အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။
Friday, December 31, 2010
မသိ၍ မသိသူ ၏ ခြေဆင်း
         မသိ၍ မသိသူ
      ၏
     "ခြေဆင်း"
“ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဟု မြန်မာဆိုရိုးစကားတစ်ခွန်းကို စာဖတ်သူအားလုံး ရင်းနှီးပြီးသားဖြစ်သည်ဟု စာရေးသူအနေနဲ့ ကောင်းစွာယုံကြည်ပါသည်။ အမှန်ကိုပြောရလျှင် စာရေးသူကို မွေးခဲ့ရာအရပ်တွင် စာပေကို အမှန်တကယ်လိုက်စားသူမှာ လက်ချိုးရေတွက်လိုက်လျှင် လက်နှစ်ဖက်ပြည့်ရန်ကိုပင် အတော်ကိုခဲယဉ်းလှပါသည်။
          အဆိုပါပတ်ဝန်းကျင်သည် စာပေကိုမြတ်နိုးနိုးဖတ်ရလောက်အောင်လည်း အချိန်မပေးနိုင်ကြ။ သေစာရှင်စာလောက် ဖတ်တတ်လျှင်ပင် ဘ၀တစ်သက်လုံးစာအတွက် လုံလောက်သည်ဟု ယနေ့တိုင်အောင် လက်ခံထားကြသူတွေလည်း အများအပြားပင်ရှိနေကြသေးသည်။ အဘယ်ကြောင့်ပါနည်း? ဤပတ်ဝန်းကျင်ရှိ လူအများစုမှာ တောင်သူလယ်သမားများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ သူတို့သည် “ကိုယ်လုပ်မှ ကိုယ်စားရတသည်”ဟူသော စကားကိုတော့ လက်ကိုင်ထားကြသူများဖြစ်သည်။
          သို့နှင့် ၄င်းတို့၏ သားသမီးများမှာ “ဘွဲ့ရပညာတတ်များ” ဖြစ်လာခဲ့ကြပါသည်။ သို့ရာတွင် ဘွဲ့ရသည်ဆိုတာကလွဲလို့ ထင်ထင်ရှားတဲ့အချက်ကိုထောက်ပြပါဆိုလျှင် ဟိုဟိုဒီပွဲလမ်းရှိလျှင် “ငါက ဘွဲ့ရတစ်ယောက်ဖြစ်သည်”ဟူသောပုံစံသစ်ဖြင့် လမ်းသလားနေသူများ ယောင်တောင်တောင် နေတတ်သူများသာဖြစ်လာသည်။ မိဘလက်ငုတ်လက်ရင်းဖြစ်သော တောင်သူလယ်သမား အလုပ်ကိုလည်း မလုပ်ချင်၊ မိမိရထားသောဘွဲ့နှင့် ထိုက်တန်သော အစိုးရ၀န်ထမ်းကိုလည်း ရအောင်မလုပ်နိုင်နဲ့ ရိုးသားလှသော တောသူတောင်သားတို့၏ အမြင်တွေထဲတွင် လူပိုနတ်အိုးကွဲများအဖြစ်မြင်လာကြသည်။
          အကျိုးဆက်အားဖြင့် ယင်းဘွဲ့ရပညာတတ် ယောင်ခြောက်ဆယ်များကို အကြောင်းပြုပြီး မိမိတို့အရပ်တွင် လေးတန်းမျှအောင်ပြီဆိုလျှင် တောအရပ်အတိုင်းတာအားဖြင့် ငွေကြေးနင့်နေအောင် ကုန်ကျလှသော ပညာရေးကိုစိတ်မ၀င်စားတော့။ အိမ်ပေါ်မှာ နတ်အိုးကွဲလူပိုတစ်ယောက်ဖြစ်လာမှာမျိုးကို အားမထုတ်ကြတော့ပေ။ သို့နှင့် ပညာရေးက ဘ၀အာမခံချက်ပေးနိုင်တယ်ဆိုတာကို ရှင်းပြလို့မရတော့ပါ။ လက်တွေ့မျက်တွေ့တွေ ဖြစ်နေကြသည်မဟုတ်ပါလော။
          ထိုကြောင့်ပင် ကိုယ်လုပ်မှ ကိုယ်စားရသည်ဆိုသောစကားသည် သူတို့ကြားက လက်သုံးစကားဖြစ်လာခဲ့သည်။ ပညာတတ်လည်း အသုံးမကျပါဘူးဟုပင် ထင်လာမြင်လာကြသည်။ ဤသည်မှာ ပညာ၏အပြစ်မဟုတ်ပါ။ ပညာကိုသင်ပြီး အသုံးကျအောင် မလုပ်တတ်သူတွေ၏ အပြစ်သာဖြစ်သည်။ အဆိုပါပတ်ဝန်းကျင်အတွက် နောက်ထပ်လက်တွေ့ကျသော အသိဥာဏ်တစ်ခုကတော့ တိုးလာခဲ့ပါသည်။ ယင်းမှာ “စာဖတ်တော့ကော ဘာအကျိုးရှိမှာတဲ့လဲ”’ဟူ၏။ မေးခွန်းလား အဖြေလားဆိုတာကို စာဖတ်သူတို့သာလျှင် ပြောကြပါကုန်။
          စာရေးသူ နိုင်ငံခြားကိုပညာသင်မထွက်ခင် ဆွေမျိုးများကို ပြန်လည်နူတ်ဆက်ဖြစ်ခဲ့သေးသည်။ စာရေးသူ၏ အမေကြီးသည် အိမ်မှာကြားနေရသော စာရေးသူနဲ့ပတ်သက်သော သတင်းကို မသဲကွဲလို့လားမသိ၊ ကိုယ်တိုင်လာပြီး “မောင် …..နိုင်ငံခြားကို ဘာသွားလုပ်မှာလဲ” မေးပါသည်။ {စာရေးသူတို့အရပ်တွင် အမေကြီးများ အဘများသည် သူတို့၏မြေး ယောက်ျားလေးများကို “မောင်”ဟု ချစ်စနိုးခေါ်လေ့ရှိကြသည်}။ စာရေးသူကလည်း ပညာသင်အောင် သွားမလို့ပါအမေကြီးလို့ ပြန်ပြောလိုက်ပါသည်။
          ထိုအခါတွင်တော့ အမေကြီးက “ပညာသင်လာတာ နှစ်တွေအတော်ကြာနေပြီ၊ အခုထိမတတ်သေးဘူးလား”ဟု မေးပါသည်။ စာရေးသူကလည်း “မတတ်သေးပါဘူး အမေးကြီးရယ်”လို့ ပြန်ပြောခဲ့မိသည်။ ဒါဆိုယင် “မောင်က…..ဘယ်တော့ ပညာတတ်ကြီးဖြစ်မှာလဲ”ဟု ထပ်ဆင့်မေးလာပါသည်။ စာရေးသူကလည်း “မသိပါဘူး အမေကြီးရယ်”ဟု ပြန်ပြောလိုက်မိသည်။ မိမိစကားကိုကြားလိုက်ရသော အမေကြီးကတော့ ကရုဏာသက်လှဟန်ဖြင့် “ဒီလောက်ဆို တော်ရော့ပေါ့ မောင်ရယ်၊ အဝေးကြီးကို သွားမနေပါနဲ့တော့”ဟု ဆိုလှာပြန်သည်။
          ဤမျှနှင့်ပင် နိဒါန်းနှင့် စာရေးသူ၏ ရည်ရွယ်ချက်သည် ထင်ရှားနေပါပြီ။ အရင်ကလိုမဟုတ်တော့ပဲ၊ ပညာရေးဘက်ကို အတော်အတန် စိတ်ဝင်စားလာသော ယနေ့ မိမိပတ်ဝန်းကျင်ရှိလူများကို ထပ်ဆင့်အားပေးသည်အနေဖြင့် စာရေးသူစာအုပ်ကို မဖတ်လျှင်တောင်မှ အနည်းဆုံးတော့ ကိုင်ဖြစ်ကြပေလိမ့်မည်။ တို့ဇာတိကစာရေးသူရဲ့စာအုပ်လေလို့ အနည်းဆုံးတော ပြောဖြစ်ကြလိမ့်မည်။ ဘာတွေများရေးထားပါလိမ့် သိချင်ကောင်းလည်း သိချင်ကြပေလိမ့်မည်။ နောက်တစ်ဆင့်တွင်တော့ ကိုယ်တိုင်မဖတ်နိုင်လျှင်တောင်မှ နီးစပ်ရာစာဖတ်တတ်သူများကို မေးမြန်းကြပေလိမ့်မည်။ “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း” မဟုတ်ပါလား။
မည်သို့ဆိုစေ စာပေချစ်မြတ်နိုးသူနှင့် ဗဟုသုတလိုက်စားသူတို့အားလည်း အသိဥာဏ်များ အထိုက်အလျှောက် တိုးပွားစေလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကျေးဇူးတင်ထိုက်သူ အားလုံးကိုကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်-
                                                                                                    အရှင်ဥတ္တမာနန္ဒ
                                                                                              {ကေလနိယတက္ကသိုလ်}
                                                                                                30 December 2010
0 comments:
Post a Comment