အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, February 12, 2011

ကေလနိယသွားတောလား အပိုင်း (၁)


ကေလနိယသွားတောလား

အပိုင်း (၁)
"လုပ်သင့်တာအရင်လုပ်"
ငိုတာလည်းခဏတာ
ပြုံးတာလည်းမတည်မြဲ
အမုန်းလည်းမကျန်ရစ်
အချစ်လည်းမရှည်ကြာ
ထာဝရဆိုတာ ရှာမတွေ့နိုင်တဲ့
လောကရဲ့အလယ်မှာ
ခွဲခွာကြရတာမဆန်းပါဘူးလေ…….။  ။
hhhhh
          ဘ၀မှတ်တိုင်တစ်ခုအဖြစ် ဖြတ်သန်းခဲ့ရသော ၂၀၁၀-ခုနှစ်ကို အမှတ်မထင် သမင်လည်ပြန်လှည့်ကြည့်မိလိုက်တော့ မိမိအသက် ၁၂-၁၃-နှစ်လောက်က ရခဲ့ဖူးသော ကဗျာလေးတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် သတိရမိသေးသည်။ ကဗျာတွေကို မြတ်နိုးခုံမင်သူတစ်ယောက်အနေနဲ့ လေ့လာမှတ်သားခဲ့သော်လည်း မည်သူရေးခဲ့မှန်းတော့မသိပါ။ စာရေးသူ၏လက်ထဲကိုရောက်လာကတည်းက ပိုင်ရှင်နာမည်မဲ့နေသော ကဗျာလေးတစ်ပုဒ်ဖြစ်သည်။ မည်သို့ဆိုစေ လေးနက်သောအဓိပ္ပါယ်များနှင့် ပြည့်နှက်နေတဲ့ကဗျာလေးအဖြစ် ခံစားခဲ့ရ၊ ခံစားမိဆဲလည်းဖြစ်သည်။ အမည်မသိစာဆိုတစ်ဦးဟု ကင်ပွန်းတပ်လိုက်ချင်ပါသည်။ စာဖတ်သူများအနေဖြင့် သိခဲ့ပြီးဖြစ်ပါလျင် ဗဟုသုတပြန်လည်မျှဝေပါရန် မေတ္တာရက်ခံလိုက်ပါသည်။
hhhhh
      ၂၀၁၀-ခုနှစ်၊ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ BA-ဖိုင်နယ်စာမွေးပွဲကို ဖြေဆိုပြီးချိန်ဖြစ်သည်။ စာမေးပွဲပြီးလို့ သူငယ်ချင်းတွေပျော်နေချိန်မှာ မိမိမှာတော့ နိုင်ငံခြားကိုသွားရောက်ပြီး ပညာသင်ရေးအတွက် တွေဝေနေသည်။ လေးနှစ်တာမျှတက်ခဲ့သော တက္ကသိုလ်ကျောင်းတော်ကြီးကိုလည်း သံယောဇဉ်ရစ်ပတ်နေမိသည်။ တစ်ဖက်ကလည်း ပညာသင်စရိတ်အတွက် စိတ်မအေးနိုင်စရာဖြစ်နေသည်။ သို့နှင့် ရောက်မလာသေးသော ပြဿနာများကို လျစ်လျူရှုကာ လုပ်သင့်တာကိုပြီးအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။ မိမိသည် ဆရာများ၏ တိုက်တွန်းအားပေးချက်အရနှင့် ကိုယ်တိုင်ကလည်း ကြိုးစားကြည့်ချင်စိတ်ရှိသည့်အလျောက် ဘီအေဘွဲ့ယူစာတမ်း{Term-Paper}ကို အင်္ဂလိပ်လို ရေးသားတင်သွင်းနိုင်ရန် စတင်ဦးတည်လိုက်သည်။
          မိမိသည် မွေးဖွားရာဇာတိမြို့လေး၏ ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ဘွဲ့ယူစာတမ်းအဖြစ် ရေးသားတင်သွင်းရမည်ဖြစ်သောကြောင့် လိုအပ်သောသမိုင်းဆိုင်ရာ အချက်အလက်များ၊ အထောက်ထားများကို ရှာဖွေစုစောင်းရန် ဇာတိမြို့ဖြစ်သော အထက်မင်းလှမြို့ကိုပြန်ရောက်ခဲ့သည်။ အမှန်မှာ မိမိဇာတိမြို့ကို မင်းလှဟုပင် စာရေးသူတို့တစ်နယ်သားလုံးကခေါ်ကြပါသည်။ သို့ရာတွင် ပဲခူးတိုင်းတွင် မင်းလှအမည်နှင့် မြို့တစ်မြို့ရှိနေသောကြောင့် စာရေးသူတို့မြို့ကို အထက်မြန်မာပြည်တွင်ပါဝင်၍ အထက်မင်းလှလို့ခေါ်ကြသလို မြန်မာနိုင်ငံအောက်ပိုင်းတွင်းပါဝင်သောမင်းလှကို အောက်မင်းလှဟု ခေါ်ကြသည်။
          စာရေးသူသည် မိမိဇာတိပင်ဖြစ်သော်လည်း မင်းလှမြို့ကို အရောက်အပေါက် အတော်ကိုနည်းပါသည်။ ငယ်စဉ်ကာလမှ၍ သရက်မြို့တွင်သာ အနေများခဲ့သည်ပြီး သွားဖို့ရာအထူးထွေလုပ်ငန်းမရှိသည်တို့ကြောင့်လည်းဖြစ်ပါသည်။ ထိုကြောင့် ဇာတိမြို့လေးသည် စာရေးသူအတွက် ပီဘိသူစိမ်းတရံစာလိုဖြစ်နေခဲ့သည်။ စာရေးသူ၏မွေးရပ်ရွာတွင် ကျောင်းထိုင်သာသနာပြုနေသာ သူငယ်ချင်းနှင့်အတူ မင်းလှမြို့ကို ဆိုင်ကယ်နှစ်စင်းနှင့် ချီတက်ခဲ့ကြသည်။ သူငယ်ချင်းဖြစ်သူမှာ စာရေးသူထက် ဆက်ဆံရေးပြေပြစ်သူဖြစ်သည့်အလျောက် နေရာတိုင်းတွင် ချစ်ခင်သူများ အသိမိတ်ဆွေများ ပေါများသူလည်းဖြစ်သည်။ သူ့ကို တစ်ရွာတစ်ကျီဆောက်သူဟု ပြောလျင်လည်းမမှားပေ။ သူ့ကြောင့် စာရေးသူလုပ်ငန်း အတော်တော်များများမှာ ချောချောမောမောနှင့်ပြီးခဲံရသည်။ ကျေးဇူးကြီးလှသော သူငယ်ချင်းတစ်ယောက်ပင်။
          စာရေးသူတို့ရွာနှင့် မင်းလှမြို့သည် မိုင် ၃၀-ကျော်မျှသာဝေးသော်လည်း လိုင်းကားနေ့စဉ်မရှိတတ်။ ရှိပြန်သော်လည်း အချိန်မှန်ထွက်လေ့မရှိကြပါ။ ထိုကြောင့် ထသွားထပြန်လွယ်ကူစေရန် ရွာမှကျောင်းသားနှစ်ယောက်ကို ဆိုင်းကယ်နှစ်စီးဖြင့် အကူအညီခေါ်ခဲ့ရခြင်းဖြစ်သည်။ မိမိတို့ကမြို့ကို တိုက်ရိုက်မသွား။ လမ်းတစ်လျောက်တွင်ရှိသော သမိုင်းဝင်ကျေးရွာများ၊ စေတီပုထိုးများနှင့် သိသင့်သိထိုက်ရာအချက်လက်များကိုလည်း ကျွဲကူးရေပါဆိုသလို တစ်ခါတည်းလုပ်ဆောင်သွားသည်။ ပညာရေးစသော ဆိုင်ရာအချက်လက်များကိုလည်း ရှေးမှီနောက်မှီ ဆရာတော်ကြီးများနှင့် လူကြီးသူမများထံမှ မေးမြန်းကာမှတ်တမ်းတင်ခဲ့သည်။
          ကျေးရွာကနေ နံက်စောစောထွက်လာသော စာရေးသူတို့သည် ဟိုဝင်ဒီထွက်နှင့် မင်းလှမြို့ကို ဆွမ်းစားချိန်လောက်မှပင် ရောက်ရှိပါသည်။ စာရေးသူလိုချင်သော အချက်အလက်များကို လွယ်လင့်တကူရရှိနိုင်သော မြို့နယ်ဥက္ကဋ္ဌဆရာတော်ကျောင်းမှာပင် တည်းခိုခဲ့ကြသည်။ ဖော်ရွေလှသောဆရာတော် လာရောက်ရင်းကိစ္စကိုသိသောအခါ အေးအေးဆေးဆေးနေပါရန်နှင့် လိုအပ်သည့်ကိစ္စများကို သူ၏လက်ထောက်စာချဆရာတော်မှ လိုက်လံကူညီပေးလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။ လိုအပ်သော စာရွက်စာတမ်းနှင့် အထောက်ထားများကိုလည်း လွယ်လင့်တကူပင်ရရှိခဲ့ပါသည်။
          ထိုနောက် အခြားလိုအပ်သော လူမှုရေး၊ စီးပွားရေး၊ ကျမ်းမားရေးစသော အချက်အလက်များအတွက် ခေါင်းစားရပြန်သည်။ သို့ရာတွင် မိမိတို့ငယ်စဉ်က ရွာတွင်တာဝန်ကျဆရာမလည်းဖြစ်ခဲ့၊ အမေကြီးအိမ်မှာပင် နေခဲ့ဖူးသောဆရာမတစ်ယောက် မင်းလှမှာပင် ရှိနေကြောင်းသိရ၍ ဆရာမအိမ်သို့ ရောက်ဖြစ်ခဲ့သည်။ အကျိုးအကြောင်းကိုသိရသော ဆရာမသည် အလွန်ဝမ်းသာသွားပြီး ကျေးလက်ရှိသူမတပည့်များမှာ ယခုလို လူတစ်လုံးသူတစ်လုံးနှင့် ဖြစ်နေသည်ကိုမြင်ရလို့ အတိုင်းမသိဝမ်းမြောက်ကြောင်း လိုအပ်ရာရာ ရုံးကိစ္စ၊ နှစ်ချုပ်မှတ်တမ်းများနှင့် လိုအပ်သမျှကို ကူညီပေးမည်ဖြစ်ကြောင်းနှင့် အိမ်မှာပင်အေးအေးဆေးဆေး အနားယူနေပါရန်လျှောက်ထားလေသည်။ ပညာရေးရုံးတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သော ဆရာမ၏ညီမကလည်း အားတက်သရောအကူညီပေးပါသည်။ သို့နှင့် ချစ်ချစ်တောက်ပူပြင်းလှသော အညာနွေသည် ပီတိဝတ်ရုံလွှာအောက်တွင် တိုးလျိုးပျောက်ကွယ်ခဲ့ရသည်။
                                                                                                                (ဆက်ပါဦးမည်)
                                                                                                                                                                                     အရှင်ဥတ္တမာနန္ဒ
                                                                                                                                                                            (ကေလနိယတက္ကသိုလ်)

0 comments:

Post a Comment