အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, February 15, 2011

ကေလနိယသွားတောလား အပိုင်း (၂)


ကေလနိယသွားတောလား
 

အပိုင်း (၂)
ဘွဲ့ယူစာတမ်း ဘယ်သောင်ကမ်း
          လိုအပ်ရာရာအထောက်ထားများနှင့် မှတ်တမ်းများရရှိခဲ့ပြီးနောက် ညနေစောင်းတွင် မင်းလှမြို့ပေါ်ရှိစာရေးဆရာအချို့နှင့် တွေ့ဆုံဆွေးနွေးရန် မြို့တွင်းသို့ထွက်ခဲ့ပြန်သည်။ ဓမ္မိကကျောင်းမှ စာချဆရာတော်တစ်ပါးညွှန်ပြလိုက်သော စာရေးဆရာတစ်ဦးအိမ်ကို အရင်ဆုံးရောက်သွားကြသည်။ အတော်နွမ်းပါးလှသော အဖိုးအရွယ်စာရေးဆရာကြီးနှင့် ဇနီးတို့ကို အခန့်သင့်ပင်တွေ့ကြရသည်။ စီးပွားရှိစဉ်အခါတုန်းက သားသမီးမြေးတွေ ၀န်းရံခြင်းကိုခံခဲ့ရသော်လည်း ယခုအခါတွင်မူ လင်မယားနှစ်ယောက်တည်း ဘ၀ကိုဆင်းရဲပင်ပမ်းစွာ ရုန်းကန်နေရပုံကိုမြင်သိရတော့ အတော်လေးစိတ်မကောင်းဖြစ်မိသည်။ သံဝေဂဖြစ်ဖွယ်လည်းကောင်းနေပြန်သည်။ အော်…..ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံဆိုတာ အမှန်ပင်။ မှန်ကင်းလဲတော့ ထင်းဖြစ်ရရိုးပင်မဟုတ်ပါလား။
          ဘ၀အခြေနေနွမ်းပါးကြသော်လည်း စေတာဖြူစဉ်လှသည့် စာရေးဆရာကြီးတို့ဇနီးမောင်နှံက စာရေးသူလာရရောက်ရခြင်း၏အကြောင်းစုံကိုသိတော့ သူတို့၏တဲကုတ်ရွှေန်းတော်ကို ဖိတ်မန္တကပြုကာ နေရာပေးခြင်းဖြင့်ဧည့်ဝတ်ပြုပါတော့သည်။ ချစ်ဖွယ်မြန်မာ့ယဉ်ကျေးမှု သရုပ်သကန်ကိုအထင်အရှားတွေ့ရသေးသည်။ ထိုနောက် စာရေးသူနှင့် စာရေးဆရာကြီးတို့သည် မင်းလှမြို့ရှိ ပြန်ကြားရေးဌာနကို သုတ်ခြေတင်ခဲ့ကြသည်။ သူငယ်ချင်းဖြစ်သူကတော့ စာရေးဆရာကြီး၏အိမ်တွင်ပင် စကားပြောယင်းကျန်ရစ်ခဲ့သည်။
          ပြန်ကြားရေးရုံးကိုရောက်တော့ တာဝန်ခံနှင့်တေ့တေ့ဆိုင်ဆိုင်ပင်တွေ့ရသည်။ ရုံးပိတ်ကာနီးမို့ စာရေးသူလိုချင်သော သမိုင်းမှတ်တမ်းမှတ်ရာများကို ယူခဲ့မည်ဖြစ်ကြောင်း အအေးဆိုင်တစ်ခုခုမှာ စောင့်နေပါရန်ပြန်ပြောလေသည်။ စာရေးဆရာတို့ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်မှာ ဆုံမည့်သဘောပင်။ စာရေးသူတို့ကို အေးအေးဆေးဆေးပြောစရာလည်းရှိပါ၍ သူတို့ကိုယ်တိုင်ပင် ဧည့်ဝတ်ပြုပါရစေဟုလည်း ခွင့်တောင်းလှာပါသည်။
          ပထမစာရေးဆရာကြီအိမ်ကိုပြန်ရောက်တော့ သူငယ်ချင်းကိုခေါ်ကာ စာရေးဆရာကြီးနှင့်အတူ မြို့တွင်းရှိအေးအေးဆေးဆေး စကားပြောဆိုကောင်းမည့် အအေးဆိုင်တစ်ဆိုင်မှာ ထိုင်စောင့်နေလိုက်သည်။ ထိုနောက် စာရေးဆရာကြီးက သူ၏ရောင်းရင်းစာပေမိတ်ဆွေများကို ဖိတ်ခေါ်ရန်ထွက်ခွာသွားလေသည်။ ထိုအခါတွင် သူငယ်ချင်းဖြစ်သူက “စာရေးဆရာဒီလောက်ဆင်းရဲတာ အခုမှတွေ့ဖူးတယ်ကွာ”လို့ မျက်နှာမသာမယာနှင့်ပြောလေသည်။ မိမိတို့အတွက် ဆရာမကလှူလိုက်သော စားစရာများနှင့် အခြားပစ္စည်းများအားလုံးကို စာရေးဆရာကတော်ကြီးကို ပြန်ပေးလှူခဲ့ကြောင်းပြောပြလေသည်။ “တို့ထက် လိုအပ်နေတဲ့သူတွေကို ပြန်လှူလိုက်တာကို ဆရာမသိရင်လည်း ၀မ်းသာမှာပါကွာ” ထပ်ပြောနေသေးသည်။ စာရေးသူကတော့ ကိုယ့်အာရုံနဲ့ကိုယ်မို့ “တို့အတွက်ဘာမှမဖြစ်ပါဘူး၊ ဆရာမသိရင်လည်းသာဓုခေါ်မှာပါ”ဟု အလိုက်သင့်ပြန်ပြောလိုက်ရသည်။ စာရေးသူ၏သူငယ်ချင်းမှာ ငယ်စဉ်ကတည်းကပင် သူ့မှာဘာပဲရှိရှိ တခြားသူများနှင့် ဝေငှတတ်သောအကျင့်ရှိသည်။ ကိုယ့်တစ်ဖို့တည်းကို ဘယ်တော့မှမကြည့်တတ်။ ထိုအချက်သည် စာရေးသူထက်သာသော အချက်တွေထဲက တစ်ချက်ဖြစ်ပါသည်။
          ခဏကြာတော့ စာရေးစဆရာကြီးနှင့် သူ၏စာရေးဖက်မိတ်ဆွေများ ရောက်လာကြပါသည်။ စာရေးသူလိုချင်သော အဖိုးတန်ဗဟုသတများ၊ သမိုင်းမှတ်တမ်းများ၊ သူတို့ကိုယ်တိုင် ရှာဖွေစုစောင်းထားသော သမိုင်းဆိုင်ရာရှားပါးအချက်လက်များကို စာရေးသူအားပေးအပ်ခဲ့ပါသည်။
          မင်းလှမြို့သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတွင် ထင်ရှားသောအခန်းကဏ္ဍကနေ ပါဝင်ခဲ့ဖူးသော်လည်း သမိုင်းမှတ်တမ်းသီးသန့်မရှိသည်မှာ နှမြောဖွယ်ကောင်းလှသည်။ သမိုင်းဝင် ခံတပ်ကြီးရှိနေသော်လည်း စာတစ်စောင်ပေတစ်ဖွဲ့အဖြစ် တသီးတသန့်မရှိပေ။ မြန်မာ့စွယ်စဲုကျမ်းတွင် ဖော်ပြချက်လောက်မျှသာ သမိုင်းခိုင်ခိုင်မာမာရှိခဲ့သည်။ မင်းလှမြို့မှ စာရေးဆရာများကမူ စိတ်အားထက်သန်စွာနှင့် စာရေးသူလိုအပ်သည်များနှင့် သူတို့ပေးသင့်သော အကြံဥာဏ်များကို စေတနာအပြည့်နှင့်ပေးပြီးနောက်  အချိန်ရပါလျင် မင်းလှမြို့သမိုင်းကို ပြုစုစေချင်ကြောင်း မေတ္တာရပ်ခံကြသည်။ စာရေးသူကလည်း အခွင့်သာခဲ့လျှင် ရေးပါမည့်အကြောင်း မယုတ်မလွန်လက်ခံခဲ့ပါသည်။ သို့ရာတွင် ဘွဲ့ယူစာတမ်းပြီးမြောက်ခဲ့သော်လည်း အကြောင်းကြောင်းများကြောင့် မင်းလှသမိုင်းကိုရေးသားရန် ယခုတိုင်အောင်ပင် အခွင့်မသာခဲ့ပါ။
          တစ်ပတ်ခန့်အချိန်ယူရမည်ထင်သော သမိုင်းဆိုင်ရာအချက်အလက် အတော်များများကို မိတ်ဆွေများ၏ကျေးဇူးကြောင့် တစ်နေ့တည်းနှင့်ပင်ရခဲ့သည်။ ထိုနောက် စာရေးသူတို့လည်း အပြန်ခရီးကိုစတင်ခဲ့ကြသည်။ လမ်းတွင် မြကင်းတောင်ကိုဝင်ရောက်ခဲ့ပြီး အကျင့်သီလနှင့်ပြည့်စုံသည်ဟု ထင်ရှားကျော်ကြားသော မြကင်းတောင်ဆရာတော်ကြီးကို ၀င်ရောက်ဖူးမြှော်ခဲ့သည်။ စာရေးသူတို့အကြောင်းကိုသိပြီးနောက် ဆရာတော်ကြီးကလည်း သူ့မှာရှိသော ရှားပါးသမိုင်းစာအုပ်ကို စာရေးသူတို့အားငှားလိုက်ပါသည်။
          တစ်လခန့်မျှ အချက်အလက်များရှာဖွေစုစောင်းခြင်း၊ အခါအားလျော်စွာ ရပ်နီးရပ်ဝေးရှိ ရှေးမှီနောက်မှီ ဆရာတော်ကြီးများနှင့် လူကြီးသူမများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ စုံစမ်းမေးမြန်းပြီးနောက် အချက်အလက်အတော်အတန်စုံအောင်ရရှိခဲ့သည်။ သို့နှင့် ရန်ကုန်ကိုပြန်လာကာ စာအုပ်ဆိုင်များ၊ စာကြည့်တိုက်များနှင့် လက်ဘေးစာအုပ်ဆိုင်များတွင် တစ်ပတ်ခန့် လိုလိုအပ်ရာရာများကို ထပ်မံရှာဖွေကာ ၀ယ်ယူခဲ့သည်။ အချို့ကိုလည်းမိတ္တူကူးခဲ့သည်။
          နောက်တစ်ဆင့်အနေဖြင့် အင်္ဂလိပ်၊မြန်မာအဘိဓာန်များ၊ ပါဠိအဘိဓာန်များနှင့် စွယ်စုံကျမ်းများကို သူငယ်ချင်းများ၊ အသိများနှင့် ဆရာသမားများထံမှ လိုက်လံငှားယူကာ ဘွဲ့ယူစာတမ်းကိုစတင်ရေးသားခဲ့သည်။ ကွန်ပျူတာလည်း အဆင်သင့်ရှိ၍ တစ်နေကုန်တစ်နေခန်း အားထုတ်ရေးသားခဲ့ရာ စာမျက်နှာလေးဆယ်ကျော်ခန့် စာတမ်းတစ်စောင်ကို တစ်ပတ်အတွင်းမှာပင် ချောချောမောမောရေးသားနိုင်ခဲ့သည်။ အစစအရာရာကူညီပေးကြသော သူငယ်ချင်းများ၊ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြသူများနှင့် ရွှေတဲကျောင်းဆရာတော်များနှင့် ကျေးဇူးရှင်ဆရာများအားလုံ၏ကျေးဇူးများကြောင့် ပညာရှင်အဆင့်မဟုတ်သော်လည်း စာတမ်းတစ်စောင်တော့ပြီးမြောက်ခဲ့လေပြီ။
          ဓမ္မပဒတွင် မြတ်စွာဘုရားဟောကြားခဲ့သော စကားတစ်ခွန်းရှိပါသည်။ “၀ိဿာသပရမာ ဥာတိ=  ချစ်ကျွမ်းဝင်သူသည် အကောင်းဆုံးဆွေမျိုးဖြစ်၏။” ဆိုလိုသည်မှာ မိမိအကျိုးကိုလားသူသည်သာ စစ်မှန်သည့်ဆွေမျိုးဖြစ်ပါသည်။ တအူတုံဆင်း မောင်နှမအရင်းပင်ဖြစ်စေကာမူ မိမိအကျိုးစီးပွာကို လိုလားသူမဟုတ်လျှင် မိမိအကျိုးကို ဆုတ်ယုတ်အောင်လုပ်လျှင် ဆွေမျိုးစစ်မဟုတ်တော့ပေ။ မိမိဘ၀တွင် ဆွေမျိုးစစ် မိတ်ဆွေစစ်များနှင့်သာဆုံတွေ့ခဲ့ရသည်ဖြစ်၍ အတော်ပင်ကံကောင်းလှသည်။ 
                                                                                                               ဆက်ပါဦးမည်...
                                                                                                          အရှင်ဥတ္တမာနန္ဒ
                                                                                                     (ကေလနိယတက္ကသိုလ်)
aaaaa

0 comments:

Post a Comment