အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, February 17, 2011

ကေလနိယသွားတောလား အပိုင်း (၈)


ကေလနိယသွားတောလား
 

အပိုင်း (၈)
တက္ကသိုလ်၏ တစ်နှစ်တာလုပ်ငန်းစဉ်
နှင့်
ကျောင်းသားတာဝန်များ

          သီရိလင်္ကာတွင် ပညာသင်ကြားကြကုန်သော မြန်မာရဟန်းတော်တို့သည် ပေရာဒေနိယတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်၊ ဗုဒ္ဓဘာသာနှင့် ပါဠိစာပေလေ့လာရေး (BPU) တက္ကသိုလ်တို့တွင်သာ အများအားဖြင့်တက်ရောက်လေ့ရှိကြပါသည်။ ယင်းတို့အထဲတွင် ကေလနိယတက္ကသိုလ်သည် အစောပိုင်းပညာတော်သင်မြန်မာရဟန်းများ အစဉ်ဆက်အားဖြင့် တက်ရောက်ခဲ့ရောက်ကြပြီး၊ ယနေ့လက်ရှိတွင်လည်း မြန်မာရဟန်းတော်အများစု တက်ရောက်သင်ကြားရာ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။ ထို့ပြင် ဥရောပနှင့် အာရှကျောင်းသားများ တက်ရောက်သင်ကြားနေရာ ဗဟိုလ်ဌာနကြီးလည်းဖြစ်ပါသည်။
          ကေလနိယတက္ကသိုလ်သည် အစောပိုင်းကာလများဖြစ်သည့် ၁၈၇၅-ခုနှစ်နှောင်းပိုင်းကာလများတွင် ရဟန်းတော်များသီးသန့်သင်ကြားရာ ၀ိဇ္ဇာလင်္ကာရ (Vidyalankara Parivena) စာသင်တိုက်အဖြစ်သာ တည်ရှိခဲ့ပြီး၊ ၁၉၄၀-ပြည့်လွန်နှစ်များတွင် တက္ကသိုလ်အဖြစ် စတင်ရပ်တည်ခဲ့ပါသည်။ ဗုဒ္ဓစာပေလေ့လာရေးမှသည် အခြားဘာသန္တရစာပေများ၊ ခေတ်သစ်သိပ္ပံနှင့် နည်းပညာစာပေများကို တဖြေးဖြေးနှင့်တိုးချဲ့သင်ကြားလာခဲ့ရာ ယခုအခါတွင် ဘာသာရပ်ပေါင်းစုံနီးပါးမျှ သင်ကြားပို့ချပေးနိုင်သည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်နေပေပြီ။
          ကေလနိယတ္ကသိုလ်၏ ဌာနခွဲများအနက် ပါဠိနှင့်ဗုဒ္ဓစာပေလေ့လာရေး ဘွဲ့လွန်ဌာန (PGIPBS)တွင်သာ မြန်မာရဟန်းတော်များ တက်ရောက်သင်ကြားကြပါသည်။ ထိုဌာနတွင်လည်း အများစုမှာ MA-တန်းကိုသာ တက်ရောက်သင်ကြားကြသည်ကိုတွေ့ရပါသည်။ ယခုနောက်ပိုင်းတွင် ဒီပလိုမာကျောင်းသားများ၊ M.Phil-ကျောင်းသားများနှင့် Ph.D-ကျောင်းသားများပါ တက်ရောက်နေပြီဖြစ်သည်။
          ကေလနိယ၏ စာသင်နှစ်မှာ ဖေဖော်ဝါရီလလယ်ခန့်မှစတင်ပြီး ဒီဇင်ဘာလလယ်အထိ ဖြစ်ပါသည်။ ပညာသင်ကြားမှုကာလကို ၃-ခု (1st Term, 2nd Term & 3rd Term) ခွဲခြားထားပါသည်။ ကာလတစ်ခုလျှင် နှစ်လခွဲခန့်ကြာမြင့်ပါသည်။ ကျောင်းအပ်ခြင်းများကို ဇန်န၀ါရီလအစောပိုင်းမှစ၍ လက်ခံပါသည်။ M.Phil နှင့် Ph.D-ကျောင်းသားများအတွက်မူ တစ်နှစ်ပတ်လုံးကျောင်းအပ်နိုင်ပါသည်။
          ကေလနိယတွင်တက်ရောက်နေသော အမ်အေကျောင်းသားများသည် တစ်နှစ်လျှင် ဘာသာရပ်ရှစ်ခုသင်ကြားရပါသည်။ ဘာသာရပ်များမှာ နှစ်အလိုက်ပြောင်းလဲလေ့ရှိပါသည်။ စာသင်နှစ်နောက်ဆုံးကာလတွင် အနည်းဆုံးစာလုံးရေငါးထောင်ခန့်ရှိသော စာတမ်းတစ်စောင်ကို တင်သွင်းရပါသည်။ ဘာသာရပ်များတွင်လည်း မယူမနေရ အဖြစ် ဘာသာရပ် (Compulsory Subject) ၅-ခုရှိပြီး၊ ကျန်ဘာသာရပ် ၃-ခုကို မိမိစိတ်ကြိုက်ဘာသာများ (Optional Subjects)ကို ရွေးချယ်ခွင့်ပေးထားပါသည်။
          စာသင်ပုံနည်းစနစ်တစ်ခုမှာလည်း ဆရာက ကျောင်းသားများကို ပြဌာန်းစာအုပ် (Text Book) ကိုင်ကာ သင်ကြားပေးခြင်းမျိုးမဟုတ်ပဲ၊ အလွတ်သင်ကြားခြင်းနှင့် အပြန်အလှန် ဆွေးနွေးသင်ကြားခြင်းမျိုးဖြစ်ပါသည်။ ထိုအတူ ကျောင်းသားကိုယ်တိုင်ကလည်း ပြဌာန်းစာအုပ်ကိုင်ကာ ကျောင်းလာတက်စရာမလိုပေ။ ကျောင်းအပ်စဉ်ကပင်ပေးလေ့ရှိသော ပြဌာစာအုပ်လမ်းညွှန်ကို ကြိုတင်ဖတ်ရှု့ကာ တက္ကသိုလ်စာကြည့်တိုက်တွင် ရည်ညွှန်းစာအုပ်များကို ရှာဖွေဖတ်ရှုခြင်း၊ လိုအပ်သည်များကို မှတ်စုထုတ်ရေးသားခြင်း၊ မရှင်းလင်းသည်များကို စာသင်ချိန်အတွင်း ဆရာနှင့်အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ရပါသည်။ အဆင့်မြင့်ပညာသင်ကြားခြင်းများ၏ ထုံးစံအတိုင်း ကျောင်းသားသည် မိမိကိုယ်တိုင်နှင့် စာကြည့်တိုက်ကို အဓိကအားကိုးရပြီး၊ ဆရာဆိုသည်မှာ လမ်းညွှန်သက်သက်မျှသာဖြစ်ပါသည်။ စာကြည့်တိုက်မှာလည်း အလကားသုံးရခြင်း မဟုတ်ပါ။ ကျောင်းစတင်အပ်သည့်အချိန်ကတည်းက စာကြည့်တိုက်ကြေးကိုပါ တပါတည်းသွင်းထားရခြင်း ဖြစ်ပါသည်။
          ဘာသာရပ်များအားလုံးကို တစ်ပတ်တွင် တစ်ကြိမ်သာ သင်ကြားပို့ချပါသည်။ ထိုတစ်ကြိမ်တွင်လည်း တစ်နာရီသာ ကြာမြင့်ပါသည်။ မိမိဘာသာရပ်မဟုတ်သည့် အချိန်များနှင့် နေ့များတွင် တက်ရောက်လိုသောကျောင်းသားက တက်ရောက်လေ့လာနိုင်ပြီး၊ မတက်ရောက်လိုပါကလည်း နေနိုင်ပါသည်။ တက္ကသိုလ်၏ သီးသန့်ကျောင်းပိတ်ရက်များအပြင် နိုင်ငံ၏အများပြည်သူအားလပ်ရက်များ၊ ဥပုသ်နေ့များနှင့် အခါကြီးရက်ကြီးများကိုပါ ကျောင်းပိတ်ပေးလေ့ရှိပါသည်။
          ကျောင်းတက်အောင်သွားရာတွင်လည်း မိမိတို့အဆင်ပြေရာ အဖွဲ့လိုက်ကားငှား၍တက်ခြင်း၊ လိုင်းကားစီး၍တက်ခြင်းစသဖြင့် အဆင်ပြေသလိုတက်ကြပါသည်။ အများစုမှာမူ လိုင်းကားစီးပြီး ကျောင်းတက်လေ့ရှိပါသည်။ လိုင်းကားစီးရသည်မှာလည်း အဆင်ပြေလှပါသည်။ မည်သည့်လိုင်းကားမဆို ရဟန်းတော်များတားလိုက်လျှင် အဆင်သင့်တက်ကာမျိုး ရပ်ပေးတာများပါသည်။ ကားပေါ်ရောက်လျှင်လည်း သီးသန့်နေရာရှိပြီးသားဖြစ်သည်။ ခရီးသည်များမှာလည်း ရဟန်းတော်များ တက်လာစဉ်ကတည်းကပင် နေရာဖယ်ပြီးသားဖြစ်နေသည်။ ကားမောင်းသမားနှင့် ကားနောက်လိုက်တို့ကလည်း ရဟန်းတော်များကို အထူးတလည်နေရာပေးလေ့ရှိပြီး၊ ရဟန်းတော်များ ထိုင်စရာနေရာရပြီးမှသာလျှင် ကားထွက်လေ့ရှိသည်။ ထို့အတူ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ မသန်စွမ်းသူများနှင့် ကလေးချီလာသူ ကြီးကြီးငယ်ငယ်များကိုလည်း နီးစပ်ရာလူများက နေ့ရာပေးလေ့ရှိပါသည်။ မည်သူ့ကိုမျှ လက်တို့ပြောနေစရာမလိုပါ။
အခမဲ့ပညာရေးကိုသာ လေ့လာခဲ့ရသူများဖြစ်သည့် မြန်မာရဟန်းတော်များအတွက်မူ ကေလနိယတက္ကသိုလ်ကို ပေးရသောကျောင်းစရိတ်မှာ များပြားလှသည်ဟုဆိုနိုင်ပါသည်။ ထိုများသောကျောင်းစရိတ်သည်ပင် ထေရ၀ါဒနိုင်ငံခြင်းဖြစ်၍ ထက်ဝက်နီးပါးမျှ လျှော့ထားခြင်းဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာစံနှုန်းများနှင့် ယှဉ်လိုက်လျှင်မူ ထိုက်သင့်သောကျောင်းစရိတ်မျှသာဖြစ်သည်။ ထိုကြောင့်လည်း ရသင့်သလောက်ကို တန်အောင်ယူနိုင်ဖို့လိုပါသည်။ အမှန်တကယ်စာကျိုးစားသော ကျောင်းသားတစ်ယောက်အဖို့ တစ်နှစ်ဟူသောကျောင်းတက်ကာလသည် စာကြည့်တိုက်နှင့် စာသင်ခန်းတွင်သာ ကုန်မှန်းမသိကုန်ဆုံးသွားပါသည်။ ပညာသင်ကြားရာတွင် ထောက်ကူပြုပစ္စည်းများ၊ အင်တာနက်များကိုလည်း စာကြည့်တိုက်တွင်ပင် အလွယ်တစ်ကူအသုံးပြုနိုင်ပါသည်။ အများစုမှာ အင်တာနက်ကို အချိန်မရွေးအသုံးပြုရအောင် ကိုယ်ပိုင်သုံးလေ့ရှိပါသည်။ ဤနိုင်ငံတွင်လည်း အင်တာနက်၊ဖုန်းစသော ဆက်သွယ်ရေးပစ္စည်းများမှာ လူတန်းစားအများစုအနေဖြင့် ကိုယ်ပိုင်သုံးနိုင်လောက်အောင်ကို လွယ်ကူချောမွေ့ပါသည်။ အချုပ်ဆိုရပါမူ ကိုလမ်ဘိုမြို့တော်မှာပင်တည်ရှိသော ကေလနိယတက္ကသိုလ်သည် သီရိလင်္ကာရောက် မြန်မာရဟန်းတော်အများစု၏ တက်ရာက်သင်ကြားရာ ဗဟိုလ်ဌာနကြီးဖြစ်ပါတော့သည်။
                                                                                                (ဆက်ပါဦးမည်)
                                  အရှင်ဥတ္တမာနန္ဒ
                             (ကေလနိယတက္ကသိုလ်)

*****

0 comments:

Post a Comment