အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, March 16, 2011

အိပ်မက်ထဲက ကျွန်းသီဟိုဠ်


                                အိပ်မက်ထဲက ကျွန်းသီဟိုဠ်
        လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည်။ ထိုကြောင့် ရည်ရွယ်ချက်တွေလည်း မတူနှိင်တာလည်း အဆန်းကြီးတော့မဟုတ်ပါ။ လူတစ်ကိုယ်စိတ်တစ်မျိုး ရည်မှန်းချက်တွေ အမျိုးမျိုးဖြင့် ဘ၀တက်လမ်းကို ကျားကုတ်ကျားခဲရှာနေကြသော လူငယ်တွေကို နေရာအနှံ့ တွေ့မြင်ကြားသိနေရသည်။ လူငယ်တွေသာမက လူကြီးများလည်း ကြိုးစားနေရသေးသည်။ သုံးနှစ်အရွယ်ကလေးငယ်များလည်း မုံ့ထုပ်တစ်ဖက် စာအုပ်ထည့်တဲ့ကျောပိုးအိပ်တစ်ဖက်ဖြင့် မူကြိုကျောင်းကိုသွားနေကြရပြီ။
          နည်းပညာတွေ၊ ဘာဘာညာညာလော်ဂျီတွေ အစွန်းရောက်တိုးတက်လာသော ယနေ့ကမ္ဘာကြီးက ကြီးငယ်မရွေးပဲ လူ့အသိုင်းဝန်းကြီးတစ်ခုလုံးကို အမိရင်ခွင်ကနေ ဘ၀ကျောင်းတော်အရောက် ဇွတ်အတင်းပင်ဆွဲသွင်းနေသည်။ ဤသို့ဖြင့် နှစ်ဆယ့်တစ်ရာစုကမ္ဘာကြီးသည် ပိုပြီးတော့အသက်ဝင်လာသည်။ ပညာဆန်လာသည်။ ကမ္ဘာကြီးကား ရွာအဆင့်သာရှိတော့၏။ သိမ်ငယ်စရာတော့မဟုတ်ပါ။ ပန်းချီကျော်တို့၏ စုတ်ချက်အောက်က လက်ရာမြောက်လှသော ပန်းချီကားတစ်ချပ်သာ။
          အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ကမ္ဘာ့ရေဆီးကြောင်းအောက်ဝယ် တိုက်ရိုက်မပါခဲ့ဘူးဆိုယင်တောင် အဖျားခတ်တော့မိသည်သာဖြစ်၏။ ကမ္ဘာစွန်းရောက်နေ ချောင်ကြနေသောရွာငယ်တွေလည်း ပညာ… ပညာ..ဟု အော်ဟစ်ညည်းညူယင်း ကမ္ဘာ့အလယ်ကို ရောက်လာတော့သည်။
                                      *********************
          မိမိအဖို့တော့ ယနေ့သည် ခြေလှမ်းတစ်လှမ်းကို ကောင်းစွာလှမ်းပြီးသောနေ့ဖြစ်သည်။ မှန်၏။ မိုးရွာမရှောင် နေပူလည်းမနား လေးနှစ်တာမျှ ပြေးလွှားတက်ခဲ့ရသော ဘီအေစာမေးပွဲကား ဆုံးခန်းတိုင်ပေါက်ရောက်ခဲ့လေပြီ။ နောက်တစ်လှမ်းတိုးဖို့အရေးကိုဖြင့် အတော်ပင်ချိန်ဆရပေဦးမည်။ အမြဲလိုပင် ပြင်းပြင်းထန်ထန်ရုန်းကန်ရလေ့ရှိသော မိမိ၏ ဘ၀ပေးအခြေအနေကို အပြန်အလှန်စဉ်းစားသုံးသပ်ရတော့သည်။ “Life is struggle” ဘသဟူသည် ရုန်းကန်ရချေသည်ပါကား….။
          နှစ်လခန့်မျှ M.A သင်တန်းကိုတက်ရောက်နေပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို စွန့်စားကာချလိုက်သည်။ နိုင်ငံခြားတွင် Master တန်းကို ဆက်လက်သင်ယူရန်ဖြစ်သည်။ လတ်တလောဆုံးဖြတ်ချက်တော့မဟုတ်ပါ။ အချိန်ကြာမြှင့်စွာကပင် ရည်ရွယ်ထားပြီးသား အမြဲအိမ်မက်ထားသော အမြုတေဖြစ်သည်။ မပြည့်သောအိုး ဘောင်ဘင်ခတ်ဆိုသကဲ့သို့ သွားဖို့အရေး မနေမနားပြေးရလွှားရတော့သည်။ ဦနော လောကော= လောကကြီးကား လိုအပ်ချက်တို့ဖြင့်လွှမ်းနေသည်တကား..။
          ကံတရားသည် မိမိကိုလျစ်လျူရှု့မထားပါ။ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများ ဆွေမျိုးများနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသော ဒကာ/ဒကာမအပေါင်းတို့၏ ချီးမြှင့်ထောက်ပံ့မှုဖြင့် ပညာတော်သင်သွားရန်အတွက် အတော်အသင့်အဆင်ပြေသွားသည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံသို့ ပညာတော်သင်သွားရန် အဒေါ်တစ်ယောက်နှင့်သူငယ်ချင်းများ အခြားနီးစပ်ရာမိတ်ဆွေတစ်စု၏ လိုက်ပါပို့ဆောင်မှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ယောင်န,နဖြင့်ရောက်လာခဲ့တော့သည်။ ပြီးခဲ့သောတစ်ပတ်ခန့်က ဆယ်မိုင်ကုန်း-ဓမ္မဒူတ ဆရာတော်၏ မွေးနေ့ပွဲကိုသွားစဉ် သူငယ်ချင်းမောင်ဓမ္မသာရက အမိမြေကိုခွဲခွာကာနီးတော့ မလွှမ်းဘူးလားဟုမေးတော့ အဆင်ပြေအောင်ပြေးလွှားနေရတာဆိုတော့ လွှမ်းဖို့တောင် သတိမရမိပါဘူးလို့ ပြန်ပြောကာ နှစ်ပါးသားသဘောကျကာ ဟားခဲ့ကြသည်။ ဩော်…. ဘ၀က လွမ်းဖို့တောင်မဖန်နိုင်လေစွ….။
                                      *********************
          မိမိတို့ပျံသန်းလိုက်ပါသည့် TG 0304 လေယာဉ်ကြီးသည် ရန်ကုန်မှ မနက် ၉း၅၀ တွင် စတင်ထွက်ခွာလေသည်။ လေယာဉ်ပေါ်ရောက်တော့ တောင်မြောက်လေးပါးမက ထက်အောက်မကျန် ခြောက်ပါးသောအရပ်တို့ကိုကြည့်ရလေသည်။ လေယာဉ်ကြီးငြိမ့်ကနဲ လေထဲပျံတက်စဉ် မိမိ၏အတွေးမျှင်သည်လည်း မဝေးလှသေးသောအတိတ်ဆီကို တရိပ်ရိပ်ဖြင့်လွင့်လေပြီ။ အမှန်တော့ ဘ၀ဆိုတာ ဆွေးစရာတွေမဲ့ကောင်းမဲ့ပေမဲ့ တွေးစရာတွေကဖြင့်ပြည့်နေပါလား….။
          ပထမဦးဆုံး မိမိကို လေးနှစ်တာမျှပညာသင်ကြားပေးကြသော ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ် ရန်ကုန်ကျောင်းခွဲမှ ကျေးဇူးရှင်ဆရာများ အားလုံးကို လက်အုပ်ချီ်မိုး၍သာ ကန်တော့ခဲ့ရသောအဖြစ်ကို ၀မ်းနည်းမိ၏။ ကိုယ်တိုင်ရေးသားခဲ့သော စာအုပ်လေးဖြင့်ကန်တော့ခွင့်ရသည့်အတွက်သာ ဖြေသာရတော့သည်။ မယ်တော်ကြီးနှင့် မွေးရပ်မြေမှ ဒကာ/ဒကာမများ သရက်မြို့မှ ရဟန်းမယ်တော်ကြီးစသော သူတို့အားလည်း စာပေသင်ကြား တရားဟောပြသခြင်းဖြင့် ထိုက်သလောက် ကျေးဇူးဆပ်ခဲ့ပြီ။ မွေးရပ်မြေမှ တလုတ်ရင်းဂိုဏ်းချုပ်ဆရာတော်ကြီးကို သွားရောက်ပြီး ကန်တော့,နူတ်ဆက်တော့ “အနီးကပ်ညွှန်ကြားသင်ပြပေးသူတွေ နည်းသော်လည်း ယခုလို အခြေအနေရောက်အောင် ကြိုးစားနိုင်သည့်အတွက် အားလုံးရဲ့ကိုယ်စား  ဒို့ဂုဏ်ယူတယ်၊ ၀မ်းလည်းသာတယ်ကွာ’’ ဟု အားရပါးရဖြင့် ထပ်ခါထပ်ခါမိန့်တော်မူ၏။ မိမိက သူငယ်ချင်းဖြစ်သူ ဦးတေဇာနန္ဒ၏ အထောက်အပံ့ဖြင့် အောင်မြင်ရပါကြောင်းပြန်လျှောက်ရာ “အေး.. အေး.. အမှီလည်းလိုသကွ” ဟု မိန့်၏။
          ထိုမျှလောက်ကျေးဇူးရှိသော သူငယ်ချင်းအပေါ် တုံ့ပြန်မှုစွမ်းအားနည်းပါးသော မိမိမှာတော့ သိမ်ငယ်ရ၏။ ကျေးဇူးတရားကို အစဉ်အောက်မေ့ခြင်းဖြင့်သာ ဖြေသိမ့်ရသည်။ လောကဆိုသည်မှာ နယူတန်၏နိယာမကဲ့သို့ “သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုတွေရှိနေသည်” သာဖြစ်လေ၏။ နေ့လည်စာအတွက် ဘာများသုံးဆောင်လိုပါသလဲဟူသော ထိုင်းလေယာဉ်မယ်လေးတစ်ဦး၏အမေးကြောင့် အတွေးရေယဉ်ကြောမှ လေးပင့်စွာထရင်း နေ့လည်စာမှာပြီး ဟိုကြည့်ဒီကြည့်လုပ်ရင်း တိမ်ပေါ်ရောက်နေသော မိမိအဖြစ်ကို သတိရစေတော့သည်။
                                      **********************
          ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်ကို မနက် ၁၁း၄၅ တွင်ရောက်ပြီး ခရီးတစ်ထောက်နား ရပ်နားရသည်။ လွန်စွာကြီးကျယ်ခမ်းနားသော သုဝဏ္ဏဘုမ္မိလေဆိပ်သစ်ကြီးတွင် လည်ပတ်ရန်အချိန်အများကြီးရသည့်အတွက် နားနေခန်းမှာအလှည့်ကျစောင့်ကာ သူငယ်ချင်းနှင့် တစ်လှည့်စီဗဟုသုတရှာရသည်။ တစ်ခေါက်ဆို,ဆိုသလောက်ပင် စုံနေအောင် လည်ပတ်ဖို့ရာအချိန်ရလိုက်သည်။  ည ၁၀း၂၀ တွင် ထိုင်းငံမှတဆင့် TG 0304 လေယာဉ်ဖြင့်
ကိုလံဘိုမြို့တော်သို့ ဆက်လက်ထွက်ခွာရာ ည ၁း၅ တွင်ဆိုက်ရောက်လေသည်။  ရောက်မည့်အချိန်ကို အတိအကျ အကြောင်းကြားထားသောကြောင့် လာရောက်စောင့်ဆိုင်းနေသော သူငယ်ချင်းများနှင့် အခန့်သင့်ပင်တွေ့ရလေသည်။
          လေဆိပ်မှ မိမိတို့ခေတ္တနေရမည့်မြန်မာကျောင်းသို့ချီအသွား လမ်းခုလတ်ဝယ် မနေနိုင်မထိုင်နိုင် ကားတွေပြောင်းပြန်မောင်းနေပါလားဟု မိမိနူတ်ကထွက်သွားမိ၏။ သူငယ်ချင်းတစ်ယောက်က အ,ရန်ကောဟူသောအကြည့်ဖြင့်ကြည့်ကာ ကမ္ဘာပေါ်ရှိသော နိုင်ငံတိုင်းမှာ ဘယ်ဘက်ယာဉ်ကြောဖြင့်သာမောင်းနှင်ကြောင်း ပဏ္ဍိတ်ကြီးဟန်နှင့်ရှင်းပြရာ စာအုပ်ထဲမှာသာဖတ်ဖူးသောမိမိမှာ ဇက်ပုသွားရလေသည်။ အထာမနပ်သော မိမိ၏အဖြစ်က ထိုနေရာမှစ,လေတော့သည်။
                                      *******************
          ကျောင်းအပ်ခြင်းကိစ္စပြီး၍ ကျောင်းတက်ရန်ရက်လည်းဝေးသေးသောကြောင့် သီရိလင်္ကာအနှံ့ဘုရားဖူးအဖွဲ့နှင့်လိုက်ပါရန်ဆုံးဖြတ်လိုက်လေသည်။ တစ်ဖက်ကလည်း ဒေသန္တရဗဟုသုတရှာရန်ဖြစ်၏။ ဘုရားဖူးအဖွဲ့တွင် မြန်မာနူိင်ငံမှ ကျောင်းတက်ဖို့လာသော သံဃာအသစ် မိမိအပါအ၀င်ကိုးပါးနှင့် သီရိလင်္ကာတွင်အနေကြာပြီး ဒေသခံလိုဖြစ်နေသည့် ဦးဆောင်လိုက်ပို့ပေးသော ဆရာတော်ဦးက၀ိဿရပါဆိုလျှင် အားလုံးဆယ်ပါးဖြစ်သည်။ ကားစင်းလုံးငှါးကာ ကိုလံဘိုမြို့တော်မှခရီးစတင်ခဲ့သည်။
          စတင်မိတ်ဆက်ရမည့်သူကား “ဇနက” ဟု ကင်ပွန်းတတ်ထားသည့် နာမည်ပိုင်ရှင်။ ဘုန်းကြီးတစ်ပါးလားဟု ထင်စရာပင်။ မဟုတ်ပါ။ လူပျံတော်လည်းမဟုတ်။ တကယ်တော့ မိမိတို့၏ကားဒရိုင်ဘာဖြစ်သည်။ နာမည်မှည့်ပုံတွေက အများအားဖြင့်တော့ ပါဠိနာမည်တွေကို တိုက်ရိုက်ယူထား၏။ တချို့နာမည်တွေကိုကြားယင် မြန်မာလူမျိုးအနေဖြင့် ဘုရားတပေလိမ့်မည်။ ကြည့်ပါဦး…. တဏှင်္ကရ၊ သုမေဓာ..တဲ့။ ဘုရားဘွဲ့တော်ကြီးတွေ မှည့်ထားသည်။ ယသော်ဓရာ..တောင်ပါလိုက်သေး။ မြန်မာတို့အတွေးမှာဖြင့် ၀မ်းတော်လား၊ မိုးကြိုးပစ်ခံရမည့် သနားစရာသတ္တ၀ါတွေအဖြစ် ရှူ့မြင်ကောင်းမြင်ပေလိမ့်မည်။ ကိစ္စမရှိ။ ဒါက သီရိလင်္ကာပဲ။ စာပေမှာလည်း “နာမံ နာမ ပဏ္ဏတ္တိမတ္တံ” နာမည်ဆိုတာ သတ်မှတ်ချက် တစ်ခုမျှသာဖြစ်သည်လို့ ဆိုထားသည်မဟုတ်လား။
                             ***************************
          ပထမဦးစွာ သီရိလင်္ကာနိုင်ငံ၏ မြောက်ဖက်စွန်းရှိ ဂျပ်ဖနား(JAFFNA)ပြည်နယ်ကို ခရီးထွက်ခဲ့ရာ လမ်းတစ်လျှောက်သင့်သောဘုရာများကိုဖူးမျှော်ကြည်ညိုပြီး အနုရာဓမြို့ရှိ မြန်မာကျောင်းမှာ တစ်ညတာအိပ်စက်အနားယူကြ၏။ နောက်တစ်နေ့နံက် ၄း၃၀ တွင် ခရီးဆက်ရာ လောကကြီးကို နေမင်းကြီးစတင်နူတ်ဆက်ချိန်တွင် အဆိုပါပြည်နယ်စပ်သို့ ရောက်ပြီး နိုင်ငံခြားသားဖြစ်နေသော မိမိတို့အဖွဲ့ကို တစ်နာရီကျော်မျှစစ်ဆေးပြီးနောက်တော့ ဆက်သွားခွင့်ပြုလေသည်။
          ယင်းပြည်နယ်သည် မကြာလှသေးသောလပိုင်းခန့်ကမှ နှစ်ပေါင်းသုံးဆယ်ခန့် ပြည်တွင်းစစ်ဖြစ်နေရသော ကျားသူပုန်များကို လက်ရှိသမ္မတမဟိန္ဒအစိုးရက ခြွင်းချက်မရှိ အနိုင်ရထားသောဒေသဖြစ်သည်။ သီရိလင်္ကာသမိုင်းတွင် တစ်နိုင်ငံလုံးကို စည်းရုံးနိုင်သော ဒုတိယဒုဋ္ဌဂါမဏိမင်းအဖြစ် စစ်အောင်သမ္မတမဟိန္ဒကို ပြည်သူတွေက တင်စားကြ၏။ လမ်းတစ်လျှောက်တွင်တော့ စစ်ပွဲ၏အနိဋ္ဌာရုံများအဖြစ် ပျက်စီးယိုယွင်းနေသော အဆောက်အဦးများ၊ လမ်းဘေးထိုးနေသော တွယ်တာမဲ့မိသားစုများ၊ သေကွဲရှင်ကွဲ တွေ့ကြုံခံစားနေရသူ စစ်၏သားကောင်ပြည်သူတို့၏ အရုဏ်ဦးရောင်ခြည် ကိုငံ့လင့်နေသော နွမ်းလျလျမျက်နှာများကို သံဝေဂဖြစ်ဖွယ်တွေ့မြင်ရလေသည်။ အော်… သဗ္ဗေသတ္တာ ကမ္မသကာ.. ပါတကား……….။
-------
          ဂျပ်ဖနားကိုဖြတ်သွားရသော ပင်လယ်ကျွန်းငယ်လေးသည် မိမိတို့၏ ခရီးဦးတည်ရာ တစ်ခုဖြစ်သည်။ အိန္ဒိယပင်လယ်အတွင်းတည်ရှိကာ အိန္ဒိယနှင့်ကီလိုမီတာ ၅၀-ခန့်သာကွာ၏။ နှစ်အတော်ကြာပြည်တွင်းစစ်ကြောင့် လူသူဆိတ်သုဉ်းသလိုဖြစ်နေပြီး ယခု စစ်ပွဲပြီးကာစ အားလပ်ရက်နှင့်လည်းဆုံနေပေရာ ဘုရားဖူးများဖြင့်စည်ကားနေ၏။ ထင်ရှားသော ကမ္ဘာ့ဘာသာကြီးများဖြစ်ကြသော ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ သက်ဆိုင်ရာ အထိမ်းမှတ်တွေလည်းရှိရာ လူမျိုးစုံ၊ ဘာသာလည်းစုံ၏။ နိုင်ငံခြားသားတွေလည်းပါ၏။
          ဒေသခံတို့ယုံကြည်ချက်တစ်ခုမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က နာဂဒီပခေါ် ဤကျွန်းလေးသို့ လင်းလွန်းပင်နှင့်အတူ့ ကိုယ်တော်တိုင်ကြွခဲ့သည်ဟူ၏။ အကြောင်းစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ အချိန်ကား ဘုရားရှင်သည် ငါးဝါမြောက်တွင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးစဉ်ကဖြစ်သည်။
          ဤနာဂဒီပကျွန်းတွင် မဟောဒရနဂါးမင်းနှင့် တူတော်စူဠောဒရနဂါးမင်းတို့ ပတ္တမြားပလ္လင်ကို အကြောင်းပြုကာ စစ်တိုက်ကြ၏။ တန်ခူးလကွယ်နေ့ နံက်ပိုင်းတွင် ဘုရားရှင်သည် ဇေတ၀န်ကျောင်း၏ မုဒ်ဦးအနီး လင်းလွန်းပင်စောင့် ရုက္ခစိုးနတ်မင်း သမိဒ္ဓိသုမနကို လင်းလွန်းပင်ကိုယူစေကာ နောက်ပါအဖြစ်ခေါ်ဆောင်ပြီး သီဟိုလ်ကျွန်းရှိ ဤနာဂဒီပကျွန်းပေါ်သို့ကြွကာ နဂါးမင်းတို့အား ငြိမ်းချမ်းရေးတရားဟောတော်မူ၏။
          တရားအဆုံး၌ ထိုပတ္တမြားပလ္လင်ကို ဘုရားရှင်ကိုလှူဒါန်းကြ၏။ ဘုရားရှင်သည် ထိုပလ္လင်ထက်၌သီတင်းသုံးပြီးနောက် ပတ္တမြားပလ္လင်တော်နှင့်တကွ လင်းလွန်းပင်ကို ပြန်လည်ချီးမြှင့်ကာ ပူဇော်စေ၏။ ဘုရားရှင်ကြွလာစဉ်က သမိဒ္ဓိသုမနရုက္ခစိုးနတ်မင်းသည် လင်းလွန်းပင်ကို ထီးဖြူအဖြစ်စောင်းမိုးကာလိုက်ပါခဲကြောင့် ထိုလင်းလွန်းပင်သည် ပရိဘောဂ စေတီထိုက်ပေသည်။ ယင်းအပင်ကို နာဂဒီပကျွန်းပေါ်၌ပင်စိုက်စေကာ သမိဒ္ဓိသုမန ရုက္ခစိုးနတ်မင်းကိုလည်း အစောင့်အရှောက်အဖြစ်ထားခဲ့။ ထိုလင်းလွန်းပင်အနီး၌ ပတ္တမြားပလင်ကို ဌာပနာသွင်းကာ တည်ထားသောစေတီသည် ယခုအခါ ရာဇာယနစေတီ ဟု ခေါ်တွင်လေသည်။ လင်းလွန်းပင်ကိုလည်း ယခုတိုင် ထင်းရှားစွာဖူးတွေ့နိုင်ပါသည်။ ဤကား ဘုရားရှင် သီဟိုဠ်ကျွန်းသို့ ဒုတိယအကြိမ်မြောက်ကြွချီတော်မူခြင်းဖြစ်ပါသည်။
          နောင်အခါ သာသနာတော်ကွယ်ချိန်တွင် နေရာအနှံ့ပံျ့တည်နေကြကုန်သော ဘုရားရှင်၏ဓာတ်တော်အားလုံးတို့သည် ရှေးဦးစွာသီဟိုဠ်ကျွန်းရှိ မဟာစေတီတွင် ကြွရောက်စုရုံးပြီး၊ ယင်းမှတဆင့် နာဂဒီပကျွန်း ရာဇာယတနစေတီတော်မှာ ဒုတိယအကြိမ်အဖြစ်စုရုံးကာ  အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်တွင် ဓာတုပရိနိဗ္ဗာန်စံတော်မူပေလိမ့်မည်။
***********************
          ဂျပ်ဖနား(JAFFNA)မှအပြန် အနုရာဓမြို့ မြန်မာကျောင်းမှာပင် တစ်ညအိပ်ပြီး နောက်တစ်နေ့နံက် ၅-နာရီခန့်တွင် လမ်းလျှောက်သွားကာ မဟာဗောဓိပင်ကို ဖူးမျှော်ကြည်ညိုကြသည်။ ယင်းမဟာဗောဓိပင်သည် သာသနာတော်နှစ် ၂၃၆-တွင် မောရိယမင်းဆက် သီရိဓမ္မာသောကမင်းကြီးသည် သစ္စာပြုကာ ဆေးဒါန်းမြင်းသီလာဖြင့် သားရာမှ ဗောဓိပင်၏တောင်ဖက်ကိုင်းသည် အလိုအလျှောက်ပြတ်၍ ရွှေအိုးတွင်တည်လာ၏။ ယင်းဗောဓိပင်ပျိုကို သီရိဓမ္မာသောကမင်းကြီး၏ သမီးတော်သင်္ဃမိတ္တာရဟန္တာထေရီမက သီဟိုဠ်ကျွန်းသို့ပင့်ဆောင်လာရာ ဒေ၀ါနံပိယတိဿမင်းသည် ခရီးဦးကြိုပြုပြီး၊ ဗောဓိပင်ကို မဟာမေဃ၀နဥယျာဉ်အတွင်း ယခုတည်ရှိရာအရပ်၌စိုက်ပျိုးတော်မူခဲ့သည်။ ထိုဗောဓိပင်ကို ဒက္ခိဏသာခါဗောဓိပင်ဟု၎င်း၊ သိရီမဟာဗောဓိပင်ဟု၎င်း၊ သင်္ဃမိတ္တာဗောဓိပင်ဟု၎င်း ခေါ်ကြ၏။
          စောစောစီးစီးမှာပင် ဗောဓိပင်ပရ၀ုဏ်အတွင်း ဘုရားဖူးများနှင့်ပြည့်နေသည်။ ဗောဓိပင်ကို အုဌ်တံတိုင်းအမြင့်ကြီးဖြင့်ကာရံထားကာ အတွင်းပိုင်း၌လည်း နှစ်ဆင့်ထပ်ကာ ကာရံထားသည်ကိုတွေ့ရ၏။ တမီးကျားသူပုန်တို့သည် ဗုဒ္ဓဘာသာ၏ထင်ရှားသော အရာများကို ဖျက်ဆီးလေ့ရှိသောကြောင့် ယခုကဲ့သို့ကာကွယ်ထားရကြောင်းသိရလေသည်။ ဘုရားဖူးများမှာ အထက်ကိုတက်ပြီး ဗောဓိပင်ကိဖူးခွင့်မရကြပေ။ မိမိတို့အဖွဲ့ကား ဗောဓိပင်ကို စောင့်ရှောက်သောဆရာတော်၏ အထူးခွင့်ပြုချက်ဖြင့် ပင်စည်နားအရောက် တက်ရောက်ဖူးမျှော်ခွင့်ရကြ၏။
          သတိထားမိသောအချက်တစ်ချက်မှာ သီရိလင်္ကာလူမျိုးများ ဘုရားဝတ်ပြုရာ တရားနာရာတို့၌ ဘုရားဖက်၊တရားဟောသည့်ပုဂ္ဂိုလ်ဖက်ကို ခြေဆင်းထားကြ၏။ မြန်မာလူမျိုးတို့ ကျုံ့ကျုံ့ထိုင်သကဲ့သို့ ထိုင်သောသူများကိုမူ အနည်းငယ်သာတွေ့ရသည်။ တပလ္လင်ခွေကိုမူ ဘုရားထိုင်တာနှင့်တူသောကြောင့် ထိုင်ကြလေ့မရှိကြောင်းသိရပါသည်။ မြန်မာ့ယဉ်ကျေးမှုတွင်ကား ရိုသေလေးစားအပ်သောပုဂ္ဂိုလ်များဖက်ကို ခြေဆင်းထိုင်လျှင် အင်မတန်ပင်ရိုင်းလှ၏။ မိမိတို့ငယ်စဉ်ကသင်ခဲ့ရသော “ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်စောင့်ကြောင်နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ် မနေအပ်’’ ဟူသော ရှင်မဟာသီလ၀ံသ၏ ဆုံးမစာသည် မြန်မာလူမျိုးတို့၏ အနေအထိုင်နှင့်ပတ်သက်သော ယဉ်ကျေးမှု့တစ်ရပ်ကိုထင်ဟပ်စေသည်။
          လူမျိုးအချင်းချင်း နိုင်ငံအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် တွေ့ကြုံရလေ့ရှိသော ပြဿနာမှာ ယဉ်ကျေးမှုဆန့်ကျင်ဖက် (Culture-shock) ဖြစ်တတ်ခြင်းဖြစ်သည်။ သို့ရာတွင် ကိုယ့်အယူဆနှင့်ကိုယ်တော့ မှန်သည်သာပင်။ ဤနေတွင် ဆရာကြီးဦးမြကြိုင်ပြောပြဖူးသော အဖြစ်အပျက်တစ်ခုကိုသတိရမိသည်။
          တစ်ခါက နိုင်ငံကျော်အင်္ဂလိပ်စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ နေအိမ်တွင် ပြင်သစ်သူအမျိုးသမီးကြီး ခေတ္တလာရောက်ကာ တည်းခိုနေထိုင်လေသည်။ အဆိုပါအမျိုးသမီးကြီးသည် ဘာသာရေးအလွန်ကိုင်းရှိုင်းသူဖြစ်ကာ ဘုရားဆင်းတုငယ်ကို မိမိနှင့်မကွာယူဆောင်လေ့ရှိ၏။ တနေ့တွင် ပုဂံကိုဘုရားဖူးသွားရန် ပြင်ဆင်ထုတ်ပိုးနေသော ပြင်သစ်သူအမျိုးသမီးကြီး၏အခန်းသို့ ၀င်ရောက်လာသော ဆရာမကြီးဒေါ်ခင်မျိုးချစ်မှာ ငယ်ထိပ်မြွေပေါက်သလို ထအော်လေတော့သည်။ ဆက်မလုပ်ဖို့ရန်လည်း ပျာပျာသလဲ တားမြစ်လေသည်။ နိုင်ငံခြားသူအမျိုးသမီးကြီးမှာလည်း ပဟေဠိဆန်စွာနဲ့ ဆရာမကြီးကို ပြန်ကြည့်နေ၏။
          ကြည့်ပါဦး… မကြံဝံ့မစီရာ။ ပြင်သစ်သူအမျိုးသမီးကြီးက ဘုရားဆင်းတုတော်ငယ်ကို သူမ၏အတွင်းခံဘောင်းဘီဖြင့် ကျကျနနထုပ်ပိုးနေသည်။ မြန်မာလူမျိုးမှန်က လုပ်ဖို့ရာဝေးစွ စိတ်ကူးကြည့်မည်တောင်မထင်။ ထိုကြောင့်ပင် အလန့်တထိတ်အော်ကာ တားမြစ်နေသော ဆရာမကြီးကို ဘာကြောင့်လည်းဟု နိုင်ငံခြားသူအမျိုးသမီးကြီးကမေး၏။ အမြတ်တနိုး ရှိခိုးပူဇော်အပ်သော ဘုရားရုပ်ပွားတော်ကို နိမ့်ကျသောအ၀တ်စားဖြင့် မထုတ်သင့်ကြောင်း ဆရာမကြီးကရှင်းပြရာ နိုင်ငံခြားသူအမျိုးသမီးကြီး၏ ပြန်လည်ရှင်းပြသောစကားကြောင့် ဆရာမကြီးခမျာ ဆွံ့အသွားရလေသည်။
          သူမခန္ဓာကိုယ်မှာ ၀တ်ဆင်သောအရာတွေထဲတွင် ဤတစ်ခုသာလျှင် အနူးညံ့ဆုံး တန်ဖိုးအရှိဆုံးဖြစ်ကြောင်း၊ ထိုကြောင့် မိမိတန်ဖိုးထားသော ဘုရားဆင်းတုတော်ကို မိမိတန်းဖိုးထားသော နူးညံ့သောအ၀တ်ဖြင့်ထုတ်ရတာဖြစ်ကြောင်းရှင်းပြလေသည်။ လူတစ်ယောက်၏အစာသည် အခြားတစ်ယောက်အဖို့ အဆိပ်ဖြစ်တတ်သောသဘောပင်။ ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ့်အယူအဆကို တစ်ပါးသူ၏မျက်စိတွင်  သဟဇာတဖြစ်ဖို့ရာအတွက် ခဲယဉ်းပေလိမ့်မည်။ သို့ရာတွင် ကိုယ့်အရပ် ကိုယ်ဇာတ်နဲ့ကိုယ် ကရသည်မို့ အပြစ်မဆိုသာပါ။
          မိမိကိုယ်တိုင်လည်း မှားယွင်းစွာနားလည်မိခဲ့ဖူးသည်။ ကျောင်းစတက်သောနေ့တွင် ဖြစ်ပါသည်။ ကျောင်းဆင်း၍အပြန်မှာ အဖော်မရှိတစ်ပါးတည်းဖြစ်နေသည်။ လိုင်းကားကိုလည်း စတင်စီးကာစဖြစ်သည်။ အလာတုံးက ကားလိုင်းနံပါတ်အတိုင်းမှတ်ပြီး အပြန်တွင်လည်းစီးလာရာ ကံဆိုးချင်တော့ မိမိမှတ်တိုင်မရောက်ခင် ဂိတ်ဆုံးသွားသည်။ အခုမှပင် လိပ်ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်ရတော့သည်။ သို့ရာတွင် ရန်ကုန်မှာနေခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး အမြဲလိုင်းကားစီးကျောင်းတက်ခဲ့တာပဲဟု ကိုယ်ကိုယ်ကိုအားပေးရင်း “မသိလျှင်မေး မစင်လျှင်ဆေး”ထုံးနှလုံးမူကာ မေးရတော့သည်။ နံပါတ်တူလိုင်းကားတစ်စီးကိုတားပြီး ကိုယ်သွားရမည့်မှတ်တိုင်ကိုပြောကာမေးလိုက်သည်။ ဒရိုင်ဘာကခေါင်းယမ်းပြသည်။ မရောက်လည်းမလိုက်ရုံပေါ့ဟုတွေးကာ နောက်ဆုတ်လိုက်၏။ ထိုအခါ ဒရိုင်ဘာက Come, come.. ဟုပြန်ခေါ်လေသည်။
          ခေါင်းလည်းယမ်းပြသေးတယ် ဘယ်လိုပါလိမ့်လို့ ယောင်န,နတွေးယင်း တက်လိုက်သွားလိုက်သည်။ နောက်တစ်နေ့ကျောင်းရောက်တော့ သူငယ်ချင်းတွေကိုပြောရာ ၀ိုင်းဟားတော့သည်။ ဒီကလူတွေက ဟုတ်တယ်မှန်တယ်ဆိုယင် ခေါင်းယမ်းပြပြီး၊ No ဆိုလျှင် ခေါင်းညိတ်ပြလေ့ရှိသည်။ ဆွမ်းစားလိုက်တဲ့အခါ ကိုယ်မစားချင်တာကို ခေါင်းယမ်းပြမိလို့ အတင်းကာရောထည့်တာလည်း မကြာခဏကြုံရသည်။ အင်း… ဒါလည်း (Culture-shock) တစ်ခုပါပဲ။
                                      ************************
          ရှစ်ရက်တာခရီးစဉ်အတွင်း သီရိလင်္ကာတနိုင်ငံလုံးမှာရှိသော ထင်ရှားသောဘုရားပုထိုး ရှေးဟောင်းအစောက်အဦး တော,တောင်နေရာအနှံ့ဆိုသလိုပင်ရောက်ကြသည်။ ဤမျှသော ရက်တိုကာလအတွင်း နေရာအနှံ့ရောက်သည်မှာ ကားစင်းလုံးငှါးခကို ကီလိုမီတာနှင့်တွက်ပြီး ပေးရ၍ လိုသလိုခရီးဆက်နိုင်သောကြောင့်ဖြစ်သည်။ အခြားအကြောင်းမှာ သီရိလင်္ကာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၃၃၂- မျှသာရှိသည်။ အလျားအားဖြင့် မိုင်-၂၇၀ နှင့် အနံ ၁၄၀-မိုင်သာရှိသော ကျွန်းနိုင်ငံလေးဖြစ်သည်။ လူဦးရေ သန်း ၂၀-ကျော်ရှိပြီး ဆင်ဟာလလူမျိုး ၇၀-ရာခိုင်နူံးနှင့် တမီးလူမျိုး ၂၀-ရာခိုင်နူံးတို့ မှီတင်းနေထိုင်ကြသည်။
          နိုင်ငံငယ်သော်လည်း ရှေးဟောင်းအမွေအနှစ်ကြွယ်ဝသလောက် ထိမ်းသိမ်းလည်း ထားနိုင်သည်။ ဘေးမဲ့တောများ၊ သဘာဝတော,တောင်,ဂူများ နှင့် ယဉ်းပါးလှသော တောရိုင်းတိရစ္ဆာန်မျိုးစုံတို့ဖြင့် အလွန်ပင်နှစ်သက်ဖွယ်ကောင်းသော မြင်ကွင်းတို့ဖြင့် ပနာရလှသည်။ တိရစ္ဆာန်များကိုသတ်ဖြတ်ခြင်းလည်း မရှိသလောက်ပင်ဖြစ်ရာ တခါတရံတွင် လမ်းပေါ်မှာ ရသောအခွင့်အရေးကို အပြည့်အ၀ယူကာ ဣန္ဒြကြီးတစ်ခွဲသားနှင့် ဖြတ်လျှောက်နေသော၎င်းတို့ကို ကားများကရပ်စောင့်ပေးရသည်။ မကြာခဏဆိုသလို မြို့ပေါ်အထိပင် လာရောက်လည်ပတ်တတ်သည်။ ဆိုးသည်က မျဉ်းကျား၊ မီးနီ၊ မီးစိမ်းများကို နားမလည်သောယင်းတို့ကြောင့် ယဉ်ကြောပိတ်ဆို့မှုတွေဖြစ်ကာ ကားများ၏ပွီပွီပွမ်ပွမ်သံများ ဆူညံနေတော့သည်။ ဟုတ်ပ…ဒါကလူတွေရဲ့ သတ်မှတ်ချက်တွေပဲလေ…။
          အိပ်ရေးပျက်မည်ဆိုတာကိုသိသော်လည်း ခွေးဟောင်သံကြားလျှင် ထကြည့်ချင်သော အလေ့ကြောင့် စူးစမ်းကြည့်ရာတွင်ကား လား..လား တကယ့်ကိုရွှေတောသားစစ်စစ်ဖြစ်သော မျောက်များကိုတွေ့ရလေသည်။ ဟင်း… နင်တို့ဒီမှာလာပြီး တိရစ္ဆာန်ဖြစ်ရတာ အတော်ကို  ကံကောင်းလှတယ်မှတ်။ ကိုယ်ဆီမှာ တိရစ္ဆာန်ရုံရောက်မှ မြင်တွေ့ရသောသတ္တ၀ါတွေကို ဒီမှတော့ နိုင်ငံအနှံ့ လွယ်လင့်တကူပင်တွေ့မြင်နိုင်လေသည်။ နေရာအနှံ့ ရေးစရာမထပ်သော်လည်း အလျဉ်းသင့်မှပင် ရေးရပေဦးတော့မည်။
                             *****************************
          မိမိတို့ဘုရားဖူးအဖွဲ့သည် ပြန်ရန်တစ်ရက်အလိုတွင် သီရိလင်္ကာနိုင်ငံ၏ မြင်းမိုရ်တောင်ဟု နာမည်ကြီးသော နေမင်းဦးသုံးကြိမ်တိုက်ရသည့် စရီပါဒ(Sri Pada)တောင်ကို ဦးတည်ခဲ့ကြလေသည်။ တောတောင်အထပ်ထပ်ကို  ၃-နာရီကျော်မျှ ကားနှင့်ဖြတ်ကျော်တက်ခဲ့ပြီးနောက် တောင်ခြေ၏ပင်မစခန်းကို နေ၀င်ရီတရောအချိန်တွင်ရောက်ရာ ယင်းအချိန်တွင် မိုးဖွဲလေးများ တဖျောက်ဖျောက်ကျဆင်းနေလေသည်။
          တောင်တက်လမ်းတလျှောက် လမ်းဘေးဝဲရာ တောင်နံရံများတွင် စိုက်ပျိုးထားသော လ္ဘက်ခင်းကြီးများကို တမျှော်တခေါ်တွေ့ရသည်။ ရေအားလျှပ်စစ်ထုတ်သော ဆည်ကြီးနှင့် ခေါင်းပေါ်ရောက်နေသော ရေပိုက်လိုင်းကြီးများ ထင်းရှူးတောတန်းကြီးများကိုလည်း ငေးမောလွမ်းမောဖွယ်တွေ့မြင်ရသည်။
          တောင်ခြေဈေးတန်းမှာ တောင်တက်ဖို့ရန် ၀ယ်သင့်ရာများကို ၀ယ်ခြမ်းပြီးနောက် ည ၈-နာရီတွင်တောင်တက်ခရီးကိုစတင်ခဲ့ကြသည်။ စရီပါဒတောင်နှင့်ပတ်၍ ဆိုရိုးစကားတစ်ခုကို လိုက်ပို့သောဆရာတော် ဦးက၀ိဿရ က  “ဤတောင်ကို တစ်ခေါက်မျှကို မတက်ရောက်ဖူးသောသူသည် အရူးဖြစ်၏။ နှစ်ခေါက်တက်ရောက်ဖူးသူမှာလည်း အရူးဖြစ်၏”ဟုရှင်းပြ၏။ အခြားသူများကလည်း ဒေသခံတို့၏အစဉ်လာစကားအတိုင်း ထိုသို့ပင်ပြောကြပါသည်။ထိုကြောင့် ရောက်ဖူးပြီးသောသူက မလိုက်တော့ပဲ ကားဆရာ မစ္စတာဇနကနှင့်အတူ တည်းခိုခန်းတွင်ကျန်ရစ်ခဲ့လေသည်။ မိမိတို့အဖွဲ့ဝင်ကိုးပါးသာ မြင်းမိုရ်ခရီးကို မြန်းကြရတော့သည်။
          ည ၈-နာရီခန့်တွင် တောင်တက်ခရီးကိုစတင်ခဲ့ကြပါသည်။ အခြားဘုရားဖူးအဖွဲ့တွေနှင့်အတူ အချင်းချင်းအားပေးကာ မနေမနား ဖြေးဖြေးမှန်မှန်တက်ခဲ့ကြသော မိမိတို့အဖွဲ့သည် ည ၁၁း၃၀ နာရီခန့်တွင် တောင်ထိပ်သို့ ရောက်ကြ၏။ လေတဟူးဟူးတိုက်ခတ်သည်ကတကြောင်း ညဥ့်နက်လာသည်ကတစ်ကြောင်း အကာကွယ်နည်းသည်ကတစ်ကြောင်းတို့ကြောင့် ခိုက်ခိုက်တုန်အောင်ပင် ချမ်းလှသည်။ ဂေါပကရုံးခန်းမှာ နေစရာရသောကြောင်သာ တော်သေးသည်။ နံက် ၄း၃၀ ခန့်တွင်ထပြီး ဘုရားဝတ်ပြုရာ ယင်ပြင်တော်ကို တက်ခဲ့ကြသည်။
          အစောကြီးမှာပင် ဘုရားဖူးများမှ ကျက်ပျံမကျစီကားနေတော့သည်။ တောင်ထိပ်ရှိ ခြေတော်ရာကို အလှည့်ကြဖူးပြီးနောက် မှတ်တမ်းဓာတ်ပုံရိုက်ဖို့ပြင်ဆင်ရာ တားမြစ်ခံရ၏။ ထိုနောက် စရီပါဒတောင်တာဝန်ခံဆရာတော်၏ မေတ္တာရပ်ခံချက်ဖြင့် ခြေတော်ရာတည်ရှိရာ ဂန္ဓကုဋီတိုက်အတွင်း သီးသန့်ဝင်ရောက်ကြရပြီး ပရိတ်တရားတော်များချီးမြှင့်ပေးခဲ့ရသည်။ ထိုနောက် နေထွက်သည့်ရှူ့ခင်းကိုကြည့်ရှူ့ပြီးနောက် နံက်ခြောက်နာရီခွဲခန့်တွင် ပြန်လည်ကာဆင်းခဲ့ကြရာ ကိုးနာရီခွဲတွင် တောင်ခြေရှိတည်းခိုခန်းကို ပြန်လည်ရောက်ခဲ့ကြ၏။ အဆင်းလမ်းတလျှောက်တွင် ညမီးရောင်၏ မပီဝိုးတ၀ါးအောက်မှာ တွေ့မြင်ခဲ့ရသော တောင်တခွင်၏ရှူ့ခင်းများကို အထင်းသားတွေ့မြင်ရတော့သည်။
          တက်ခဲ့စဉ်တုံးက လမ်းတလျှောက်ထွန်းထားသော လျှပ်စစ်မီးရောင်တွေဖြင့် တမျိုးလှနေသလို လမ်းဘေးတစ်ဖက်တစ်ချက်တွင် အပြောကျယ်လှသော လ္ဘက်ခင်းများ ညလုံးပေါက်ဖွင့်ထားသော ညဈေတန်းများကလည်း နံက်ခင်းနေရောင်ခြည်အောင်တွင် အထူးလှနေ၏။ နံက်စောစောတက်လာသူများနှင့် လမ်းခုလတ်တွင်တွေ့ဆုံကြသည်။
 ကိုယ်နှင့်အလျဉ်းသင့်သလို ပြန်ဆင်းလာရာ မိမိလည်းတနေရာအရောက်တွင် ဂျာမန်လူမျိုးတစ်ယောက်နှင့် စကားတပြောပြောနှင့် အတူဆင်းခဲ့၏။ ထိုစဉ် မိဘတွေနှင့် အတူတက်လာသော ငါးနှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက်သည် မိမိကိုမြင်တော့ အတင်းပြေးလာရာ မိမိကတိုက်မိမည်စိုးသောကြောင့် ရုတ်တရက်ရှောင်လိုက်ရာ ကလေးငယ်ကလည်း မိမိရှောင်တဲ့ဘက်ကိုလိုက်လာ၏။အကြောင်းမသိရှာသော မိမိကရှောင်လိုက် ကလေးငယ်ကနောက်ကနေလိုက်,လိုက်နဲ့ စရီပါဒတောင်ခါးပန်းဝယ် ထုတ်ဆီးတိုးသကဲ့သို့ဖြစ်နေတော့သည်။ မိမိတို့အဖြစ်ကိုကြည့်ပြီး ကလေးငယ်၏မိဘတွေနှင့် ဂျာမန်လူမျိုးကြီးတို့ကပြုံးနေလေ၏။ ထိုအခါမှ သတိရပြီး ရပ်ပေးလိုက်ရာ ကလေးငယ်က မိမိခြေထောက်ကိုထိအောက်ဦးချပြီး သူ့မိဘတွေထံ ပြန်ပြေးလေ၏။ ပါဠိတော်တွေထဲမှာ “ပါဒေ သိရသာ ၀န္ဒတိ= ခြေအစုံတို့မှာ ဦးခေါင်းကိုထားပြီး ရှိခိုး၏” ဟူသော စကားအတိုင်း ရှိခိုးတတ်အောင် ဘာသာရေးအခြေခံရအောင် နုနုငယ်ငယ် ကလေးဘ၀ကတည်းက စနစ်တကျ သင်ပေးသော တနင်္ဂနွေနေ့ဘာသာရေးသင်တန်းကျောင်း (Sunday-school) များကို တောရောမြို့မကျန် ဘုန်းတော်ကြီးကျောင်းတိုင်းတွင်တွေ့မြင်နိုင်ပါသည်။
ထိုအကျိုးကျေးဇူးများက အရိုးစွဲပါလာခဲ့သောကြောင့် ကြီးကြီးငယ်ငယ် အရွယ်မရွေး ရဟန်းတော်တွေကိုချဉ်းကပ်ရှိခိုးတတ်သော ချစ်စရာယဉ်ကျေးမှုတစ်ရပ်ကိုလည်း မိမိမှာ မှတ်မှတ်ထင်ထင်ရှိခဲ့တော့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသ၏ “အိုးမလုပ်ခင် အိုးဖုတ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်သို့…….”အစချီသော ဘာသာရေးမှာစွဲထင်အောင် ငယ်ရွယ်စဉ်ကပင် သင်ပေးရမည်ဟူသော ကဗျာလေးလွမ်းမောတသဖြစ်မိပါသည်။ “ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည်ဘုရား” ဟူသော ရင်းနှီးနေသော စကားအပိုင်းစလေးကိုလည်း အတွေးနယ်ချဲ့မိလိုက်သည်။ အကြောင်းသင့်လာလျှင်ဖြင့် ဆန်းဒေးစကူးအကြောင်းကို အသေးစိပ်ဖော်ပြချင်ပါသေးသည်။
မိမိတို့တက်ရောက်ခဲ့သော စရီပါဒတောင်သည် သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြောက် အမြင့်ဆုံးတောင်ဖြစ်ကာ နိုင်ငံအလယ်ပိုင်းကုန်းမြေမြင့်၏တောင်ဘက်စွန်းတွင်တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၇၃၆၀)ရှိသည်။ ကိုလံဘိုမြို့တော်မှ ကီလိုမီတာ ၁၅၀-ခန့် ကွာဝေးကာ၊ အခြားသောနာမည်များဖြင့်လည်း မှတ်တမ်းများတွင်ထင်ရှားပါသည်။ တောက်ထိပ်ရှိခြေတော်ရာကို မိမိတို့ဆိုင်ရာ အယူအဆအသီးသီးဖြင့် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒီ ဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များနှင့် မူစလင်ဘာသာဝင်များ တက်ရောက်ကြပြီး အလေးအမြတ်ပြုကြသောကြောင့် ထူးခြားလှသောတောင်တော်တစ်ခုဖြစ်ပါသည်။
စရီပါဒတောင်ကိုမသွားမှီညမှာ ကန္ဒီမြို့ရှိ မြန်မာကျောင်းတွင် ညအိပ်ရပ်နားခဲ့ပြီး နောက်တစ်နေ့  အရုဏ်ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွယ်တော်ကို ၀င်ရောက်ကာ ဖူးမျှော်ခဲ့ရသေး၏။ အပြန်ခရီးတွင်တော့ သာယာလှပသော ပင်လယ်ကမ်းခြေမြို့လေး ဂေါ(Galle)တွင် ညအိပ်ရပ်နားခဲ့ကြသည်။ လည်ပတ်စရာများကိုလည်ပတ်ပြီးနောက် နေ့လည်ခင်းတွင် ဆူနာမီ(Tsunami)ရေဘေးသင့်ဒေသများကိုဖြတ်သန်းကာ လမ်းတလျှောက် ဘုရားများဖူးပြီးနောက် ကိုလံဘိုမြို့တော်သို့ပြန်ခဲ့ရာ ညကိုးနာရီခန့်တွင်ပြန်ရောက်လေသည်။
ခရီးစဉ်တလျှောက်တွင် တခြားမှတ်မှတ်ထင်ထင်ရှိခဲ့သော မြင်းကွင်းတချို့မှာ စစ်ပွဲပြီးကာစမို့ နေရာတိုင်းတွင် လုံခြုံရေးများ စစ်ဆေးရေးဂိတ်များဖြင့် လာလာသမျှ တင်းတင်းကျပ်ကျပ်စစ်ဆေးနေသော်လည်း ရဟန်းတော်တွေ၏ သီးသန့်စီးနင်းလာသော မော်တော်ယာဉ်များကိုမူ လုံးဝစစ်ဆေးချင်းမပြုပေ။ ဂျပ်ဖနားတစ်ခုတွင်သာ စစ်ဖြစ်ထားသော အရပ်ဒေသဖြစ်ခြင်းကြောင့် မိမိတို့ကို နိုင်ငံခြားသားဖြစ်နေသည်ကတစ်ကြောင်း အန္တရာယ်လည်းရှိနိုင်သည်က တစ်ကြောင်းတို့ကြောင့် စစ်ဆေးမှုပြုသော်လည်း ပြည်တွင်း ရဟန်းတော်များကိုမူ လွယ်ကူစွာပင်ခွင့်ပြုပါသည်။
အခြားတစ်ခုမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ကြသော စစ်သားများ၊ ရဲများအပါအ၀င် အခြားသောဝန်ထမ်းများ ပြည်သူများသည် ရဟန်းတော်များကိုတွေ့လျှင် ခြေတော်ကို နဖူးထိအောင်ရှိခိုးပြီး ပရိတ်ချည်ကို လေးလေးမြတ်မြတ်တောင်းတတ်သော ဓလေ့ပင်။ အကြောင်းသိနေသော မိမိတို့ကိုလိုက်ပို့သည့်ဆရာတော်က လက်မှာချည်ရန်အတွက် အနေတော်ဖြစ်အောင်ပြင်ဆင်နေသည်ကို ပဟေဠိဆန်စွာကြည့်နေမိသော မိမိတို့မှာ ထိုအခါမှပင် သဘောပေါက်ကြတော့သည်။ လက်မှာပရိတ်ကြိုးကို ချည်ပေးနေစဉ်တွင် ချည်ပေးသောဆရာတော်အပါအ၀င် အတူပါလာကြသော ရဟန်းတော်တို့က “သဗ္ဗေ ဗုဒ္ဓါ ဗလပတ္တာ” အစချီသောဂါထာကို ရွတ်ဆိုပေးကြရ၏။
                             ******************
ဘုရာဖူးပြန်ရောက်၍ နှစ်ရက်လောက်နားပြီးနောက်တွင်တော့ကား အားနှင့်မာန်နှင့် အင်တာနေရှင်နယ်ကျောင်းသားဘ၀ကို လိုင်းကားတိုးစီးရင်း စခဲ့ရပါလေပြီ။ အော်….. သီရိလင်္ကာ၏ မနက်ဖန်နေ့ရက်များသည်လည်း လှုပ်ရှားရုံးကန်ဖို့ရန် ငံ့လင့်နေလေပြီကော။ ဘယ်စီဘယ်ဝယ် လွမ်းမောဖွယ်အသွယ်သွယ်ကို ဥပေက္ခာရင်ခွင်သို့ ဇွတ်အတင်းအပ်နှင်းကာ ကမ်းလင့်နေသည့် ကမ္ဘာ့ပညာရေးလက်များကို အရအမိယူနိုင်ရန်သာ အားထုတ်ရတော့မည်။ နံက်ခင်း၏ရောင်ခြည်အောက်ဝယ် တေးဆိုငှက်တို့ဖြင့် ၀န်းရံနေသည့် အရောင်သွေးစုံလှသော ဘ၀ပန်းဥယျာဉ်ကြီးကား သာယာရှုမောဖွယ် ပန်းချီကားတစ်ချပ်သဖွယ် စုတ်ချက်တွေဖြင့် တစ,တစ ပီပြင်လာချေပြီ…………………………..
                               ********************************
အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
သူတို့လျှောက်သောလမ်းစာအုပ်မှ

0 comments:

Post a Comment