အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, March 12, 2011

အစဉ်အလာတစ်ခုကို ချဉ်းကပ်ခြင်း


အစဉ်အလာတစ်ခုကို ချဉ်းကပ်ခြင်း (၁)

တနေ့တွင် စာရေးသူထိုင်ရာနှင့် သိပ်မဝေးလှသည့် ဒေသခံကျောင်းတစ်ကျောင်းမှလာပင့်သော မင်္ဂလာဆွမ်းစားကိုကြွခဲ့ရသည်။ တရားဟောဆရာတော် ဘာတွေဟောပြောညွှန်ပြတယ်ဆိုတာကို ကောင်းစွာမသိသော်လည်း သိင်္ဂါလောဝါဒသုတ်ပါ ဆုံးမလမ်းညွှန်ချက်များဖြင့် ဟောကြားသည်ကိုတော့ ကောင်းစွာ နားလည်ပါသည်။
ဘုရားရှင် နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်က ညွှန်ပြခဲ့သော ရှောင်ကြဉ်ဖွယ် လိုက်နာဖွယ် နည်းအသွယ်သွယ်တို့သည် လူမှုအသိုင်းဝိုင်းတစ်ခုကို တည်ထောင်ရာတွင် ယနေ့တိုင်အောင် အသက်ဝင်နေဆဲဖြစ်ပါသည်။ ညွှန်ကြားချက်ဆိုသည်မှာ လိုက်နာဖို့ရာ ကျင့်သုံးဖို့ရာအတွက်ဖြစ်ပါသည်။ ကျင့်သုံးသည့်အလျောက် အကျိုးရှိမည်သာ။
သို့ရာတွင် ဗုဒ္ဓဘာသာအမည်ခံအများစုသည် ရွတ်ဖတ်ရုံသက်သက်ကိုသာ အားကိုးတကြီးလုပ်ဆောင်နေကြသည်။ ၀ါးလုံးရှည်ဖြင့်သိမ်းရိုက်ခြင်းမဟုတ်ပါ။ များသောအားဖြင့် ဘုရားရှင်၏လမ်းညွှန်ချက်များအပေါ် နားလည်မှုလွဲမှားခြင်း (Misinterpretation) ဖြစ်နေကြသောသူများကိုပြောလိုခြင်းပါ။
ဘုရားရှင်၏တရားတော်များကို သိအောင်လုပ်ခြင်းသည်မမှားပါ။ ထိုအတူ မမေ့အောင် အကြိမ်ကြိမ်ရွတ်ဆိုနေခြင်းသည်လည်း မှန်ပါသည်။ သို့ရာတွင် အသိသည် ပိုက်ဆံ၏ ပန်းတစ်ဖက်မျှသာဖြစ်၍ လိုက်နာကျင့်သုံးခြင်းဟူသော ခေါင်းတစ်ဖက်ပါမှ ပြည့်စုံပါမည်။ “အကာလိကော= အချိန်မရွေးအကျိုးပေးသည်”ဆိုတာ သိသည့်အတိုင်း လိုက်နာခြင်းကိုသာ အပြည့်အစုံဆိုလိုပါသည်။
မင်္ဂလာဦးကာလတွင် ဘုရားရှင်အမှူးပြုသော သံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခြင်း အဆုံးမဖြစ်သော တရားတော်များကို နာယူမှတ်သားခြင်းများကို မြန်မာနိုင်ငံမှကတည်းကပင် မရေမတွက် နိုင်လောက်အောင်ပင် တွေ့ခဲ့ဖူးပါသည်။ ယခု သီဟိုကျွဠ်ကျွန်းတွင်လည်း မကြာခဏပင် တွေ့မြင်နေရသည်။
ဤခိုင်မြဲနေသော ဓလေ့ထုံးစံများ၏နောက်ကွယ်တွင် လိုက်နာကျင့်သုံးမှု အနည်းနှင့် အများဆိုသလို ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ မင်္ဂလာမောင်နှံတို့အား ဘာသာတရားနှင့်အညီ ဆုံးမသောဆရာတော်တို့သည်  အများအားဖြင့် နကုလမာတာနှင့် နကုလပိတာဟူသော ဇနီးမောင်နှံတို့အား အတုယူကြရန် ဆုံးမကြသည်ကိုလည်း အတူတူပင်တွေ့ရပြန်သည်။ ရံခါတွင် ဗုဒ္ဓ၏အခြားလမ်းညွှန်ချက်များကို အသုံးပြုသည်ကိုလည်း တွေ့နိုင်ပါသည်။
ယင်းသည်ပင်လျှင် ရေမြေခြားနေသော်လည်း ကွဲပြားခြင်းမရှိ တထပ်တည်း ကျနေသော ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာတစ်ခုဟု ဆိုချင်ပါတော့သည်။ ဆက်၍ပြောရပါလျှင် ဘုရားရှင်သည် အထက်ပါဇနီးမောင်နှံတို့အား ညီမျှခြင်းလေးမျိုးနှင့် ပြည့်စုံရန်ဆုံးမခဲ့သည်။
(၁) သမစိတ္တ= စိတ်တူကိုယ်တူရှိခြင်းဖြစ်ပါသည်။ လွန်စွာမှ အရေးကြီးသော အချက်ဖြစ်သည်။ “အသွင်မတူ အိမ်သူမဖြစ်”လို့ မြန်မာတို့၏ ဆိုရိုးစကားတစ်ခုရှိသည်။ ဘ၀တစ်သက်တာ လက်တွဲဖော်များအနေဖြင့် ဤအချက်နှင့်ပြည့်သစုံမှသာလျှင် ချစ်ညားကွဲ အဖြစ်မျိုးများကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။
(၂) သမပ္ပညာ= ပညာကိုယ်ဆီတတ်မြောက်ရမည်။ ဘ၀တူလက်တွဲဖော်များအဖြစ် ရောက်လာခဲ့ကြသော မင်္ဂလာမောင်,မယ်တို့သည် နေ့တစ်ဓူဝကိစ္စများကို မလွဲမသွေ လုပ်ဆောင်ကြရသည်။ ယောက်ျားလုပ်သူက မိမိနှင့်ဆိုင်ရာလုပ်ငန်းများကိုကျွမ်းကျင်ခြင်း၊ အမျိုးသမီးကလည်း ကိုယ်နှင့်ဆိုင်ရာဝတ္တရားများကို ပိုင်ပိုင်နိုင်နိုင်ရှိခြင်းတို့သည် အိမ်ထောင်းရေးဘ၀ကို သာယာချမ်းမြေ့စေနိုင်သလို ရာသက်ပန်ခိုင်မြဲဖို့ကိုလည်း ဖြစ်စေပါသည်။ “မောင်တစ်ထမ်း မယ်တစ်ရွက်”နှင့် အိမ်ထောင်ရေး ချိန်ခွင်လျှာ လိုက်လျှောညီထွေဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအရင်းအမြစ်တစ်ခု လို့ဆိုကလည်း မှန်လှပေသည်။
(၃) သမသီလ= ကိုယ်ကျင့်တရားကောင်းမွန်ရမည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း စသော အခြေခံအကြောင်းတရားကစပြီး လူမှုဆိုင်ရာကျင့်ဝတ်များကိုလိုက်နာခြင်း၊ စောင့်ထိမ်းလိုက်နာစရာများကို တန်ဖိုးထားမြတ်နိုးခြင်းသည်လည်း ဘ၀ရှေ့ရေးကို ဖြောင့်ဖြူးစေရန်အတွက် အဓိကဖြစ်ပါသည်။
(၄) သမစာဂ= အညီအမျှ ပေးဝေတတ်၊ ကြည့်ရှုစောင်မတတ်ရမည်။ နှစ်ဖက်ဆွေမျိုးများနှင့် မိဘများအပေါ် ခွဲခြားခွဲခြားမလုပ်ပဲ သာတူညီမျှ ထောက်ပံ့ခြင်း၊ လိုအပ်သလို စောင့်ရှောက်ခြင်းတို့သည် အိမ်ထောင်ရေးခိုင်မြဲဖို့ရာအတွက် ကြီးမားသော အကြောင်းတရားတစ်ပါးဖြစ်လေသည်။
နောက်ဆုံးအချက်သည် အခြားအရေးကြီးသောအချက်များကိုလည်း လိုက်နာဖို့ လေးလေးနက်နက်စဉ်းစားဖို့ကိုလည်းရည်ရွယ်သည်။ ယင်းတို့အထဲမှတစ်ခုက ဘာသာရေး တူညီသော အိမ်ထောင်ဖက်များကိုသာ ရွေးချယ်ဖို့ဖြစ်သည်။ ကိုးကွယ်မှုမတူညီခြင်းမှာလည်း တစ်ဦးနှင့်တစ်ဦး မေတ္တာမျှ၍လက်ထပ်ကြစေကာမူ အိမ်ထောင်ရေးအဆင်မပြေမှုကို ကြီးကြီးမားမားဖြစ်စေနိုင်ပါသည်။
မည်သို့ဆိုစေ မြတ်ဗုဒ္ဓ၏တရားတော်များသည် သံသရာချမ်းသာရေးကိုသာမက နေ့စဉ်လူနေမှုဘ၀ကိုလည်း အဆင်ပြေအောင်ဆုံးမထားသော မှန်ကန်သော လမ်းညွှန်ချက် အထွေထွေတို့ဖြင့်ပြည့်နေပါသည်။ ဘာသာရေးဟူသောဘောင်တစ်ခုကို ဖယ်ရှားလိုက်ပါက လူတန်းစားအားလုံး လိုက်နာကျင့်သုံးရန် ပိုပြီးအဆင်ပြေနိုင်သည်။
အစကတည်းက လူမျိုးရေးခွဲခြားတာကို ဆန့်ကျင်ခဲ့သော ဗုဒ္ဓ၏လမ်းညွှန်ချက်များမှာ လူမျိုးမရွေး ဘာသာမရွေးကျင့်သုံးဖို့ရာဖြစ်ပါသည်။ သို့ရာတွင် အတ္တဆန်သော လူတို့၏အသိ လူတို့၏အပြုမူကြောင့် ဗုဒ္ဓဘာသာဆိုသော လူတန်းစားအချို့ကပင် နေ့စဉ်လူနေမှုဘ၀ကို အကျိုးမပြုနိုင်ဟုယူဆကာ မျက်ကွယ်ပြုနေကြသည်မှာ ၀မ်းနည်းစရာပင်။
အစဉ်လာယုံကြည်ချက်ကနေ တကယ်ကျင့်သုံးနိုင်သည့်အဆင့်ကိုရောက်လာလျှင် အမှန်တကယ်အကျိုးရှိမည်မှာမလွဲပါ။ သုံးသပ်ဝေဖန်ခြင်းမပြုပဲ “ဘာသာရေးနဲ့ပဲဆိုင်တာပါ” ဟူသော ကျဉ်းမြောင်းသောအတွေးဖြင့် တရားတော်ကိုလျစ်လျူရှုခြင်းမှာ မည်သို့မျှ အပြုသဘောမဆန်။ ကျိုးကြောင်းဝေဖန်ဆန်းစစ်ပြီး ပယ်သင့်ကပယ် လိုက်နာသင့်က လိုက်နာမည်ဆိုပါက ပိုပြီးအကျိုးရှိမည်ဆိုသည့်အချက်ကို စာဖတ်သူတို့နှင့်မိမိမှာ ထပ်တူကျလိမ့်မည်ဟု မျှော်လင့်ပါသည်။
                             @@@@@@@@@@
အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
                   ၏
(သူတိုလျှောက်သောလမ်းစာအုပ်မှ)

0 comments:

Post a Comment