အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, February 4, 2011

သူ


သူ

          သူနှင့်ဆုံတိုင်း သူငယ်ချင်းတွေက တခုတ်တရပြောကြသည်။ “ကိုယ့်လူကတော့ အလုပ်တွေအတော်ကိုလုပ်ဖြစ်တာပဲ”တဲ့။ လူဆိုတာ ကိုယ့်အတိုင်းတာကို ကိုယ်သာသိရတာ မဟုတ်လား။ ဒါကြောင့်လည်း “ကိုယ့်ဝမ်းနာ၊ကိုယ်သာသိ” ဆိုတဲ့စကား ပေါ်လာတယ်ထင်ပါရဲ့လေ။ သူသည် ကိုယ့်အကြောင်းကိုသိသူဟုဆိုလျှင် မှားအံ့မထင်။
          နောက်ကိုခေါင်းပြန်ငဲ့လိုက်လျှင် သူသည် သိပ်မဝေးသေးတဲ့အချိန်က ကျောင်းနေဖက်သူငယ်ချင်းတွေအတွက် အကျိုးရှိစေခဲ့တဲ့ မဆိုသလောက် အလုပ်လေးကို ကံအားလျော်စွာ လုပ်ခဲ့မိသည်။ အဲဒီအတွက် သူငယ်ချင်းတွေက သူ့ကိုကျေးဇူးတင်မဆုံးကြ။ သူငယ်ချင်းတွေ အဆင်ပြေတယ်ကြားတော့လည်း သူဝမ်းသာရသည်။ ဒါကိုပင် သူငယ်ချင်းတွေက ကိုယ့်လူကတော့ ထိထိရောက်ရောက်လုပ်ဖြစ်တယ်လို့ တွေ့တိုင်းလိုလို ပြောကြသည်။
          အမှန်မှာ သူက သူများတွေလိုမဟုတ်ပါ။ မှတ်ဥာဏ်မထက်သူသာဖြစ်သည်။ မကြာခဏဆိုသလို မေ့တတ်သည်။ ထိုကြောင့် လုပ်လက်စအလုပ်ကို မေ့မသွားအောင် တစိုက်စိုက်မတ်မတ်လုပ်နိုင်အောင် ကျိုးစားရသည်။ စိတ်ကူးကောင်းပေါ်လာလျင် ဖြစ်နိုင်လျင် ချင်ချင်းလုပ်လေ့ရှိသည်။ မေ့မသွားအောင်လို့ပါ။ ကျေးဇူးတင်စရာတစ်ခုက သူ့မှာ အလုပ်တစ်ခုကို လုပ်ချင်သည့်ဆန္ဒရှိနေသည့်ဗီဇရှိသည်ဟု ဆိုရမည်လားမသိ။ ဒီအတွက်လည်း သူ့ကိုယ်သူကျေးဇူးတင်မိပါသည်။ ဗုဒ္ဓမြတ်စွာရဲ့စကားအတိုင်းပြောရလျှင် ဆန္ဒရှိလျှင် မဖြစ်နိုင်တာမရှိတဲ့။ ဘာပြောပြော သူကတော့ သူများတွေလို လူတော်များမဟုတ်သည့်အတွက် သူလုပ်သင့်တယ်လို့ထင်တာတွေကို မေ့မသွားခင် ချက်ချင်းဆိုသလို လုပ်လိုက်တာသာဖြစ်သည်။
          နောက်တစ်ခုလည်း ရှိပါသေးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဟောပြောပွဲတစ်ခုတွင် ကျောင်းသားတစ်ယောက်က သူ့ကိုမေးခဲ့ဖူးပါသည်။ ထိုမေးခွန်းနှင့်အလားတူကို သူပို့ချခဲ့သော သင်တန်းတစ်ခုတွင် အလယ်တန်းကျောင်းဆရာတစ်ယောက်လည်း မေးခဲ့ဖူးပါသည်။ သိပ်ပြီးတော့ ထူးဆန်းလှသည်တော့မဟုတ်ပါ။ “အင်္ဂလိပ်စာကို လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ”တဲ့။ သူဟောပြောသည့်ခေါင်းစဉ်၊ သင်ကြားခဲ့သည့် အကြောင်းရာတို့နှင့် မသက်ဆိုင်သည့် မေးခွန်းတစ်ခုဖြစ်လို့ သူ့မှာခဏတော့တွေသွားခဲ့သည်။ သို့ရာတွင် “လေးနှစ်ခန့်ရှိပါပြီ”လို့ ပြန်ဖြေလိုက်သည်။ အဆိုပါမေးခွန်ကို မေးခဲ့ကြသူနှစ်ယောက်လုံးက မဖြစ်နိုင်ပါဟု မှတ်ချက်ချကြသည်။
          ထိုနောက် အဓိပ္ပါယ်တူသက်ရောက်နိုင်သည့် မေးခွန်းမျိုးကို အဆိုပါနှစ်ယောက်လုံးက ထပ်မေးခဲ့ပါသည်။ “ဘာကြောင့် ဒီလောက်တော်နေတာလဲ”တဲ့။ သူကလည်း ဒီတစ်ခါတွင်တော့ မဆိုင်းမတွပင် “တောရွာလေးတစ်ရွာက ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားခဲ့လို့ပါပဲ”လို့ ပြန်ဖြေလိုက်သည်။ သူ့အဖြေကို ကြားလိုက်ရသော မွေးန်းမေးသူများနှင့် အခြားသူများမှာ ခေါင်းသပွတ်အူဖြစ်သွားဟန်တူသည်။ ဒီတစ်ခါတော့ သူတို့အလှည့်ပေါ့။ သူသင်တာနဲ့ ဟောပြောနေတာ ဘာမှမဆိုင်တဲ့မေးခွန်းကို လာမေးတာကိုး။
          ဤသို့ဖြင့်ပေါ့လေ….. ရှင်းပြဖြစ်တယ်ဆိုပါဆို့။ သူသည် တစ်နေ့လုပ် တစ်နေ့စား မိးသားစုကနေ မွေးဖွားလာခဲ့သည် မဟုတ်သော်လည်း ငွေကြေးသိပ်မတတ်နိုင်လှသော တောနေမိသားစုတစ်ခုကနေ ဆင်းသက်လာသူဖြစ်ပါသည်။ သူများဆီကနေ တစ်ကျပ်ယူပြီး လုပ်ရမည့်အလုပ်ကို တစ်ကျပ်တန်အောင် လုပ်ပေးခဲ့သူဖြစ်အောင် အသိုင်းဝိုင်းက သင်ပေးခဲ့သူဖြစ်သည်။ ကိုယ်ကတစ်ကျပ်ပေးရယင်လည်း တစ်ကျပ်ဖိုးတန်အောင် ယူတတ်သူဖြစ်အောင်လည်း သင်ကြားပေးခံရခဲ့သူဖြစ်ပါသည်။ မိမိနှင့် မတန်မရာစကားကိုပြောရလျှင် အချိန်နဲ့ငွေကို အထိုက်အလျောက် အသုံးချခဲ့မိသည်ဟု ဆိုရမလားပင်။ သူရဲ့အဖြေကိုတော့ အားလုံးက အင်း……. ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟု သဘောပိုက်သည့်အမူရာများကို တွေ့ခဲ့ပါသည်။
          တကယ်တော့ သူသည် သူများတွေထင်သလို လူတော်တစ်ယောက်မဟုတ်သလို ထူးချွန်သူတစ်ယာက်လည်း မဟုတ်ပါ။ မေ့မှာကို ကြောက်တတ်သူမျှသာဖြစ်သည်။ ထိုကြောင့် မမေ့ခင်မှာ တတ်နိုင်သလောက်ကို လုပ်ဖြစ်ခဲ့အောင် ကျိုးစားသူမျှသာဖြစ်သည်။ မလုပ်ဖြစ်ခဲ့တာတွေ များစွာရှိနေခဲ့သော်လည်း လုပ်ဖြစ်ခဲ့တာလောက်နဲ့လည်း ကျေနပ်ခဲ့သူပါ။
          “ဖားတုလို့ ခရုခုန်၊ အိုင်ပျက်ရုံ ရှိမပေါ့”ဆိုသလို သူသည် လူတော်တွေကို မတုပခဲ့ပါ။ အားကျခဲ့သူမျှသာဖြစ်သည်။ မိမိထက်တော်သူ တတ်သူတွေက အိပ်နေချိန်မှာ လုပ်သင့်တာကို လုပ်နေသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ သူ့ထက်အရာရာမှာ နှာတစ်ဖျားသာသူတွေက အနားယူချိန်တွေမှာ ယုန်ကိုပြိုင်ထား လိပ်အလားနှယ် တရွေ့ရွေ့နှင့် လေ့လာနေသူလည်း ဖြစ်ကောင်းဖြစ်ပေမည်။ မည်သို့ဆိုစေ သူသည် ကိုယ့်ကိုယ်ကို ညံ့မှန်းသိသူ၊ ဘ၀ပေးအခြေနေမကောင်းသူ ဆိုတာကိုတော့ ကောင်းကောင်းနားလည်းအောင် ကျိုးစားတတ်သူဖြစ်သည်။ ထိုကြောင့်လည်း မိမိပေးဆပ်ရသမျှကို တန်အောင်ရနိုင်ဖို့၊ မမေ့ခင် လုပ်တတ်ဖို့ အားထုတ်သူသက်သက်မျှသာ။
          အခုတော့ နောက်ဆုံးစာမေးပွဲကြီးပြီးခဲ့ပြီမို့ တတ်နိုင်တဲ့သူငယ်ချင်းတွေက အဆင့်မြင့်တန်းကြီးတွေကို တက်ရောက်ရန်ပြင်ဆင်နေချိန်မှာ သူတစ်ယောက်ကတော့ စာကြည့်တိုက်နှင့် စာအုပ်ဆိုင်တွေမှာ အချိန်ကုန်နေခဲ့သည်။ သူငယ်ချင်းများ အဆင့်မြင့်ပညာရေးကို ဆက်လက်လေ့လာခွင့်ရှိသည်ကို သိသောသူသည် သူငယ်ချင်းတွေအတွက် ၀မ်းသာနေသလို၊ စာအုပ်တွေကိုပိုက်ပြီး ပြည်တော်ပြန်ရမည့် သူ့ဘ၀ကိုလည်း ကျေနပ်နေသူဖြစ်သာဖြစ်ပါတော့သည်။ လုပ်ချင်တာတွေထက် လုပ်သင့်တာကိုသာ လုပ်ရမည့်၊ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကိုသာ ဦးစားပေးရမည့် သူ့ဘ၀ကို သူသိပါသည်။ ဘ၀ဆိုတာ ကြိုတင်ဇာတ်တိုက်ထားတဲ့ ပြဇာတ်စင်မှမဟုတ်တာပဲလေ။
သူ{သရက်}
5 FEB 2011

0 comments:

Post a Comment