အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, January 18, 2011

ကြမ္မာငင်ဆန္ဒ

ကြမ္မာငင်ဆန္ဒ

“မှောင်မိုက်တဲ့ည ပျက်သုဉ်းပြီးရင်
လှပတဲ့နေသစ်လေး ရောက်လာမှာပဲလေ
လောကအလင်း ရှင်နေမင်းထတော့ ကြာပန်းတွေပြုံးပြကြပေါ့”…
အတွေးရေအလျဉ်ကြား ပျော်ဝင်သွားခဲ့ပျားငယ်လေး ကြာပွင့်လွှာကြား သောကပွားခဲ့ရ
အိုး…..သေမင်းရဲ့တံခါးခေါက်သံလား
တောဘုရင်လက်တွင်းမှာ ကြာတစ်ပင်လုံး ဇီဝိန်ပြုန်းခဲ့ပြီ…..

တစ်ခုသောညနေခင်း….
သူရိန်နေမင်းသည် အနောက်ဂေါ်ယာကျွန်းဆီ လေးလေးဖင့်ဖင့်ဖြင့် ၀င်ရောက်သွားခဲ့လေပြီ။ ကျေးငှက်သာရကာတို့သည် မိမိတို့အသိုက်နန်းဆီ အလျှင်အမြန် သုတ်ခြေတင်နေကြပြီး ညသခင် တောဘုရင်တို့ကမူ သားဖမ်းပွဲကို တိတ်တဆိတ် လှုပ်ရှားနေခဲ့ကြသည်။ ဒီအချိန်မှာ.. အလုပ်များနေတဲ့ ပျားငယ်တစ်ကောင်မှာ မွတ်သိပ်မှုတွေကိုဖြေဖျောက်ရန် နောက်ဆုံးအကြွင်းကျန် ၀တ်မှုံလေးကို ရှာဖွေယင်း လူးလားခေါက်ပြန် ပျံသန်းနေခဲ့သည်။ ထိုစဉ် သူ့ရဲ့မြင်ကွင်းအောက်မှာ ကြာပန်တွေဝေဆာနေတဲ့ ရေကန်ကြီးတစ်ကန်ကို ဘွားကနဲတွေ့လိုက်ရပြီး ခမ်းလုလုဝတ်ရည်ကို အငမ်းမရလွေးဖို့ ပိုးသားတမျှနူးညံ့လှသော ကြာပန်း၏ပွင့်ချပ်ပေါ်တွင် သက်ဆင်းလိုက်သည်။ ပျားငယ်ဟာ ကြပန်းရဲ့အလှဘ၀ကို မပျက်ဆီးစေပဲ ၀တ်ရည်အချို့စားသုံးရုံမျှသာဖြစ်သည်။ သို့စေကာမူ ၀မ်းနည်းစရာအကြောင်းကဖန်လာသည်။ နေမင်းကွယ်ပျောက်ချိန်တွင် ကြာပန်းရဲ့ ပိုးသားဝတ်လွှာတွေက ပြန်လည်ပိတ်သွားခဲ့သည်။ ၀မ်းမလှသေးသော သံသရာခရီးသည် ပျားငယ်လေးမှာ ချောင်ပိတ်မိခဲ့ရတော့သည်။ ဒါပေမဲ့ သူက မျှော်လင့်ချက်ကိုမစွန့်လွှတ်။ သိမ်မွေ့လှသော ကြာပန်းရဲ့အကျဉ်းစခန်းမှာ အတုပ်နှောင်ခံနေရပေမဲ့ သနားစရာ တထိတ်ထိတ်ခုန်နေတဲ့ မိမိနှလုံးသားကို မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့် ဖေးမကာ ရှင်သန်နေခဲ့သည်။

“လှပတဲ့ အရုဏ်ဦးကိုမွေးဖွားဖို့ အမှောင်လွှမ်းတဲ့ညဟာ ကုန်ဆုံးတော့မှာပါ။ နေအမြင့်မှာ ကြာပန်းဟာ ငွားငွားစွံ့စွံ့ပြန်ပွင့်လာရင် ငါရဲ့အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ အကျဉ်းစံဘ၀ကနေ မကြာခင်လွတ်မြောက်တော့မှာပါ”။

ဘုရား….ဘုရား….! မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခု။ ရေကန်းလေးသို့ ဦးတည်ရာလမ်းအတိုင်း တောဘုရင်ဆင်မင်းသည် ဣနြေ္ဒရရကြွချီလာနေသည်။ မြိန်မြိန်ရှက်ရှက်သောက်သုံးကာ သူ၏ကြီးမားလှသောနံပါးနှစ်ဘက်ကို ရေစင်အေးတို့ဖြင့် ပက်ဖျန်းကာချိုးနေသည်။ ကြီးမားသောနှာမောင်းက ရသစေစားရာ ပျားငယ်လေးရဲ့ အကျဉ်းစခန်းဖြစ်သော ကြာပွင့်ထံမှ လွင့်ပျံလာသော စွဲမက်ဖွယ်ရနံ့ကို တရှိုက်မက်မက်ရှူရှိုက်ယင်း နှာမောင်းတရမ်းရမ်းနဲ့ ရှာဖွေနေသည်။
ချက်ချင်းဆိုသလို ကြာပင်ကိုဆွဲနူတ်ပြီး အပွင့်ရော အရွက်ပါမကျန် ဆင်ကြီး၏ ချိုးခြေ၀ါစားခြင်းကိုလိုက်သည်။ ပျားငယ်လေးလဲ ဆင်ကြီး၏အစာအိမ်အတွင်း ဘ၀နိဂုံးချုပ်သွားသည်။ သနားစရာပျားငယ်လေးအဖို့ မျှော်လင့်ချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့ပြီး သေမင်းခေါ်ဆောင်ရာကို ကောက်ကောက်ပါအောင် လိုက်ပါခဲ့ရလေပြီ။

ဘ၀ဆိုတာ ဒီလိုပါပဲ။ ခဏတာလေးရှင်သန်ခွင့်ရပြီး အမြဲလိုပျက်သုဉ်းနေသည်။ နောက်တစ်နေ့ နေထွက်တာကို တွေ့မြင်သည်အထိ အသက်ရှင်နေပါမယ်လို့ ဘယ်သူက အတိကျပြောနိုင်မှာလဲ။ ရှုချင်စဖွယ်တင့်တယ်နေတဲ့ ပန်းရဲ့အလှ သာယာငြိမ့်ညောင်းတဲ့ ကျေးငှက်တို့ရဲ့တေးသီသံ ပြီးတော့ ပျာငယ်ရဲ့ညီးတွားသံ အားလုံးဟာ မျက်တောင်တစ်ခတ် လျပ်တစ်ပျက်ခန့်သာကြာသည်။

တွေ့ဆုံခြင်းအားလုံးသည် လက်ပြနူတ်ဆက်ခွဲခွာခြင်းဖြင့် အဆုံးသတ်ပြီး ရှင်သန်ခြင်းဆိုတာလည်း သေဆုံးခြင်းမှာပင် ဇာတ်သိမ်းရပါသည်။ ပဉ္စာလက်ဆန်လွန်းတဲ့ ဒီလောကြီးမှာ ကံကြမ္မာဖေးမမှုအောက်က သံစဉ်လှတဲ့တေးသွားတစ်ပုဒ်ကို တီးခတ်နေရသလို ဘ၀ကို မကြောင့်မကြနဲ့ သက်တောင့်သက်သာဖြတ်သန်းနေရတော့ ရယ်လိုက်မောလိုက်နဲ့ မေတ္တာရေစင်သွန်းဖျန်းကာ ရွှင်ရွှင်လန်းလန်းနဲ့ ရှင်သန်နေလိုက်ကြသည်။ မကြာပါဘူးလေ…. ရှိတ်စပီးယားရဲ့ပြဇာတ်ထဲကလိုပဲ “ဒုက္ခဆိုတာ တစ်ကိုယ်တည်းမလာတတ်၊ အဖော်ပေါင်းလာတတ်တယ်တဲ့”… ဆံမြိတ်လည်းပြေ ပန်းလည်းကြွေချိန်ကျပြီး ၀မ်းနည်းကြေကွဲဖွယ်တွေနှင့်ကြုံတွေ့လာတဲ့အခါ ဘ၀ဆိုတာ ဒုက္ခသုက္ခတွေရဲ့ ရုပ်ပုံလွှာပါဆိုတာ ထင်ရှားလာတော့သည်။

အင်း……. အစွဲတွေကင်းတဲ့ အမြင်ရှင်းတဲ့သူအဖို့ ရုပ်ဝတ္ထုတွေရဲ့ စစ်မှန်တဲ့အနှစ်သာရသဘောတရားမဲ့တာတွေကို ရှာဖွေတွေ့မြင်မှာပါလေ။ သူဟာ အရာအားလုံး ပျက်သုဉ်းခြင်းတံခါးဝကို အတင်းပို့ဆောင်ခံနေရချိန် အပြုံးမပျက်နေနိုင်ပြီး လောကဓံတရားတွေအောက်မှာ မတုန်မလှုပ် ကြံ့ကြံ့ခံရပ်တည်ကာ ဘာသာတရားရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်သားရနေပါပြီ။ တကယ်ပါပဲ…. သူလိုလူဟာ လူဖြစ်ရကျိုးနပ်ခဲ့ပါပြီလေ။

သူတော်စဉ်တွေဟာ ကာမဂုဏ်အာရုံတွေကိုရှောင်ကြဉ်ပြီး စွဲမြဲတဲ့သတိတရား စိတ်ရှည်သည်းခံခြင်း ရိုးသားဖြောင့်မတ်ခြင်းတို့ကို တည်ဆောက်ကာ စိတ်ဆင်ရိုင်းကို ကျုံးသွင်းထားသည်။ ဒါဟာ စိတ်၏ငြိမ်းချမ်းသာယာမှုကို ပေးစွမ်းနိုင်သော တစ်ခုတည်းသော ကျင့်စဉ်ဖြစ်သည်။

ဥပေက္ခာတရားကိုမွေးမြူဖို့ အမှန်တကယ်တောင့်တလျှင် ကံ၊ ကံ၏ အကျိုးတရားတွေကို ရှင်းရှင်းလင်းလင်း နားလည်လက်ခံတတ်ဖို့ လိုအပ်လှပါသည်။ ကံရဲ့စီမံဆုံးဖြတ်ချက်အောက်မှာရှိသော သက်ရှိ၊ သက်မဲ့ အရာတွေအားလုံးအပေါ်တွင် အစွန်းလွတ်သော အပြုသဘောတရားတွေကိုထားနိုင်စွမ်း ရှိလာမှာလည်းဖြစ်သည်။ ဥပေက္ခာ၏ အနီးကပ်ဆုံးသဘောတရားဆိုသည်မှာ သူသူငါငါ သတ္တ၀ါအားလုံးဟာ ကံဇာတ်ခုံပေါ်က သရုပ်ဆောင်တွေမျှသာဆိုတာကို ရှင်းလင်းစွာနားလည်သိမြင်ခြင်းဖြစ်သည်။

လူသားတို့ ခဏတာနားခိုနေသော ဤကမ္ဘာလောကကြီးသည် ကြာပွင့်ကြီးတစ်ပွင့်လိုဖြစ်သည်။ ယင်းအထဲမှာ ဇနီးမယား သမီး၊သားတွေ လင်ယောက်ျားတွေ အလိုမပြည့်ဝမှုတွေနဲ့ အဆက်မပြတ်လှုပ်ရှားရုန်းကန်ပြီး ချစ်ခင်မြတ်နိုးမှုတွေ ယုယတွယ်တာတာတွေကို ရှာဖွေနေကြရသည်။ မဆုံးနိုင်သော မျှော်လင့်ချက်တို့ဖြင့်အုဌ်မြစ်ချကာ မနက်ဖန်ဆိုတာကို ရုပ်လုံးဖော်နေကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ ရုတ်တရက်ဆိုသလို မျှော်လင့်မထားတာတွေဖြစ်လာသည်။ ဘ၀နေ၀င်ချိန်နှင့်အတူ မရဏဆင်မင်းဟာ အားလုံးရဲ့ဘ၀တွေကို နင်းခြေဖျက်ဆီးပြီး မျှော်လင့်ချက်တွေကို မြုပ်နှံသင်္ဂြိုဟ်ဖို့ ရောက်လာသည်။

“ရှင်သန်ခြင်းရဲ့တစ်ဖက်ဟာ ပ၀ါပါးနောက်ကသေမင်းလိုပဲ။
ကဗျာဆရာပြောတာကို နားဆင်ကြည့်ပါ….
သင်္ခန်းစာယူကြ…. မှန်မှန်ကန်ကန်သဘောပေါက်ကြတဲ့…
ဘ၀ဆိုတာ အိပ်မက်ပမာ
လွင့်မြောနေတဲ့ပုံရိပ်တွေဟာ စိတ်ကူးယဉ်အိပ်မက်တွေရဲ့ မြူမှုံကလွဲလို့
ဘာများဖြစ်နိုင်မှာလဲ
ပြင်ဆင်ချယ်သ ယုယနေရတဲ့ဒီခန္ဓာဟာ
မီးလျှံကြားက ပန်းတစ်ပွင့်ထက်ပိုမကြာပါဘူး….
စည်းစိမ်ချမ်းသာဆိုတာ ချူးတစ်ပြားမှမရှိတာထက်
ဘ၀ကိုပိုပြီးနစ်မွန်းစေတတ်ပြီး
အသပြာဓန ငယ်ရွယ်နုပျိုခြင်းနဲ့ မာနတရားတွေဟာ
ကန္တာရကြားက ယိုယွင်းနေတဲ့လှည်းယာဉ်တန်းလိုပါပဲ…..”

အစိုးမရတဲ့ကမ္ဘာလောကကြီးဆိုတာကို အတိတ်ကလည်း အကြိမ်ကြိမ်သက်သေခံခဲ့သည်။ နောင်ကိုလည်း ဆက်လက်ထောက်ခံသွားမည်သာဖြစ်သည်။ လူသားမျိုးနွယ်တွေ မြို့ပြယဉ်ကျေးမှုတွေ တရိပ်ရိပ်နဲ့တိုးတက်စည်ပင်လာသည်။ နောက်တော့လည်း ပင်လယ်ထဲက လှိုင်းတွေလိုပါပဲ။ အသစ်အသစ်တွေလိမ့်လာဖို့ လှိုင်းဦးတွေပျောက်ကွယ်ပေးရသလိုဖြစ်နေသည်။ ဒီလိုနဲ့ လူ့သမိုင်းဆိုတဲ့ လက်ဖျတ်တစ်တွက်ကြာ ခန်းနားထည်ဝါမှုတွေ အနှစ်မဲ့တဲ့ပုံရိပ်တွေ တဖြေးဖြေးမှေးမှိန် ပျောက်ကွယ်သွားတာတွေကို ကာလယန္တယားပေလွှာမှာ မှတ်တမ်းတင်ပေးလိုက်သည်။

ဒါကြောင့်လည်း နှောင်းခေတ်လူကြီးသူမတွေက ဆုံးမခဲ့တာ-
“တောင်မင်းရှစ်သွယ် သီတာခုနှစ်စင်း
ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ရှင်နေမင်း
ထာဝရနတ်ဘုရားတွေ
ပြီးတော့ မင်းနဲ့ငါ
စကြာဝဠာကြီးတစ်ခုလုံး ဆိတ်သုဉ်းကွယ်ပျောက်ကြရတော့မှာလေ
အားလုံးဟာ သေမင်းလက်တွင်းသက်ဆင်းနေရပြီဆိုမှ
ဘာကြောင့်များ အသက်ပေးချစ်ပါတယ်ဆိုပြီး မာယာတွေနဲ့လှည့်စားနေတော့မှာလဲ.....?


Piyadassi ၏ A Bee’s Wish ကိုဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment