အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, February 16, 2011

ကေလနိယသွားတောလား အပိုင်း (၄)


ကေလနိယသွားတောလား
 

အပိုင်း (၄)
ကောင်းယောင်ဆောင်သည့်ကံ

          လောကတွင် မျှော်လင့်သည်အရာများ ဖြစ်မလာတတ်သလို မမျှော်လင့်ထားသည့်အရာများမှာမူ ဖြစ်လာတတ်လေ့ရှိပါသည်။ မမျှော်လင့်သော အခြေအနေများကြောင့် မိမိငယ်စဉ်က စာပေသင်ကြားခဲ့၊ မိမိကိုယ်တိုင်လည်း စာသင်စာချပေးခဲ့ဖူးသော နယ်မြို့နေ ဥပဇ္ဈာယ်ဆရာ၏ စာသင်တိုက်ကို သူငယ်ချင်းများနှင့် လက်ခံဖို့ရာကြုံလာသည်။ အရှုပ်အရှင်းအချို့ကိုလည်း ရှင်းလင်းဖို့ရာအတွက် အခြေအနေဖြစ်လာသည်။ သို့နှင့် နိုင်ငံခြားသွားရန် တစ်ပတ်ခန့်အလိုတွင် အဆိုပါကိစ္စအသီးသီးကို ရှင်းလင်းဖို့ရာအတွက် ရန်ကုန်ကနေ နယ်သို့ဆင်းခဲ့ရပြန်သည်။ နိုင်ငံခြားငွေလဲလှယ်ဖို့နှင့်၊ လေယာဉ်လက်မှတ်ရရှိရေးအတွက် ညီငယ်တစ်ယောက်နှင့်လွှဲထားခဲ့ရသည်။
          ရန်ကုန်နှင့်မိမိနေထိုင်ခဲ့ရာနယ်မြို့လေးကို ထိုတစ်ပတ်အတွင်း နှစ်ကြိမ်ခန့် အသွားအပြန်နှင့် ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းလုပ်ကိုင်ပြီးနောက် ကျောင်းပိုင်ဆိုင်မှုလက်မှတ်ကို သူငယ်ချင်းများနှင့်အတူ သက်ဆိုင်ရာများရှေ့တွင် တရားဝင်လက်မှတ်ထိုးကာ လက်ခံခဲ့သည်။ သို့ရာတွင် မိမိမှာ နိုင်ငံခြားကိုထွက်အံ့ဆဲဆဲဖြစ်နေ၍ နောက်ပိုင်းဖြစ်ပေါ်လာမည့် ကျောင်းတိုင်ဆိုင်ရာ ကိစ္စအ၀၀ကို သူငယ်များချင်းများကိုအပ်နှံ၊တောင်းပန်ကာ ပညာသင်ခရီးကို မျက်စိမှိတ်ထွက်ခဲ့ရသည်။
          သူငယ်ချင်းများက မိမိအပေါ်တွင် အပြည့်အ၀နားလည်ပေးကြပါသည်။ အချို့ဒကာ-ဒကာမများကမူ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ကျောင်းတိုက်ကြီးကို ပြန်လည်တည်ငြိမ်အောင် ကိုယ်တိုင်ကိုယ်ကျ သူငယ်ချင်းများနှင့်အတူ တက်ညီလက်ညီ ပူးတွဲလုပ်စေချင်ကြသည်။ “နောက်မှ”ဆိုသည့် ဆုံးဖြတ်ချက်များသည် မိမိဘ၀တွင် မဖြစ်လာသည်ကသာများခဲ့၍ သူငယ်ချင်းများကို အကျိုးအကြောင်းပြောပြကာ နိုင်ငံခြားသွားပညာသင်ရေးကို ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့သည်။ သူငယ်ချင်းများအားလုံးကလည်း ကြည်ကြည့်ဖြူဖြူခွင့်ပြုကြပါသည်။
          နိုင်ငံခြားထွက်ရန်တစ်ရက်အလိုတွင် ရန်ကုန်ကိုပြန်ရောက်ခဲ့ပြီး၊ နံက်စောစောတွင် ဆရာတစ်ပါးဖြစ်ခဲ့ဖူးသူ ပဲခူး-ဆယ်မိုင်ကုန်း ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ပညိဿရထံကို သူငယ်ချင်းတစ်ပါးနှင့်အတူ နံက်လိုင်းကားစီးကာ မိမိပထမဆုံးထုတ်ဝေခဲ့သော “စံပြုထိုက်သော နှလုံးသား”စာအုပ်ကလေးနှင့် သွားရောက်ကန်တော့ခဲ့သည်။ နေ့လည်ဆွမ်းစားပြီး လိုင်းကားနှင့်ပင် သူငယ်ချင်းနှစ်ပါးပြန်လာခဲ့သည်။
          နေ့ခင်းပိုင်းတွင် လေးနှစ်တာမျှပညာရင်နို့သောက်ဆို့ဖူးသော ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)သို့သွားပြီး မိမိရေးခဲ့သည်စာအုပ်နှင့်အတူ ဆရာများကိုလက်အုပ်ချီကန်တော့ခဲ့သည်။ ထိုနောက် သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ အငှါးကားစီးကာ သူငယ်ချင်းတစ်ပါးနှင့်အတူ ရောက်ခဲ့ပြန်သည်။ ဆရာများကို စာအုပ်နှင့်ပင်ကန်တော့နူတ်ဆက်ခဲ့ရသည်။ ညနေ ၆-နာရီကျော်ခန့်တွင် မိမိနေထိုင်ရာ ရွှေပြည်သာကျောင်းကိုပြန်ရောက်ခဲ့ပြီး ရေမိုးချိုးကာ လေးနှစ်တာမျှ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြသူများနှင့် ဆွမ်းဒကာ-ဒကာမများကို စာအုပ်လက်ဆောင်ပေးယင်း နူတ်ဆက်ခဲ့ရသည်။ အုခမှပြောရကောင်းလားဟု အားလုံးကအပြစ်ဆိုကြသေးသည်။
          နောက်တစ်နေ့နံနက်စောစောတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မိတ်ဆွေသူငယ်ချင်းအချို့နှင့်အတူ မိခင်လိုဖြစ်နေသာ ရွာကအဒေါ်တစ်ယောက်သာ လိုက်ပါပို့ဆောင်နူတ်ဆက်ကြသည်။ မိမိသွားသောနိုင်ငံခြားခရီးသည် ကဗျာမဆန်သလို ကာရန်လည်းမလှပေ။ ၀မ်းနည်းဖို့တောင်အချိန်မရအောင် လေယာဉ်ခရီးပထမဆုံးခရီးက အလုပ်ရှုပ်စေခဲ့ပြန်သည်။
          ပျူစောထီးသမိုင်းတွင် မင်းလောင်းဖြစ်သူကို ရှေးဖြစ်ဟောဆရာတစ်ယောက်က ရှင်ဘုရင်ဖြစ်ချင်လျှင် ပထမဦးဆုံးရရှိသည့်လာဘ်ဦးကို စွန့်ရမည်ဟုဟောလိုက်သည်။ ထိုသူလည်း လေကြုံစီးလိုက်ရာ လှေကိုအလှည့်ကျလှော်ခတ်ရာတွင် မိမိလှော်သည့်လှေတက်တွင် ရွှေဆွဲကြိုးများချိတ်ပါလာရာ ရှေးဖြစ်ဟောဆရာပြောသည့်အတိုင်း ရေထဲသို့ပြန်လည်စွန့်ပစ်လိုက်သည်။ လှေသမားများက ဘာမှမသိနားမလည်သည့် လူမိုက်ဟုဆိုကာ လှေကိုချက်ချင်းကမ်းကပ်ကာ သူ့ကိုထားပစ်ခဲ့သည်။ သို့နှင့် မင်းဖြစ်ဖို့ရာဖန်လာတော့သည်။ အားလုံးရင်းနှီးပြီးသောအကြောင်းရာလေးသာဖြစ်ပါသည်။ မိမိမှာမူ ငယ်စဉ်ကတည်းကပင် ပညာရေးကို စိတ်ဝင်စားသည်ကတစ်ကြောင်း၊ မိမိတတ်ထားသည့်ပညာရေးဖြင့် ပတ်ဝန်းကျင်ကို ထိထိရောက်ကျေးဇူးပြုလိုသည်ကတစ်ကြောင်းစသော အကြောင်းများကြောင့် ပညာရေးကို ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ မိမိရဟန်းဖြစ်စမှာပင် ပညာရေးကြောင့် ကျောင်းထိုင်ဖို့ရာအခွင့်ရေးကို နှစ်ကြိမ်မကစွန့်လွှတ်ခဲ့ဖူးပါသည်။ သာမန်မျှသာဖြစ်သောမိမိအတွက် ပညာရေးခရီးသည် မနီးလှပါ။ ဆရာဇော်ဂျီ၏ကဗျာတစ်ပုဒ်ထဲကလို “ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ”ဖြစ်အောင် ကြိုးစားရပေးဦးမည်။ 
                                                                                                   (ဆက်ပါဦးမည်)
                                                                                                   အရှင်ဥတ္တမာနန္ဒ
                                                                                               (ကေလနိယတက္ကသိုလ်)
&&&&&

0 comments:

Post a Comment