အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, February 16, 2011

ကေလနိယသွားတောလား အပိုင်း (၃)


ကေလနိယသွားတောလား
 

အပိုင်း (၃)
ကေလနိယတံခါးခေါက်သံလား?

          ဘွဲ့ယူစာတမ်းရေးသားပြီးချိန်မှာပင် သီရိလင်္ကာနိုင်ငံရှိသူငယ်ချင်းထံမှ ပညာသင်လာရောက်ရန် စပွန်စာ(Sponsor) ကိုလက်ခံရရှိခဲ့ပါသည်။ (မှတ်ချက်။ ။ စပွန်စာဆိုသည်မှာလည်း နိုင်ငံခြားသို့ပညာသင်လာရောက်ရာတွင် လွယ်ကူရုံသက်သက်မျှသာ သူငယ်အချင်းများအချင်းချင်းနှင့် ရင်းနှီးသူများကို အကူညီပေးသည့်သဘောမျှသာ။ ကိုယ့်စရိတ်ကိုယ်ခံရသူချည်းဖြစ်သည်။ မိမိမှာမူ စပွန်စာပေးသူ သူငယ်ချင်းထံမှ အတိုင်းတာတစ်ခုထိ အကူညီရသောကြောင့် ငွေကြေးအတော်အတန်သက်သာခဲ့ပါသည်။) ပညာသင်စရိတ်ကြောင့် သွားနိုင်/မသွားနိုင်ကို ယတိပြတ်ဆုံးဖြတ်၍မရနိုင်ခဲ့။ ထီပေါက်သော်လည်း ထီလက်မှတ်ပျောက်ဆိုသလိုဖြစ်နေသည်။ နိုင်ငံကူလက်မှတ် (Passport)ကတော့ မနှစ်ကတည်းက လိုရမယ်ရလုပ်ထားလိုက်သောကြောင့် အဆင်သင့်ရှိနေခဲ့သည်။
          စီးပွားရေးအကျပ်အတည်းများကြောင့် မိမိပညာသင်သွားဖို့အရေးကို ဒကာ/ဒကာမများကို ပြောဆိုရန်အတွက် ၀န်လေးနေခဲ့သည်။ ကိုယ့်ကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဆိုတာမျိုးလည်း မဖြစ်စေချင်။ တန်းစဉ်စာအောင်ဆုရထားတာလေးကို ပညာသင်သွားခဲ့ရရင်ဟူသောစိတ်ကူးဖြင့် ဘဏ်တွင်စုထာတာကလည်း လေယာဉ်စရိတ်နှင့် ကျောင်းစရိတ်မျှသာ။ သို့နှင့် နောက်တစ်နှစ်မှ ပညာတော်သင်သွားရန်ကို မိမိဖာသာပင်ဆုံးဖြတ်လိုက်သည်။
          သို့ရာတွင် မိမိမွေးရပ်ရွာတွင် ကျောင်းထိုင်သာသနာပြုခဲ့ဘူးသောဆရာတော်ကို ရန်ကုန်ရောက်လာခိုက် သူအလိုရှိသောနေရာများကိုလိုက်ပို့ပေးစဉ် နိုင်ငံခြားပညာကိစ္စကို စကားစမြည်ပြောဖြစ်ခဲ့သည်။ ဆရာတော်သည် မိမိရွာသို့အလည်တစ်ခေါက်သွားရောက်ကာ ယခုလက်ရှိကျောင်းထိုင်သာသနာပြုနေသူ မိမိသူငယ်ချင်းကို အဆိုပါအခက်ခဲများကို ပြောပြလိုက်ဟန်တူသည်။ သူငယ်ချင်းလည်း ရန်ကုန်လိုက်လာပြီး သွားဖို့ကိုသာလုပ်ပါ၊ ကျန်တာငါ့တာဝန်ထားဟု အားတက်သရောဆိုလှာသည်။ သို့နှင့် အရပ်ကူပါလူဝိုင်းပါအခြေနေကို ရောက်လာခဲ့သည်။
          ဘုရားစကားတော်အတိုင်းပြောရပါမူ “သမဂ္ဂါနံ တပေါ သုခေါ= ညီညွတ်သောသူတို့၏ အလုပ်သည် ချမ်းသာ၏”ဆိုသည့်အတိုင်း သူငယ်ချင်းဖြစ်သူ၏ စော်ဩမှုနှင့်အတူ အားလုံးသောဒကာ-ဒကာမများ၏ ထက်သန်သောသဒ္ဓါတရားကြောင့် တစ်စက်တစ်စက်ကျသော်လည်း ကျဖန်များသော်အိုးပြည့်သောမိုးနှယ် ပညာသင်စရိတ်အထိုက်အလျောက် ရရှိခဲ့သည်။ မိမိအလုပ်မှာ ၀တ်ရည်စုသောပျားငယ်လို ၀တ်မှုန်ကိုလည်းမထိခိုက် မိမိအလိုရှိတာလည်းရဆိုသလိုဖြစ်ခဲ့သည်။ ကောင်းလေစွ။ သို့နှင့် နိုင်ငံခြားသွားဖို့ကိစ္စကပြီးသလောက်နီးပါးဖြစ်နေသည်။ အလှူရှင်လည်းမပင်ပမ်း၊ အလှူခံလည်းဝမ်းမြောက်ဖြစ်ခဲ့ရသည်။
          ထိုအချိန်တွင် စာမေးပွဲအောင်စာရင်းများလည်းထွက်လာပြီး အမ်အေ {MA}တန်းကို ဆက်လက်တက်ရောက်ရန် အဆင့်မှီသည်ဖြစ်၍ နိုင်ငံခြားသွားရေးကို မသေချာ မရေရာမှုများကြောင့် မိမိမှာ MA-တန်းကိုပင် တက်ရောက်နေပြီဖြစ်သည်။ ကနဦးက မသွားတော့ဟု ဆုံးဖြတ်ခဲ့သောကြောင့်လည်း ယခုလိုဆက်တက်နေခြင်းပါ။ မရေရာသောအကြောင်းများကြောင့် မိမိပညာရေးနစ်နာရမှာကိုလည်း မလိုလားခဲ့သည်မှာ အမှန်ပင်။
          ချက်ချင်းဆိုသလို နိုင်ငံခြားကို ပညာသင်နှစ်အမှီ သွားရောက်နိုင်ရေးကို လုံးပမ်းရတော့သည်။ မိမိနှင့်သီတဂူတွင်အတူတက်ခဲ့ဖူးသော သူငယ်ချင်းတစ်ပါးက သူ့မှာဘယ်ရက်ဘယ်အချိန်မှာ သီရိလက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ သူနှင့်အတူသွားရအောင် အမြန်လုပ်ပါဟုဆိုလာသည်။ ထိုအချိန်ကျမှပင် နိုင်ငံခြားသွားဒုက္ခကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လာရသည်။ ဘွဲ့ရတာ/မရတာ၊ ပညာတတ်တာ/မတတ်တာ အပထား နိုင်ငံခြားမှာပညာသင်အောင် သွားနိုင်သည့်တစ်ချက်နှင့်ပင် နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်နေကြကုန်သော ညီတော်နောင်တော်များကို လေးစာမိလောက်အောင်ကို အခက်ခဲတွေရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် “ဆန္ဒ၀တော ကိံ နာမကမ္မံ နသိဇ္ဈတိ= ဆန္ဒရှိနေသူအတွက် မဖြစ်နိုင်တာမရှိ”ဆိုသည့်အတိုင်း နောက်ဆုံးတော့လည်း နိုင်ငံခြားသွားဖို့ရာ အားလုံးနီးပါးအဆင့်သင့်ဖြစ်လာပြန်သည်။ ကမ်းလက်ဖြင့် ကြိုလင့်တော့ကေလနိယရေ………..။
                                                                                                (ဆက်ပါဦးမည်)
                                                                                                အရှင်ဥတ္တမာနန္ဒ
                                                                                           (ကေလနိယတက္ကသိုလ်)

0 comments:

Post a Comment