အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, January 28, 2011

မသိ၍မသိသူ အခန်း (၁) ခရီး…ဘယ်ဝယ်

 
ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ၊
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။ {ဓမ္မပဒ-၆၀}
အိပ်မပျော်သောသူအတွက် ညတာသည်ရှည်လျား၏။ ခရီးပန်းနေသူအတွက် ယူဇနာခရီးသည် ရှည်လျှား၏။ သူတော်ကောင်းတရားကို မသိကြကုန်သော လူမိုက်တွေအတွက်မူ သံသရာခရီးသည် ရှည်လွန်းလှ၏။
**********
စာရေးသူတို့သည် မွေးဖွားလာကတည်းက ဗုဒ္ဓဘာသာမိဘများက မွေးဖွားလာခဲ့သောကြောင့် ဗုဒ္ဓဘာသာဆိုင်ရာဝေါဟာရများကို ငယ်စဉ်ကပင် ရင်းနှီးလာခဲ့ကြသည်။ ယင်းတို့အထဲမှ “ဗာလ”ဆိုသော စကားလုံးသည် မကြာခဏဆိုသလိုပင် ကြားနေရပါသည်။ ဗာလ-ခေါ်လိုက်လျှင် အကြောင်းတစ်မျိုးမျိုးကြောင့် ဆိုးသွမ်းသူတစ်ယောက်ကို ကင်ပွန်းတပ်လိုက်မှန်း ကလေးကအစ နားလည်ကြပါသည်။ ထိုကြောင့် တစ်စုံတစ်ယောက်က ဗာလ-ဟုပြောဆိုလိုက်လျှင် အကောင်းဘက်ကနေပြောဆိုတာမဟုတ်မှန်းကို လူတိုင်းသိနေပါသည်။ အကြောင်းမှာ မြန်မာလူမျိုးအများစုသည် ဗုဒ္ဓပုခက်ထဲတွင် ကြီးပြင်းလာခဲ့ကြသည်မဟုတ်ပါလား…။
လူမိုက်၏ သဘောသဘာဝများကို မိမိတို့အားလုံး ကောင်းစွာနားလည်သဘောပေါက်သင့်ပါသည်။  နေ့စဉ်လူနေမှုဘ၀တွင် အရောင်သွေးစုံလင်လှသော လူတန်းစားမျိုးစုံ၊ အလွှာပေါင်းစုံကို အချိန်တိုင်းတွင် ပေါင်းသင်းဆင်ဆံနေရ၊ ကြုံတွေ့နေရသည်။ လူဆိုးလူမိုက်မှာ ချိုမထွက်သော်လည်း စရိုက်ကိုကြည့် အလိုက်ကိုကြည့်ခြင်းအားဖြင့် ခွဲခြားနို်င်ပါသည်။ မဖြစ်မနေ ပေါင်းသင်းဆက်ဆံဖို့ကြုံလာလျှင်လည်း ကိုယ်ပေါင်းစိတ်ခွာပြုလုပ်နိုပါသည်။ ဤသို့ဖြင့် လူမိုက်ကြောင့်ဖြစ်ပေါ်လာမည့် ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းကို ရှောင်ရှားနိုင်မည့်အပြင်၊ ယင်း၏ဆန့်ကျင်ဘက် လူတော်လူကောင်းများကို ရွေးချယ်ပေါင်းသင်းဆက်ဆံနိုင်ပါလိမ့်မည်။
လူသားအားလုံးသည် ခရီးသွားများသာဖြစ်ကြသည်။ နေ့စဉ်နှင့်အမျှ မိမိတို့ရည်ရွယ်ရာပန်းတိုင်ကို မရောက်၊ရောက်အောင် သွားနေကြသူများချည်းဖြစ်ပါသည်။ ဘ၀ကိုအစပျိုးခဲ့ချိန်မှသည် ဘ၀နေ၀င်ချိန်တိုင်အောင် မရပ်မနား သွားလာလှုပ်ရှားနေကြရသည်။ အခြေနေခြင်းမတူသည့်အားလျှော်စွာ ရည်မှန်းလျှောက်လှမ်းသောပန်းတိုင်များလဲ မတူညီနိုင်ကြပေ။ မိမိရည်မှန်းရာခရီးကိုမရောက်မှီမှာပင် လူတစ်ချို့ကတော့ ဘ၀တစ်ခုကိုအဆုံးသတ်ခဲ့ကြရပြီး၊ လူအချို့ကမူ စီးပွားဥစ္စာကြွယ်ဝချမ်းသာလာလျှင် သို့မဟုတ် ဘွဲ့ဒီဂရီတစ်ခုခုရလာလျှင် သူတို့ရည်မှန်းရာ နောက်ဆုံးပန်းတိုင်ကိုရောက်ပြီဟု တွေးတောထင်မြင်ကောင်း ထင်မြင်ကြပေမည်။ စစ်မှန်သောပန်းတိုင်ကို အမှန်တကယ်ပင် ရောက်ပြီဟုဆိုနိုပါမည်လော…? ဗုဒ္ဓဘာသာအလိုအရမူ နိဗ္ဗာန်ကိုမရမချင်း ဘ၀၏စစ်မှန်သောပန်းတိုင်ကို မရောက်သေးပါ။
ထိုကြောင့် လူသားများသည် ကောင်းမှု၊ မကောင်းမှု-ဟူသော ရိက္ခာနှစ်ထုပ်ကို ထုပ်ပိုးသယ်ဆောင်ကာ သံသရာခရီးရှည်ကြီးကို မရပ်မနားသွားနေကြရသည်။ ဓမ္မမျက်စိဖြင့်ကြည့်လိုက်လျှင် လူသားတို့ နေ့စဉ်သွားလာနေရသောခရီးများသည် အမှန်တကယ်ခရီးစစ်၊ခရီးမှန်များမဟုတ်ကြ။ သံသရာခရီးပန်းတိုင်ကို ရောက်လိုသူတို့အတွက်မူ လောကတွင် ရှိရှိသမျှ သက်ရှိသက်မဲ့အရာအားလုံးကို သဘာဝအတိုင်း မြင်နိုင်အောင်၊ လက်ခံကျင့်သုံးနိုင်အောင် အားထုတ်ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် ရှည်လျားလှသော သံသရာခရီးပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားပါလိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကာလမှာ ထင်ရှားသောမတရားကြံစီမှုကြီး ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ပသေနဒီကောသလမင်းကြီးသည် တိုင်းခန်းလှည့်လည်စဉ် ချောမောလှပသော ကာမပိုင်လင်ရှိအမျိုးသမီးတစ်ယောက်ကိုမြင်ကာ စွဲလန်းတပ်မက်ခဲ့သည်။ ထိုကြောင့် သူ့မယားလိုချင် သူ့လင်လှံနှင့်ထိုး အစီစဉ်ကိုကြံစီခဲ့သည်။ ယောက်ျားဖြစ်သူကို မင်းမှုထမ်းခန့်လိုက်ပြီး ဖြစ်နိုင်ခြေနည်းပါးလှသော နဂါးပြည်မှမြေနီနှင့် ကြာပန်းကို ညနေရေးချိုးချိန်မှီ တစ်နေ့ခရီးဖြင့် နေမ၀င်မှီအရောက်ယူခိုင်းလိုက်သည်။ အချိန်မှီပြန်မရောက်ခဲ့သော် သေဒဏ်အပြစ်ပေးခံရမည်ဟု အမိန့်ပေးလိုက်သည်။
သနားစရာယောက်ျားခမျာ ဦးတည်ရာမဲ့လှသောခရီးကို သေဘေးကြောင့်ထွက်ခဲ့ရသည်။ လမ်းတစ်လျှောက်တွင် မိမိစားဖို့ရန်ယူဆောင်လာသော ရိက္ခာထုတ်ထဲမှ မိမိစားသည့်အခါတိုင်း တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ပသခဲ့သည်။ ရေကန်ထဲမှာရှိနေကြသောငါးများကို မိမိစားဖို့ယူဆောင်လာသောအစာထဲကနေ ကျွေးမွေးလှူတန်းခဲ့သည်။ မိမိပြုလုပ်သမျှကုသိုလ်ကောင်းမှုကို အမျှဝေခဲ့သည်။ ထိုထိုကောင်းမှု၏အစွမ်းကြောင့် သူ့ကိုယူခိုင်းလိက်သောအရာတွေကို အလွယ်တကူပင်ယူဆောင်နိုင်ခဲ့သည်။ သို့ရာတွင် မြို့တော်တံခါးသည် အခါတိုင်းကဲ့သို့မဟုတ် နေ၀င်မှီပိတ်ထားသောကြောင့် မြို့ထဲသို့မ၀င်နိုင်ဘဲ ဘုရားရှင်သီတင်းသုံးနေရာ ဇေတ၀န်ကျောင်းတော်သို့ တစ်ညတာမှေးစက်အနားယူရန် ထွက်ခွာခဲ့သည်။
ရှင်ဘုရင်မှာလည်း ဖြစ်နိုင်ခြေမရှိလှသောအလုပ်ကို ခိုင်းလိုက်သော်လည်း ပြန်ရောက်ခဲ့သော်ဟူသော ကြောက်စိတ်ဖြင့် မြို့တံခါးတွေကို စောစောစီးစီး ပိတ်စေခဲ့သည်။ သို့ရာတွင် သူမျးမယားအပေါ် တပ်မက်သောရာဂစိတ်ဖြင့် ပြင်းထန်စွာနှိပ်စက်ခံရသောကြောင့် ကောင်းစွာအိပ်မပျော်ခဲ့ပေ။ ထိုစဉ် ညသန်းခေါင်းယံအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အသံဆိုး အသံနက်ကြီးများကို ကြားရသောကြောင့် ပို၍အိပ်မပျော်ဖြစ်ခဲ့ရသည်။ မိဖုရားကြီးမလ္လိကာ၏ အကြံပေးချင်ဖြင့် နံနက်စောစောတွင် ဘုရားရှက်ထံကိုရောက်လာခဲ့သည်။
အိပ်မပျော်သောညတာသည် အလွန်ပင်ရှည်လွန်းကြောင်း မိမိ၏အတွေ့ကြုံကိုအခြေခံကာ ဘုရားရှင်ကိုလျှောက်ထားခဲ့သည်။ ယင်းစကားကိုကြားသောအခါတွင် ကျောင်းတော်သို့ရောက်နှင့်သော မဖြစ်နိုင်သောအလုပ်ကို ခိုင်းခြင်းခံခဲ့ရသောယောက်ျားက ကြားသောအခါတွင် ယူဇနာခရီးသည် အလွန်ပင်ရှည်လျားကြောင်း မြတ်စွာဘုရားကိုလျှောက်တင်လိုက်သည်။ မြတ်စွာဘုရားက မှန်ကန်ကြောင်း ၀န်ခံလိုက်ပြီးနောက်၊ ထိုထိုခရီး၊ညတာရှည်တာထက် သူတော်ကောင်းတရားကို မသိကြကုန်သော ဗာလ-လူမိုက်တွေအတွက် သံသရာခရီးသည် ရှည်လွန်းလှကြောင်းမိန့်တော်မူလေသည်။
သံသရာခရီးဟူသည် အဘယ်နည်း…? မွေခြင်း၊သေခြင်းတို့သည် မြစ်ရေကဲ့သို့ အဆက်မပြတ်စီးဆင်းနေခြင်းကို သံသရာခရီး သို့မဟုတ် သံသရာလည်သည်ဟု ခေါ်ပါသည်။ တနည်းအားဖြင့် ခန္ဓာငါးပါး/ရုပ်-နာမ်တရားများ ခဏတိုင်းခဏတိုင်းတွင် အဆက်မပြတ်ဖြစ်ပေါ်၊ ထိုနောက် ချက်ချင်းဆိုသလို ပျက်သုဉ်းနေခြင်းကို သံသရာဟုခေါ်ပါသည်။ ထိုသံသရာခရီးကို ဆုံးခန်းတိုင်အောင်ရောက်ဖို့အတွက်မူ အသံထက်မြန်သော ဒုံးပျံ၊ လေယာဉ်စသည်တို့ကိုစီး၍ မရောက်နိုင်ပါ။ မဂ္ဂင်ရှစ်ပါးဟူသော ဥာဏ်ရထားဖြင့်သာလျှင် ရောက်နိုင်ပါသည်။
အင်္ဂုတ္ထိုပါဠိတော် စတုက္ကနိပါတ်တွင် သံသရာခရီးကို ဆုံးအောင်သွားခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသော ရောဟိတသုတ္တန်ဆိုတာရှိပါသည်။ ညတစ်ညတွင် ရောဟိတအမည်ရှိသော နတ်သားတစ်ပါးသည် ဘုရားရှင်သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်သို့ရောက်လာပြီး မအို၊မသေရာအရပ်ကို တနည်းအားဖြင့် သံသရာအဆုံးကို (ခြေဖြင့်)သွားခြင်းဖြင့် ရောက်နိုင်/မရောက်နိုင် မေးမြန်းလျှောက်ထားခဲ့သည်။ မြတ်စွာဘုရားက မရောက်နိုင်ကြောင်း ပြန်လည်မိန့်တော်မူခဲ့သည်။
မြတ်စွာဘုရားမိန့်ကြားသော စကားသည် ချွင်းချက်မရှိ မှန်ကန်ပါကြောင်း နတ်သားက ပြန်လည်လျှောက်ထားခဲ့သည်။ အဆိုပါနတ်သားသည် အတိတ်ဘ၀တစ်ခုတွင် ရောဟိတအမည်ရှိသော လောကီတန်ခိုး အမျိုးမျိုးကိုပိုင်ဆိုင်သော ရသေ့တစ်ပါးဖြစ်ခဲ့ဘူးသည်။ လျှက်တစ်ပြက်အတွင်းမှာပင် သမုဒ္ဒရာဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်းကို အရောက်သွားနိုင်သည်။ ထိုမျှမြန်သောအဟုန်ဖြင့် မအိုမသေရာဖြစ်သော သံသရာခရီးဆုံးကိုရောက်အောင် သွားခဲ့ဖူးသည်။ စားချိန်သောက်ချိန်၊ ကျင်ကြီးကျင်ငယ်စွန့်ချိန်၊ အိပ်စက်အနားယူချိန်မှတစ်ပါး မရပ်မနားပဲ အနှစ်တစ်ရာတိုင်အောင် သွားခဲ့သော်လည်း သံသရာခရီးဆုံးကိုမရောက်ပဲ စကြာဝဠာအကြား၌သာလျှင် သေးဆုံးခဲ့ရလေသည်။
အမှန်စင်စစ်အားဖြင့် သံသရာခရီးဆုံးကို သွားလိုသောသူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များကို သိအောင်ကျိုးစားအားထုတ်ခြင်း၊ သိသည့်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့်သာလျှင် ရောက်နိုင်ပါသည်။ အသိနှင့်အကျင့် (၀ိဇ္ဇာစရဏသမ္ပန္န)ကို ကောင်းစွာပြည့်စုံစေခြင်းဖြင့်သာလျှင် မအိုမသေရာဖြစ်သော သံသရာခရီးပန်းတိုင်ကို ရောက်ရှိနိုင်ပါသည်။

0 comments:

Post a Comment