အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, February 17, 2011

ကေလနိယသွားတောလား အပိုင်း (၇)


ကေလနိယသွားတောလား
 

အပိုင်း (၇)
ဒေသခံကျောင်းနေ မြန်မာရဟန်းတော်တို့ဘဝ

          ယခုနောက်ပိုင်းနှစ်များတွင် သီရိလင်္ကာနိုင်ငံ၌ ပညာတော်သင်မြန်မာရဟန်းတော်များ တစတစနှင့်များပြားလာရာ တစ်နှစ်လျှင် အသစ်ရောက်ရှိလာသူများမှာ ရာဂဏန်းကျော်နေသည်ဟု သိရပါသည်။ နှစ်စဉ်ပြည်တော်ပြန်ဦးရေမှာ ဆယ်ဂဏန်းမျှသာရှိ၍ မကုဋကျောင်းတော်သည် မြန်မာရဟန်းများအားလုံးတွက် လုံလောက်သောနေရာမပေးနိုင်ပါ။ မကုဋကျောင်းတိုက်အတွင်း အမြဲနေရဟန်းတော်များသည်ပင် ၆၀-ကျော်ရှိပါသည်။
          ထိုကြောင့် ကျန်အပါးနှစ်ရာခန့်ရှိသော မြန်မာရဟန်းတော်များမှာ အဆောင်ငှါးခြင်း၊ ဒေသခံကျောင်းများတွင် အလျဉ်းသင့်သလိုနေထိုင်ခြင်းတို့ဖြင့် နေထိုင်စရာအခက်ခဲများကို ဖြေရှင်းရပါသည်။ ဒေသခံကျောင်းများနေ အချို့ရဟန်းတော်များမှာ အခက်ခဲများ အနည်းနှင့်အများဆိုသလိုရင်ဆိုင်တတ်ရ၍၊ အချို့မှာမူ အတော်ပင်အဆင်ပြေကြပါသည်။
          ဒေသခံကျောင်းနေမြန်မာရဟန်တော်များသည် နေ့စဉ် ညနေ-၆-နာရီခန့်တွင် ကျောင်းသို့ရောက်လာသော ဒါယကာ/ဒါယိကများနှင့်အတူ ဘုရားဝတ်ပြုရခြင်း၊ နံက်စောစောတွင် တံမျက်လှည်းရခြင်း (အချို့ကျောင်းများတွင် ညနေပိုင်းပါ တံမျက်လှည်းရသည်။)၊ သာရေး/နာရေးများ၊ ဆွမ်းစားကွမ်းစားများတွင် မပျက်ကွက်အောင် လိုက်ပေးရခြင်းတို့ဖြစ်သည်။ အချို့ကျောင်းများမှာ အပြင်ထွက်သည့်အခါတိုင်း ဆရာတော်ကိုလျှောက်ထားပြီးမှထွက်ရပြီး၊ အချို့ကျောင်းများမှာမူ လျှောက်ထားစရာ အထွေအထူးမလိုပါ။
          အထက်ပါကိစ္စရပ်များသည် သာမန်မျှသာဖြစ်သော်လည်း ပညာသင်လာကြသူတို့အဖို့မူ ပြဿနာတစ်ရပ်လိုဖြစ်နေသည်။ မကြာခဏဆိုသလို ကျောင်းချိန်နှင့် သာရေး/နာရေးများမှာ တိုက်ဆိုင်နေတတ်သည်။ ငွေကြေးအကုန်ကျခံကာ ပညာလာရှာသူများဖြစ်၍ ကျောင်းမပျက်ချင်သော်လည်း နေရေးထိုင်တာအခက်ခဲကြောင့် စာသင်ချိန်များကို လွှတ်ရသည်လည်းရှိသည်။ အချို့ကျောင်းထိုင်ဆရာတော်များမှာမူ နားလည်ပေးလေ့ရှိသည်။ သီဟိုဠ်ရဟန်းတော်အများစုမှာ ဆရာများဖြစ်၍ နေ့စဉ်လိုလို အပြင်သွားနေရသူများဖြစ်သည်။ အချို့သည် အစိုးရခန့် အထက်တန်းကျောင်းဆရာများဖြစ်၍၊ အချို့မှာမူ တက္ကသိုလ်ကထိကများဖြစ်သည်။ သို့ရာတွင် သူတို့သည် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ သာရေး/နာရေးများကို ပျက်ကွက်လေ့မရှိကြပါ။ သူ့တို့အတွက် သူတို့ဓလေ့မှာ အပြစ်မြင်စရာမရှိသော်လည်း ငွေကြေးကုန်ကျခံကာလာခဲ့ရသော မြန်မာရဟန်းတော်တို့အဖို့မူ အခက်ခဲကြီးတစ်ခုလိုပင်။ မည်သို့ပင်ဖြစ်စေ သီဟိုရဟန်းတော်အများစုနှင့် ဒကာ-ဒကာမအများစုမှာ မြန်မာရဟန်းတော်များအပေါ်တွင် လေးလေးစားစားဆက်ဆံကြပါသည်။ အခါအားလျော်စွာ မကုဋကျောင်းတော်တွင် ဆွမ်းလာကပ်သော အလှူရှင်များလည်းရှိပါသည်။
          မိမိနေထိုင်ရာကျောင်းတွင်လည်း ကျောင်းထိုင်ဆရာတော်နှင့် အခန်းနေရဟန်းတော်များမှာ ကျောင်းဆရာများဖြစ်သည့်အလျှောက် သူတို့လည်းသူတို့အလုပ်သွားသလို ကိုယ်လည်းကိုယ့်ကိစ္စသွားမှာကို နားလည်ပေးကြသည်။ အပြင်သွားလိုကလည်း အထူးတလည် ပြောနေစရာမလိုပါ။ နေ့စဉ်လိုလို အပြင်သို့သွားနေကြသည်သာများ၍ တစ်ခါတစ်ရံ ကျောင်းတွင် မိမိတစ်ပါးတည်း တစ်နေကုန်ရှိနေတတ်သည်။ သာရေး-နာရေးများကိုလည်း မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားကာ အလွယ်တကူကြည့်လို့ရသောနေရာတွင် ထားပေးပါသည်။ ထိုမှတ်တမ်းစာအုပ်ကိုကြည့်ပြီး အပြင်ထွက်ခြင်းများကိုလုပ်ရသည်။ တစ်ခါတစ်ရံ ကျောင်းချိန်နှင့်တိုက်နေလျှင် ကြိုတင်ကာ အကျိုးအကြောင်းပြောလျှင် သူတို့က နားလည်လက်ခံပါသည်။
          မည်သို့ပင်ဖြစ်စေ ဒေသခံကျောင်းဆရာတော်များနှင့် သီဟလိုဠ်ဒကာ-ဒကာများမှာ ပညာတော်သင်မြန်မာရဟန်းတော်များကို တစ်စိတ်တစ်ပိုင်းအားဖြင့် ကျေးဇူးရှိကြသူများသာဖြစ်သည်။ ဤသို့ဖြင့် မြန်မာရဟန်းတော်များသည် သီရိလင်္ကာပညာရေးကိုသာမက သီဟိုဠ်သားတို့၏ နေ့စဉ်လူနေမှုဘ၀ကိုပါ ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့ပါသည်။ “သူကျောင်းနေလျှင် သူ့စာအံရမည်”ဟု မြန်မာဆိုရိုးစကားရှိပါသည်။ ထိုကြောင့် သူများကျောင်းမှာ နေထိုင်ကြကုန်သော စာရေးသူတို့လို နိုင်ငံခြားသားများအဖို့လည်း သူတို့အလုပ်များကို တစ်ဖက်တစ်လမ်းကနေ ပြန်လည်လုပ်ကိုင်ပေးဖို့ရာ သင့်တော်လှပါသည်။ တာဝန်လည်းရှိသည်ဟု မြင်မိပါသည်။ သူတို့ကိုယ်တိုင် လုပ်လေ့မရှိသော အလုပ်များကိုလည်း ခိုင်းလေ့လည်းမရှိသည်ကိုတွေ့ရပါသည်။
                                                                                      (ဆက်ပါဦးမည်)
                                                                                      အရှင်ဥတ္တမာနန္ဒ
                                                                   (ကေလနိယတက္ကသိုလ်)
&&&&&

0 comments:

Post a Comment