရမည်ဖြစ်ကြောင်း၊ သီရိလင်္ကာသို့ အရင်ရောက်နှင့်နေသော သူငယ်ချင်းတစ်ပါးက အကြံပေးတိုက်တွန်းသောကြောင့်  မြန်မာကျောင်းတွင် တစ်လခန့်နေပြီး၊ ဆိုင်းဆင့်ဗုံဆင့်ကာပင် ဒေသခံဘုန်းကြီးကျောင်းကိုရောက်ခဲ့ရတော့သည်။ မိမိအဖို့တော့ တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုသလိုပင်။ အနေအစားလည်းမပူရ၊ ဒေသခံတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ အခမ်းနားအမျိုးမျိုးလည်း လေ့လာခွင့်ရနှင့် ငွေကြေးကုန်ကျစရိတ်ကိုလည်း အတော်အသင့် ချွေတာနိုင်သောကြောင့်ဖြစ်ပါသည်။ သူငယ်ချင်း၏ မဟာကျေးဇူးပင်။
ဒေသခံကျောင်းနေဖို့ လိုက်လျှောက်ရသည်လည်း ရန်ကုန်မှာကျောင်းလျှောက်ရနည်းနှင်နှင်ဟု အတွေ့အကြုံရှိသော နှစ်ဖက်လှသူငယ်ချင်းများက ဖောက်သယ်ချကြလေသည်။ မိမိအဖို့တော့ “နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်”ဖြစ်နေသည်။ သူငယ်ချင်း၏ နေရာမှာ အစားထိုးနေရသည်။ ထိုကြောင့် “အတိရေကလာဘော= ရှေးဘုန်းရှေးကံရှိသူ” ဆိုတော့ မရုံးကန်ရ မျက်နှာကိုအ၀ီစိထိအောင်ချ,စရာမလိုဘူးပေါ့ဗျား…ဟု ကျေးဇူးရှင်သူငယ်ချင်းကို နောက်ခဲ့မိသေးသည်။
ဒေသခံစင်္ဟာလဘုန်းကြီးများ၏ အစဉ်အလာ စရိုက်တွေကို သူငယ်ချင်းထံက ကြိုတင်ပြီးသိရ၍ ပြဿနာတော့သိပ်မရှိ။ အရုဏ်ဆွမ်းနေ့ဆွမ်းကို တုံးခေါက်ပြီးစုံညီစွာစားလေ့မရှိ။ ဆွမ်းဝတ်လာပို့လို့ ဘုရားဆွမ်းကပ်ပြီးနောက် စာတဲ့သူကဘုဉ်းပေရော့။ ဧည့်သည်ဆိုပြီး လာခေါ်လိမ့်မည်မဟုတ်ပေ။ ထိုကြောင့် စ,ရောက်ကာစ သူငယ်ချင်းမှာ ဆွမ်းတစ်နပ်လွန်သွားဖူးသည်ဆို၏။ ရဟန်း၊ကိုရင်မခွဲခြား။ မတ်တတ်လေးထောင့်စားပွဲတွင် တင်ထားသောဆွမ်း၊ဆွမ်းဟင်းများကို ကိုယ့်စားမည့်ပုဂံ ကိုယ့်ဟာကိုယ်ယူ၊ ကိုယ်ကြိုက်တာထည့်စား။ ဘယ်သူကမှ ဘယ်သူကိုဒူးထောက်ကပ်စရာမလို။ ဘူးဖေး(Buffet)စနစ်အတိုင်းပင်။
နေ့စဉ် စားသောက်နေရသော အစားအစာများမှာ မိမိမရင်းနှီးလှသော ရွက်၊ခေါက်၊မြစ်၊သီး ဆေးနည်းတစ်ထောင်ဆိုသလိုဖြစ်နေသည်။ ထမင်ကလည်း ရေသည်ပြဇာတ်သခင် ဦးပုညသာဆိုလျှင် လက်စွမ်းပြကာ ကောင်းကောင်းကြီးပင် သရုပ်ဖော်ပေလိမ့်မည်။ နီရဲတွတ်နေသောထမင်းသည် လေလှေ့ကလွင့်လောက်အောင်ပင် ဖွယ်ယောင်းနေသည်။ ငယ်စဉ်က ပဲခူး-ကြခတ်ဝိုင်းမှာ စားခဲ့ရသည်ကို သတိရမိသည်။ သီရိလင်္ကာစားသောက်ဖွယ်ဟာ ကမ္ဘာပေါ်တွင် အညံ့ဆုံးဟု နိုင်ငံတကာဗဟုတရှိသော သူငယ်ချင်းများကဆိုသည်။ ဆီပါသောဟင်းရယ်လို့မရှိသလောက်ပင်။
မြန်မာပြည်မှာရှိစဉ် ရဟန်းဒါယိကာမကြီးက သူသက်သတ်လွတ်စားကြောင်းလျှောက်တော့ “ကောင်းတယ် ငွေကုန်လည်းသက်သာတာပေါ့”လို့ ပြောခဲ့မိတာကို ပြန်တွေးမိသည်။ အခုတော့ မိမိမှာ အလိုလိုနေယင်း သက်သတ်လွတ်သမားဖြစ်နေလေပြီ။ ကျားဥပုသ်စောင့်ပုံလိုဖြစ်နေတော့ မိမိကိုယ်ကိုယ်တော့ အားနာမိသား။ ထင်သလောက်တော့ အဆိုးကြီးမဟုတ်။ ရံခါဆိုသလို ငါးဟင်းလောက်တော့ပါတတ်သည်။ ဒါနေး(ဆွမ်းကပ်)ရှိ၍ ဆွမ်းစားလိုက်ရရင်တော့ ကြက်သားဟင်းကို ဘုဉ်းပေးရတတ်သည်။ အမြဲကြီးတော့မဟုတ်ပေ။
ဘုရားရှင်လက်ထက်တော်က ရဟန်းဝတ်ချင်သော သားတော်မောင်ကို မိဘတွေက “ရဟန်းဘ၀ဆိုတာ အပူလိုယင် အအေးရတတ်တယ်၊ အချိုလိုယင် အခါးရတတ်တယ်။ ရဟန်းမ၀တ်ချင်ပါနဲ့”ဟု တားမြစ်ဖူးတာကို ဗုဒ္ဓစာပေများတွင် တွေ့ရဖူးသည်။ သို့ရာတွင် ပညာရှာရန်လာသောမိမိအတွက် အစားသောက်က ပဓာနမကျလှပါ။ မိမိတို့အတွက် တံခါးမရှိ၊ဓားမရှိဖွင့်ထားသော မြန်မာကျောင်းကို အလျဉ်းသင့်သလိုသွားကာ ကိုယ့်ရိုးရာအစားစာကိုစားရတာတော့ နူတ်မြိန်လှသည်။ ဒါကလည်း ဖြေစရာတစ်ခုဖြစ်သည်။ ကိုယ့်အစား ကိုယ့်စကား ကိုယ့်အချင်းချင်းဆိုတော့ လွတ်လွတ်လပ်လပ်လေ။
ဒေသခံ(စင်္ဟာလ)ကျောင်းမှာတော့ တနေကုန်လို့ မြန်မာစကားတစ်ခွန်းမထွက်ရ။ အတူနေရှမ်းဦးဇင်းတစ်ပါးရှိပေမဲ့ သူကဘီပီယူမှာ မိမိကကေလနိယမှာဆိုတော့ တက္ကသိုလ်က မတူကြလေတော့ စနေ၊တနင်္ဂနွေလောက်သာတွေ့ဖြစ်ကြသည်။ ကျောင်းမှာက အင်္ဂလိပ်လို ပြောတတ်သူဆိုလို့ ကျောင်းထိုင်ဆရာတော်နှင့် လက်ထောက်ရဟန်းတစ်ပါးသာရှိသည်။ သို့ရာတွင် ဆရာတော်ကအထက်တန်ကျောင်းတစ်ခုမှာကျောင်းဆရာ၊ လက်ထောက်ဖြစ်သော ရဟန်းကလည်း သူ့အလုပ်နှင့်သူ။ လူတိုင်းအလုပ်ကိုယ်စီ။ ထိုကြောင့် တစ်ကျောင်းတည်းအတည်းအတူနေကြသော်လည်း စနေ၊တနင်္ဂနွေအားလပ်ရက်များတွင်သာ အချင်းချင်းမျက်နှာဆိုင်ဖြစ်ကြသည်။
ဒေသခံကျောင်းတွေမှာ သီတင်းသုံးနေထိုင်ကြသော မြန်မာရဟန်းတော်များအဖို့ အဓိက မဖြစ်မနေလုပ်ရသော အလုပ်နှစ်ခုရှိသည်။ ဒီထက်လည်းပိုကောင်းပိုနိုင်ပါသည်။ ယင်းမှာ တံမျက်လှည်းရခြင်း၊ ဒါနေး(ဆွမ်းစား)ရှိလျှင်လိုက်ရခြင်းတို့ဖြစ်သည်။ တစ်နေ့တစ်ကြိမ် ပုံမှန်တံမျက်လှည်းရပြီး၊ ကျောင်းဝန်းကျယ်ယင် ကျယ်သလောက်အချိန်ပေးရပါသည်။ အချို့ရဟန်းတော်များ တံမျက်လှည်းပျက်ကွက်တာနှင့်ပင် ကျောင်းမှထွက်ခွာပေးရသည့် သာဓကများရှိဖူးပါသည်။ “သူ့ကျောင်းနေက သူ့စာအံရသည့်သဘောပင်”။
ဤသို့သောအကြောင်းတွေအပါအ၀င် အခြားခြားသောအကြောင်းများကြောင့် သီရိလင်္ကာရောက် ပညာတော်သင် မြန်မာရဟန်းတော်များ၏ နေထိုင်ရသည့်ပုံစံမှာ ယေဘုယျအားဖြင့်သုံးမျိုးတွေ့နိုင်သည်။ ဒေသခံဘုန်းကြီးကျောင်းနေအုပ်စု၊ အဆောင်ငှားနေအုပ်စုနှင့် မြန်မာကျောင်းနေတို့ဖြစ်လေသည်။ မြန်မာကျောင်းမှာနေရန်အတွက် ပုံမှန်အားဖြင့် သုံးနှစ်ခန့်နေမှရတတ်ပြီး၊ နေရာလပ်သွားလျှင်၎င်း သို့မဟုတ် မိမိနှင့်ရင်းနှီးသူက သူ့နေရာကိုတဆင့် လွှဲအပ်ခဲ့လျှင်၎င်း ထိုထက်မြန်မြန်ရနိုင်ပါသည်။ သို့ရာတွင်  သီရိလင်္ကာရောက် မြန်မာရဟန်းတော်များအားလုံးသည် ကျောင်းအပ်တာအပါအ၀င် ကိစ္စကြီးငယ်မှန်သမျှကို မကုဋာရာမ မြန်မာကျောင်းထောက်ခံစာ၊ လိပ်စာတို့ဖြင့်သာလုပ်ရပါသည်။ မြန်မာကျောင်းတွင် တံခါးမရှိဓားမရှိ ၀င်ရောက်စားသောက်နိုင်ပြီး ဝေယျာဝစ္စများကိုလည်း အလှည့်ကျလုပ်ဆောင်ကြပါသည်။ အနေကွဲသော်လည်း စိတ်ဝမ်းမကွဲကြပေ။
ဒေသခံကျောင်းနေရဟန်းတော်များ၏ ဒုတိယမဖြစ်မနေလုပ်ရသောအလုပ်မှာ ဒါနေးခေါ် ဆွမ်းစားကွမ်းစားလိုက်ရခြင်းပါ။ များသောအားဖြင့် စနေ၊တနင်္ဂနွေနေ့များတွင်သာ ဒါနေးရှိသော်လည်း ရံခါကြားရက်များတွင်လည်းရှိတတ်ပေရာ ကျောင်းတက်ရက်ဖြစ်ပါက ထိုနေ့အဖို့ အတန်းတက်ခြင်းကိုလွှတ်ရတတ်သည်။ တဖက်ကလည်း ဆပ်ပြာ၊သွားတိုက်ဆေး မိုင်လိုစသော တိုလီမိုလီများရတတ်သောကြောင့် အထွေထွေအသုံးစရိတ်ကို သက်သာစေပြန်သည်။ လောကကြီး၏ဖြစ်တတ်လေ့ရှိသော အဆိုးနှင့်အကောင်း ဒွန်တွဲနေသော သဘောတရားတွေဖြစ်လေသည်။
ဒါနေးသည် တခါတရံ ကျောင်းမှာလာလုပ်တတ်ပြီး၊ များသောအားဖြင့်တော့ မိမိအိမ်၌သာလုပ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ အချိန်ကြာတာခြင်းကတော့ အတူတူသာ။ ဆရာတော်တွေ အလှည့်ကြတရားဟောကြပြီး ကျောင်းထိုင်ဆရာတော်တွေ များများပါလျှင် အချိန်ပိုကြာတတ်သည်။ တရားကို ဆွမ်းမစာခင်တစ်ခါနှင့် ဆွမ်းစားပြီးလျှင်တစ်ခါ အလှည့်ကြ ဟောကြပြီး၊ ထိုနောက် ရေစက်ချ၊ပရိတ်ရွတ်ကာ အခမ်းအနားကိုအဆုံးသတ်တော့သည်။
ဆွမ်းကပ်ရာတွင် မြန်မာတွေလို ဆွမ်းဝိုင်းကိုမပြင်ဆင်ထားပါ။ ယင်းအစား ဟင်းထည့်ပုဂံအရွယ်စား ပုဂံတစ်လုံး၊ ယင်းအပေါ်ကမှ တိုက်ပုဂံတစ်ချပ်ကိုမှောက်ထားသည်။ ရောက်,ရောက်ခြင်းတရားဟောပြီးတာနှင့် ဆွမ်းစားရပါသည်။ ထိုအခါ ပုဂံလုံးထဲကို အလှူရှင်၏မိသားစုဝင်တစ်ဦးမှ တစ်ပါးချင်းကို ရေလိုက်ထည့်ပေးသည်။ များသောအားဖြင့် ရေကိုအရံသင့်ထည့်ထားပြီး တိုက်ပုဂံပြားနှင့်အုပ်ထားလေ့ရှိသည်။ ယင်းရေဖြင့် သောက်လည်းသောက် လက်လည်းဆေးရပါသည်။ အားလုံး၌ ဇွန်းနှင့်စားသောအလေ့မရှိကြ။
ထိုနောက်တွင်တော့ အလှူရှင်မိသားစုဝင်အားလုံး ထမင်း၊ဟင်းထည့်ထားသော ခွက်များပုဂံများကို ကိုယ်စီကိုင်ပြီး စီတန်းကာလိုက်ထည့်ကြသည်။ ရှေးဦးစွာဆွမ်းထည့်၏။ ထိုနောက်ဆက်ကာ ဟင်းများကိုလိုက်ထည့်ကြသည်။ မိမိအလိုမရှိသောဟင်းကို လက်ဖြင့်ကာရသည်။ တစ်ခုခုကို မိမိကလက်မကာပြသ၍ ဆက်ကာထည့်ကြသောကြောင့် မိမိအလိုမရှိတော့က လက်ကာပြရသည်။ ရဟန်း၊ကိုရင်စသည်ဖြင့်မခွဲခြား။ အလိုရှိကငြိမ်နေ၊ အလိုမရှိကလက်ကာပြရုံသာ။ ဟင်းရည်သောက်အတွက်လည်း ကိုင်းပါသောခွက်ဖြင့် တစ်ပါးချင်းကပ်ထားသည်။ ဇွန်းဖြင့်မသောက်ရ။ သောက်ဖို့ရာလည်းသီးသန့်ချမထား။ ရေနွေး၊ ကော်ဖီသောက်သလို ခွက်ကိုင်ကာမော့ပြီးသောက်ရသည်။ လက်သုတ်ပ၀ါလည်း ချထားလေ့မရှိ။ ဆွမ်းစားကြွကတည်းက လက်သုပ်ပ၀ါကိုတပါတည်းယူဆောင်ကြရသည်။
ဆွမ်းဘုဉ်းပေးပြီးနောက် အချိုပွဲဆက်ကပ်သည်။ ဆွမ်းကျွေးတိုင်းမပါမဖြစ်သော အရာမှာ တမ္ပိလိခေါ်အုံးရေနှင့် ဒိန်ချဉ်တို့ဖြစ်သည်။ လက်ဆေးရေ၊ သောက်ရေနှင့် အုံးရေသောက်ရသောခွက်မှာ အထက်ဖော်ပါအတိုင်း ခွက်တစ်မျိုးတည်းပင်။ ဒိန်ချဉ်အတွက် တစ်ခွက်စီ တစ်ပါးချင်းကိုလိုက်ကပ်ပြီးနောက် ဒိန်ချဉ်လိုက်ထည့်သည်။ ယင်းနှင့်ရောစားရန် သကြားနှင့်ပျားရည်ကိုလိုက်ထည့်သည်။ အလိုရှိသလိုဘုဉ်းပေးရုံသာ။ သစ်သီးစသော အချိုပွဲတို့ကိုလည်း တစ်ပါးတစ်ပွဲ သီးသန့်ကပ်သည်။ ယင်းမှပိုတာကို ပလပ်စတစ်အိတ်ဖြင့် ကျောင်းကိုထည့်လှူလေ့ရှိသည်။ နောက်ဆုံးပိတ်အနေဖြင့် ကွမ်းဗန်းကိုကပ်သည်။ တကယ့်ကို ဆွမ်းစားကွမ်းစားဖြစ်သည်။ ဆေးလိပ်ကားလုံးဝမကပ်ပေ။ သီရိလင်္ကာလူမျိုးများ ဆေးလိပ်သောက်တာ အတော်ပင်တွေ့ရခဲသည်။
သီရိလင်္ကာကျွန်းအနှံ့ ဘုရားဖူးထွက်စဉ်က သူငယ်ချင်းတစ်ပါး၏ ဖြစ်ပုံလေးကို အမှတ်ရမိသည်။ အဆိုပါပုဂ္ဂိုလ်မှာ ဆေးလိပ်အလွန်ကြိုက်တတ်ကာ ဆေးလိပ်အကြောင်းပြောလျှင် နူတ်ခမ်းကို သိမ်းရသည်အထိဖြစ်သည်။ စားသောက်ဆိုင်တစ်ခုတွင် ဆေးလိပ်သောက်မည်ပြုရာ သူငယ်ချင်းများက သူ့နောက်ကျောနံရံပေါ်တွင်ကပ်ထားသော စာတန်းကိုထိုးပြကာ ဟားခဲ့ကြသည်။ သူ့မှာကားမဟားနိုင်ပေ။ သမင်လည်ပြန်ကြည့်ကာ မျက်နှာကြီးရှုံ့တွကာ ညီးတွားလေသည်။ ယင်စာတန်းမှာ “No smoking by law” “ဆေးလိပ်သောက်ခြင်းကို ဥပဒေအရ တားမြစ်ထားသည်”ဟူ၏။
ကွမ်းကပ်ပြီးနောက် လှူဖွယ်များကိုဆက်ကပ်ပါသည်။ ထိုသို့ကပ်ရာတွင် ဆွမ်းကပ်သည့်နည်းအတိုင်း တစ်ယောက်တစ်ခုကိုင်ကာ တန်းစီကာကပ်ကြသည်။ မိသားစု သိပ်များနေလျှင် တစ်ယောက်ကလှူဖွယ်ကိုကိုင်ကာ လူးကြီးရောကလေးမကျန် ကိုယ်စီလက်နှင့် တို့ထိစေကြပြီးနောက်မှ ဆက်ကပ်ပါသည်။ ဘုရားဝတ်ပြုရာတွင်လည်း ပန်း၊ဆီမီး၊ရေချမ်းတို့ကိုလည်း တစ်ဦးတည်းမကပ်။ လူများတန်းစီကာ လက်ဆင့်ကမ်း၍ ပူဇော်ကြသည်။ သဟတ္ထိကဒါနမြောက်ကပ်သည်ဟုယူဆရပြီး ညီညွတ်ခြင်းကိုလည်း ဖော်ဆောင်ရာရောက်သည်ဟုလည်း နားလည်မိပါသည်။
ထူးခြားချက်တစ်ခုမှာ အိမ်တစ်အိမ်တည်းတွင် မိသားစုဝင်အားလုံး အိမ်ထောင်ကျပြီးသူများအားလုံးအပါအ၀င် စုပေါင်းကာနေထိုင်ကြခြင်းကို အများအားဖြင့် တွေ့ရပါသည်။ ထိုကြောင့် ဆွမ်းစားကြွရသော အိမ်တိုင်းလိုလိုမှာပင် မိသားစုဝင်အများအပြား (Great family) ကို တွေ့ရပါသည်။ လှူဖွယ်များဆက်ကပ်ပြီးနောက် ဒုတိယပိုင်းအနေနဲ့ တရားတော်နာယူ၍ ရေစက်ခွက်ကို စုပေါင်းကိုင်ကာရေစက်ချသည်။ ထိုနောက် သံဃာတော်များက ပရိတ်တရား ချီးမြှင့်၍ အခမ်းအနားကိုပြီးစေပါတော့သည်။ တခါတရံ ပရိတ်ရွတ်စဉ် ပရိတ်ချည်ကြိုးကို သံဃာတော်များကလက်ဖြင့်ကိုင်ထားသလို တရားနာပရိသတ်များကလည်း ကိုယ်စီကိုယ်ငှ လက်ဖြင့်ကိုင်ထားကြရာ ပင့်ကူအိမ်ကြီးသဖွယ်ဖြစ်နေသည်။
တရားတော်နားယူရာတွင် နီးရာနံရံကိုမှီကာ အမျိုသ္မီးများက ရဟန်းတော်တွေဘက်ကို ခြေသလုံးချင်းထပ်ခြေဆင်းကာနာယူလေ့ရှိသည်ကိုတွေ့ရသည်။ အမျိုးသားများကမူ တပလ္လင်ခွေလည်းမကျ စောင့်ကြောင်ထိုင်ရာလည်းမရောက် ဒူးနှစ်ဖက်ကို လက်အုပ်ချီထားသော လက်နှစ်ဖက်နှင့်ပိုက်ထားဟန်ဖြင့် နာယူကြသည်။ မတ်တပ်ရပ်နာသူများရှိသလို ကျုံ့ကျုံ့ထိုင်နာသူများလည်းရှိပါသည်။မိမိတို့ဆီမှာကဲ့သို့ သြကာသနှင့်စတင်သလိုမဟုတ်ပေ။ နမောတဿ ၃-ခေါက်ရွတ်ဆိုပြီးနောက် ငါးပါးသီလပေးသည်ကိုသာတွေ့ရပါသည်။ ပေါယ (Poya)ခေါ် ဥပုသ်နေ့လည်း တစ်လတစ်ကြိမ်သာရှိပါသည်။ ယင်းနေ့များကို အားလပ်ရက်များ (Poya holiday)အဖြစ် ပြက္ခဒိန်များတွင် သီးသန့်သတ်မှတ်ထားသည်ကိုတွေ့ရပါသည်။
                             ******************
သီရိလင်္ကာရောက်မြန်မာရဟန်းတော်အများစုသည် ကေလနိယတက္ကသိုလ်၏ ပါဠိနှင့် ဗုဒ္ဓဘာသာလေ့လာရေးဌာန (PGIPBS) တွင်သာ အများအားဖြင့်တက်ရောက်ကြပါသည်။ အခြား (BPU) ကဲ့သို့သောတက္ကသိုလ်များတွင်လည်း အချို့တက်ရောက်ကြပါသည်။ အများစုကကေလနိယသာဖြစ်ပါသည်။ ယင်းတွင်လည်း M.Aတန်းတွင်သာတက်ရောက်ကြ၏။ M.Aအတွက်ဒီပလိုမာတန်းလည်းရှိပါသည်။ ၀င်ခွင့်အရည်ချင်းမှာ အစိုးရဓမ္မာစရိယ၊ အသင်းဓမ္မစရိယဘွဲ့ရနှင့် ဗုဒ္ဓတက္ကသိုလ်တစ်တစ်ခုခုမှ B.Aဘွဲ့ရ သို့မဟုတ် ပါဠိစာပေသင်ကြားရသောမည်သည့် B.Aဘွဲ့မဆိုရပါသည်။
တစ်နှစ်တာသင်တန်းကြေးအဖြစ် အမေရိကန်ဒေါ်လာ-၆၀၀(USD-600) ပေးသွင်းရပြီး၊ ကျောင်းအပ်လျှင်အပ်ခြင်း USD-၂၀၀-သာသွင်းရပါသည်။ တပြိုင်နက်ထဲမှာပင် စာကြည့်တိုက်ကြေးပါအ၀င် မှတ်ပုံတင်ကြေးစသည်တို့အတွက် ရူပီး ၂၀၀၀-ကိုလည်းသွင်းရသည်။ ယင်းကြေးတို့မှာ အပြောင်းအလဲရှိပါသည်။ ကျန်သော USD-400 ကို စာမေးပွဲဖောင်တင်ချိန်ရောက်မှပင် အပြီးသတ်သွင်းရပါသည်။
ကျောင်းတက်ကာလမှာ First Term, Second Term, Third Term ဟု သုံးခုရှိသည်။ ကာလတစ်ခုတွင် ၂-လစီကြာမြင့်ပြီး၊ ကြားကာလတိုင်းတွင် ရက်၂၀-ခန့် ကျောင်းပိတ်ပါသည်။ First Term၏ နောက်ဆုံးအပတ်တွင် မိမိတို့ရွေးထားသော ဘာသာရပ်များကို တင်ပြရသည်။ Second Term၏ နောက်ဆုံးအပတ်တွင် မိမိတို့ အသီးသီးတင်သွင်းရမည့် စာတမ်းမူကြမ်းကို အပြီးသတ်တင်သွင်းရပါသည်။ Third Term၏ နောက်ဆုံးရက်တွင် စာမေးပွဲဖောင်များကို အပြီးတင်ရပါသည်။ ဒီဇင်ဘာလတွင် Final-စာမေးပွဲကိုဖြေဆိုကြရပြီး ယင်းကာလမတိုင်မှီ သုံးပတ်အလိုခန့်တွင် စာတမ်းကိုနောက်ဆုံးထားတင်ရသည်။ ထိုကြောင့် တစ်နှစ်တာ ကျောင်းကာလမှာ ဖေဖော်ဝါရီလမှာစတင်ပြီး ဒီဇင်ဘာလတွင်ပြီးဆုံးတတ်ပါသည်။
ဘာသာရပ်မှာရှစ်ခုရှိပြီး စားမေးပွဲဖြေဆိုရာတွင် ဘာသာရပ်သုံးခုကို တစ်ခုတည်းတွင် ပေါင်းလိုက်သောကြောင့် ခြောက်ဘာသာ,သာဖြေဆိုရပါသည်။ မယူမနေရဘာသာရပ် (Compulsory Subject) များမှာ ပုံမှန်မရှိတတ်ပါ။ ယခင်နှစ်က နှစ်ခုသာရှိခဲ့သော်လည်း ယခု မိမိတို့နှစ်တွင်မူ မယူမနေရဘာသာရပ်များမှာ ငါးခုတောင်ဖြစ်နေသောကြောင့် နောက်ထပ် ဘာသာရပ်သုံးခုသာ ရွေးချယ်ရတော့သည်။
ကျောင်းတက်၍ တစ်လခန့်ကြာသော် မြန်မာမကုဋကျောင်းတွင် ကျောင်းသားသစ်များ အားလုံးကို အစည်းဝေးခေါ်ပါသည်။ အစည်းဝေးတွင် နာယကဆရာတော်များနှင့် စီနီယာကျောင်းသားသံဃာတော်များကဦးဆောင်ကာ ယူသင်သည့်ဘာသာရပ်များ၊ လိုချင်သည့်ဘာသာရပ်များကို အားလုံးညှိနှိင်းကာရွေးချယ်ကြသည်။ အတည်ပြုပြီးသောအခါ ရွေးချယ်ထားသော သက်ဆိုင်ရာဘာသာရပ်တွေအတွက် (Topic)များရေးနိုင်စွမ်းရှိကြသော ကျောင်းသားများကိုရွေးချယ်ကြပါသည်။ ဘာသာရပ်ရှစ်ခုအတွက် ရှစ်ပါးကအဓိကတာဝန်ယူ၍ (Topic)များကိုရေးသားကြရ၏။ မိမိလည်း ယခုနှစ်အတွက် ဘာသာရပ်တစ်ခုကို(Topic)ရေးဖို့ တာဝန်ယူထားပါသည်။ Topics-များရေးပြီးသောအခါ တာဝန်ခံဆရာတော်မှတစ်ဆင့် ကျောင်းသားအားလုံးကိုဖြန့်ဝေရသည်။ ယင်းတို့ကိုအဓိကအားဖြင့် ကျောင်းသားများက လေ့လာကျက်မှတ်ရသည်။ လိုအပ်လျှင် ကျမ်းညွှန်းများကို ကိုယ်တိုင်ဖတ်ရှုလေ့လာရပါသည်။ အားလုံးမှာစေတနာထားပြီး ညီညွတ်စွာလုပ်ဆောင်ကြသော အလုပ်များဖြစ်ပါသည်။
ညီညွတ်ခြင်း၊ စွမ်းရည်များကို စုပေါင်းအသုံးချခြင်း၊ စေတနာတရားထားရှိခြင်းစသော အခြေခံအကြောင်းတရားများက သီရိလင်္ကာ M.Aကို လွယ်လင့်တကူဆွတ်ခူးနိုင်စေပါသည်။ မိမိတစ်ယောက်တည်းအစွမ်းစနှင့် တစ်နှစ်သာတက်ရသည်ဆိုသော သီရိလင်္ကာM.Aကိုရဖို့ရာ အတော်ပင်ခဲယင်းပေလိမ့်မည်။ ဤကေလနိယတက္ကသိုလ်တွင် ဥရောပတိုက်သားများအပါဝင် အာရှတိုက်နိုင်ငံအတော်များများမှကျောင်းသားများ လာရောက်တက်ကြသည်ကိုတွေ့ရသည်။ လွယ်ကူသလို ပညာရေးမှာလည်း နိုင်ငံတကာအဆင့်တန်း (International Standard) ရှိခြင်း သင့်တော်သောကျောင်းစရိတ်ရှိခြင်းတို့က နိုင်ငံတကာကျောင်းသားများကို စွဲဆောင်နိုင်ခြင်း ရှိစေသောအဓိကအကြောင်းများဖြစ်ပါသည်။ ဒေသခံကျောင်းသား အတော်များများလည်း တက်ရောက်သည်ကိုတွေ့ရပါသည်။
ကျောင်းတက်ရက်ပုံမှန်အားဖြင့် တစ်ပတ်မှာသုံးရက၊် (Extension Class)တစ်ရက် အားလုံးလေးရက်တက်ရသည်။ အပိုဘာသာရပ်အတွက် တက်လိုကတက်၊ မတက်ချင်လည်း ရပါသည်။ ကျောင်းတက်ဖို့ရာတော့ မိမိတိုအဆင်ပြေသလိုစီစဉ်ကြရသည်။ အများစုက လိုင်းကားစီးကြပါသည်။ မိမိလည်း လိုင်းကားဖြင့်ပင်ကျောင်းတက်ပါသည်။ မြန်းမာကျောင်းနှင့် ကေလနိယတက္ကသိုလ်ကို ဘတ်၊စ၊ကားခမှာ ၁၈-ရူပီးသာပေးရသည်။ မိမိနေသော ပေါဂစောဝိတလမ်းဆုံ (Polgasowita Junction) နှင့်လည်း ၁၈-ရူပီးသာပေးရပါသည်။ ထိုကြောင့် တနေ့တာလမ်းစရိတ်မှာ အသွားအပြန် ၃၂-ရူပီးသာကုန်ကျပါသည်။ တခါတရံ လိုင်းကားခလှူသည်များလည်းရှိသည်။ မိမိနေရာနှင့်ကျောင်းကို နာရီဝက်ခန့်သာစီးရပါသည်။
ထူးခြားချက်တစ်ခုမှာ ဘတ်၊စ၊ကားတိုင်းတွင် သံဃာတော်များအတွက်နှစ်ခုံ၊ အသက်ကြီးရွယ်အိုများအတွက်နှစ်ခုံနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်နှစ်ခုံကို သီးသန့်သတ်မှတ်ပေးထားသည်။ သံဃာတော်များကားပေါ်တက်လာလျှင် လက်တို့ကာ ပြောနေစရာမလို။ အိပ်ပျော်ဟန်ဆောင်တာလည်းမရှိ။ နှစ်ပါးထက်ပိုတက်လာပါကလည်း နီးရာလူကထပေးပါသည်။ ဤအပြုမူမှာ ကလေးရောလူကြီးမကျန် ချစ်စရာကောင်းသော ယဉ်ကျေးမှုတစ်ရပ်အဖြစ်တွေ့ရသည်။ ဘယ်လောက်ပင်ကားကျပ်နေပါစေ လက်မှတ်ရောင်းမအားလျှင် ဒရိုင်ဘာကိုယ်တိုင် သံဃာတော်များနေရာရအောင် စီစဉ်ပေး၏။ တက်လာသည်နှင့် ချက်ချင်းဆိုသလိုလုပ်ပေးခြင်းဖြစ်သည်။ သံဃာတော်များက ကားကိုတားလျှင် ကျော်မောင်းခြင်း မောင်းပြေးခြင်းထုံးစံမရှိပေ။ ကားတံခါးပေါက်နှင့်အတည့် ရပ်ပေးလေ့ရှိသည်။ ပြောမယုံ ကြုံဖူးမှပင်လက်သင့်ခံရတော့သည်။
ဤယဉ်ကျေးသောစရိုက်ကို ငါးနှစ်အရွယ်ကလေးဘ၀ကတည်းက သံမှိုနဲ့ရိုက်သလို စွဲနေအောင် တနင်္ဂနွေကျောင်း(Sunday school)များကသင်ပေးလိုက်ခြင်းဖြစ်သည်။ အစိုးရက ကျောင်းနေအရွယ်ရောက်လာသူတိုင်း မတက်မနေရ အထူးသတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်လည်းဖြစ်လေသည်။ ယင်းမှာလည်း ပညာရေးအဆင့် (Level) အမျိုးမျိုးရှိပြီး အခမဲ့ပညာရေးစနစ်လည်းဖြစ်သည်။ တန်းကျောင်းပညာရေးနှင့်လည်း အခွင့်ရေးတန်းတူ အလုပ်အကိုင်တန်းတူရရှိပါသည်။သံဃာတော်များနှင့် ဆရာ/ဆရာမများက ဦးဆောင်ကာ အခမဲ့သင်ပေးကြခြင်းဖြစ်ပြီး အစိုးရကမေးခွန်းထုတ်စစ်ဆေးခြင်းဖြစ်သည်။
ထူးခြားသောမြင်ကွင်းတစ်ခုလည်းရှိပါသေးသည်။ ယင်းမှာ လမ်းဆုံလမ်းခွတိုင်းရှိ ဗောဓိညောင်ပင်အောက်တွင် ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဖူးတွေ့ရခြင်းပါ။ ဗောဓိပင်မှာလည်းအတော်ပေါပြီး နေရာအနှံ့ဆိုသလိုပေါက်သည်။ ပေါက်သည့်အပင်တိုင်းကို ခုတ်ထစ်ခြင်းမပြုကြ။ ဥဒ္ဒိဿစေတီအဖြစ်ဖြင့် အလေးအမြတ်ပြုကြသည်။ နောက်တစ်ခုမှာ သီဟိုဠ်သားတို့သည် ပါဏာတိပါတကံကို အထူးပင်စောင့်ထိမ်းကြသည်ကိုတွေ့ရသည်။
ထိုကြောင့် ယဉ်ကျေးမှုဟူသော ပေတံတစ်ချောင်းကို တိုင်းတာနည်းများစွာရှိပါသည်။ ကိုယ်နည်းနဲ့ကိုယ် သင့်လျှော်သည်သာ။ လူ့သဘာဝအရ အကြိုက်ခြင်းမတူနိုင်သော်လည်း သင်ခန်းစာယူသင့်သောအရာကိုမူ မည်သူထံမှဖြစ်စေ ယူရမည်သာဖြစ်သည်။ ထင်းရှားသော သာဓကများစွာကို ဗုဒ္ဓစာပေတွေထဲမှာလည်းများစွာတွေ့ရသည်။ ဥပမာအားဖြင့် ပျားကောင်သည် မိမိအလိုရှိသောဝတ်ရည်ကို ပန်းနှင့်ဝတ်မှုံကိုမထိခိုက်စေပဲရယူသကဲ့သို့ ရဟန်းတော်များသည်လည်း ပစ္စည်းလေးပါးကို အလှူရှင်တို့ထံမှအလှူခံရာတွင် ဤနည်းအတိုင်း ကျင့်သုံးရမည်ဟု မြတ်စွာဘုရားကမိန့်တော်မူခဲ့သည်။ ဤကဲ့သို့သောဥပမာ များစွာရှိပါသည်။ နိမ့်ကျသည်ဟုသတ်မှတ်ထားသော တိရစ္ဆာန်များထံကတောင် သင်ခန်းစာများကိုယူရသေးလျှင် လူသားချင်းအဖို့ အထူးပြောနေစရာမလိုတော့ပါ။
အကြောင်းအမျိုးမျိုးကြောင့် ပညာရေးကိုစောစီးစွာကျောခိုင်းရသူများ အသက် ၅၀-၆၀ ကျော်မှ ကျောင်းပြန်တက်နေသူများကိုလည်းတွေ့ရပါသည်။“ပညာလိုအိုသည်မရှိ”ဆိုသည်မှာ မှန်လှပေသည်။ အဆိုပါ တစ်ကြော့ပြန်ကျောင်းသားကြီးများမှာ လောကအရေး မိသားစုအရေးကို ထိုက်သင့်သလောက် ကျေပွန်အောင်ထမ်းဆောင်ပြီးမှ မိမိတို့၏ မဆုံးသေးသော ပညာရေးကိုဆက်လက်သင်ယူကြခြင်းဖြစ်ပါသည်။ ဆရာကြီးတစ်ဦးက မှတ်ချက်ချဖူးသည်မှာ “လူတစ်ယောက်သည် အသက်-၂၀၀နေရပြီး၊ ထိုအနှစ်-၂၀၀လုံးလုံး သင်ယူနေရရင်တောင် ပြည့်စုံနိုင်မည်မဟုတ်”ဟူ၏။ မိမိအဖို့တော့ ဤမြင်ကွင်းက သိပ်မထူးဆန်းလှ။ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်တွင် လွန်ခဲ့သောလေးနှစ်ခန့်ကပင် ကိုယ်တိုင်တွေ့မြင်ပြီးဖြစ်ပါသည်။ တိုးတက်သည်ဟူသော သရုပ်သကန်ကို ရုပ်ဝတ္ထုတစ်ခုတည်းနှင့် တိုင်းတာလျှင် မည်သည့်အခါမှ ပြီးပြည့်စုံလိမ့်မည်မဟုတ်ပေ။
                             ********************
အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
သူတို့လျှောက်သောလမ်းမှ

0 comments:

Post a Comment