အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, February 16, 2011

ကေလနိယသွားတောလား အပိုင်း (၆)


ကေလနိယသွားတောလား
 

အပိုင်း (၆)
မိခင်ပမာ မကုဋာ

          မကုဋာရာမကျောင်းတော်ကြီးသည် မြန်မာနိုင်ငံမှ သီဟိုဠ်နိုင်ငံသို ပညာသင်ကြွရောက်လာသော ပညာသင်ရဟန်းတော်များသာမက ဘုရားဖူးခရီးသည်များအတွက်ပါ နားခိုရာဖြစ်သည်။ အထူးသဖြင့် ပညာသင်ရဟန်းတော်များသည် သီဟိုဠ်မြေကိုရောက်သည်နှင့်တစ်ပြိုင်နက် မကုဋကျောင်းသားအရင်ဖြစ်ရသည်။ ကိစ္စရပ်များအားလုံးလိုလိုကို မကုဋကျောင်းအမည်ဖြင့်သာလုပ်ကြရသည်။ တကယ့်မိခင်ပမာပင်။ နောက်တစ်နေ့နံက်မိုးလင်းမှာတော့ ချက်ချင်းဆိုသလို သက်ဆိုင်ရာနာယကဆရာတော်ထံ ရောက်ကြောင်းသတင်းပို့ရသည်။ ဤသို့ပို့ခြင်းအားဖြင့် မကုဋကျောင်းတော်တွင် အလှည့်ကျနေထိုင်ရရာ မိမိအလှည့်ရောက်လာလျှင် တချိန်တည်းရောက်သူချင်းပင်ဖြစ်စေကာမူ အရင်ဦးစွာ စာရင်းပေးထားသူက နေထိုင်စရာနေရာရသောကြောင့်ဖြစ်သည်။
          အသစ်ရောက်ရှိလာသူများ( New comers) အနေဖြင့် မကုဋကျောင်းတော်တွင် တစ်လတာနေထိုင်ခွင့်ရပါသည်။ ထိုနေစဉ်ကာလအတွင်း မည်သူ့မျက်နှာကိုမျှ ကြည့်နေစရာမလိုပါ။ ကိုယ့်အသိတရားနှင့်ကိုယ် လွတ်လွတ်လပ်လပ်နေနိုင်ပါသည်။ ယင်းကာလအတွင်းနှင့် သီရိလင်္ကာ၌ နေစဉ်တလျှောက်လုံး မိမိတို့သက်ဆိုင်ရာအဖွဲ့အလိုက် ချက်ရေးပြုတ်ရေးများ သန့်ရှင်းရေးများကို အဖွဲ့အလှည့်ကျသည့်အခါတိုင်း မကုဋကျောင်းတော်ကြီးတွင် စုပေါင်းညီညာပြုလုပ်ကြရပါသည်။
          သီရိလင်္ကာရောက်လာသည့် ပညာတော်သင်အရှင်များမှာ မိမိကိုယ်စပွန်စာပေးသည့် ဆရာတော်၏အဖွဲ့တွင် ၀င်ရောက်ရပါသည်။ အဖွဲ့အားဖြင့် ရန်ကုန်အဖွဲ့၊ မန္တလေးအဖွဲ့၊ ရှမ်းအဖွဲ့နှင့် မွန်အဖွဲ့တို့ဖြစ်ပါသည်။ သက်ဆိုင်ရာအဖွဲ့ သံဃာအများစု၏ထောက်ခံချက်ဖြင့် နာယကဆရာတော်များကို တစ်နှစ်တစ်ကြိမ်တင်မြောက်ရပါသည်။ ဝေယျာဝစ္စလုပ်ကိုင်ရာတွင် အဆင်ပြေအောင် အဖွဲ့များခွဲခြားထားသော်လည်း အားလုံးတစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ကြပါသည်။
          မကုဋကျောင်းတောကြီးကို ၁၂၈၆-ခုနှစ်တွင် ဆရာတော် ဦးဝိနယာလင်္ကာရမှ စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ကျောင်းတော်ကြီး၏သက်တမ်းမှာ ၈၆-နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။ ရှေးဆရာတော်ကြီးများ၏ အမျှော်အမြင်ရှိမှုများကြောင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် မြန်မာရဟန်းတော်များ ချမ်းချမ်းသာသာဖြင့် ပညာသင်ယူခွင့် နေထိုင်ခွင့်ရနေကြသည်။ ကျေးဇူးကြီးမားပါပေစွ။
          မကုဋကျောင်းတော်ကြီးတွင် နေထိုင်ခွင့်ရစဉ်တစ်လအတွင်းမှာပင် ကျောင်းအပ်နှံခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်ဖို့ရာအတွက် အဆောင်ရှာဖွေငှါးရမ်းခြင်း သို့မဟုတ် ဒေသခံဘုန်းကြီးကျောင်းများတွင် အလျဉ်းသင့်သလိုနေထိုင်ခွင့်လျှောက်ထားခြင်းများကို ပြုလုပ်ရပါသည်။
          မိမိအတွက်မှာမူ သူငယ်ချင်းဖြစ်သူက သူနေထိုင်ခဲ့ရာဒေသခံကျောင်းကိုလွှဲပေးခြင်းကြောင့် နေရာအတွက်ပူစရာမလိုတော့ပေ။ ကိုယ်ပိုင်အခန်းနှင့် စိတ်ချမ်းချမ်းသာသာပင်နေရပါသည်။ ကျောင်းအပ်ခြင်းနှင့် ဗီဇာတိုးခြင်းများ လုပ်ဆောင်ပြီးသောအခါတွင် အသစ်ရောက်လာသူများကို ဦးဆောင်ကာ အဖွဲ့ခေါင်းဆောင်ဆရာတော်မှ သီရိလင်္ကာအနှံ့ ဘုရားဖူးပို့ဆောင်ပေးပါသည်။ ကီလိုမီတာ ၄၀၀-ခန့်သာကျယ်ဝန်းသော ကျွန်းနိုင်ငံလေးဖြစ်ရကား ကားစင်းလုံးငှားကာ တစ်ပတ်ခန့်လည်လိုက်လျှင်ပင် နိုင်ငံအနှံ့နီးပါး လည်ပြီးတော့သည်။
          မကုဋ၏အခန်းကဏ္ဍမှာ သီဟိုဠ်နေစဉ်တစ်လျှောက်လုံး မြန်မာရဟန်းတော်များ အားထားရာဖြစ်ပါသည်။ ဒေသခံအစားစာများကို စာသောက်ရတာငြီးငွေ့လာလျှင် မကုဋကို အချိန်မရွေးသွားနိုင်သည်။ မိမိတို့စိတ်ကြိုက်ဝယ်ချမ်းကာ လွတ်လွတ်လပ်လပ်ချက်ပြုတ်စားနိုင်သည်။ တက်ရောက်ရာတက္ကသိုလ်အသီးသီးနှင့် နေထိုင်မှုမတူခြင်းကြောင့် ဝေးကွာနေရသော သူငယ်ချင်းများ၏ ဆုံဆည်းရာလည်းဖြစ်သည်။ အချုပ်ပြောရလျှင် မကုဋသည် မြန်မာရဟန်းတော်များအားလုံး၏ မကုဋဖြစ်သည်။ ကျေးဇူးရှင် မိခင်သဖွယ်လည်းဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင် ချင်းနင်းဝင်ရောက်လာပြီဖြစ်သော မိခင်မကုဋကို စောင့်ရှောက်ခြင်းဖြင့် နှစ်သိမ့်ကြပါစို့။ နိုင်ငံ့ဂုဏ် ရဟန်းဂုဏ်ကိုစောင့်ထိန်းခြင်းဖြင့် မိခင်မကုဋကို အလှချယ်ကြပါစို့။ တာဝန်ကိုယ်စီထမ်းဆောင်ခြင်း၊ စည်းကမ်းရှိခြင်း၊ အသိတရားတို့ဖြင့် မိခင်မကုဋကို ယုယကြင်နာကြပါစို့။ သားတော်တို့၏ အကျင့်သီလ၊ပညာ ကာယ၊ဥာဏလုံ့လအားတို့ဖြင့် မိခင်မကုဋသည် လောကအလယ် ကမ္ဘာ့အလယ်မှာ ၀င့်ထယ်ပါစေသား………………..။
                                                                              (ဆက်ပါဦးမည်)
                                                                              အရှင်ဥတ္တမာနန္ဒ
                                                                         (ကေလနိယတက္ကသိုလ်)
*****

0 comments:

Post a Comment