အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, December 31, 2010

မသိ၍ မသိသူ ၏ ခြေဆင်း


         မသိ၍ မသိသူ

      ၏

     "ခြေဆင်း"
“ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဟု မြန်မာဆိုရိုးစကားတစ်ခွန်းကို စာဖတ်သူအားလုံး ရင်းနှီးပြီးသားဖြစ်သည်ဟု စာရေးသူအနေနဲ့ ကောင်းစွာယုံကြည်ပါသည်။ အမှန်ကိုပြောရလျှင် စာရေးသူကို မွေးခဲ့ရာအရပ်တွင် စာပေကို အမှန်တကယ်လိုက်စားသူမှာ လက်ချိုးရေတွက်လိုက်လျှင် လက်နှစ်ဖက်ပြည့်ရန်ကိုပင် အတော်ကိုခဲယဉ်းလှပါသည်။

Tuesday, December 28, 2010

“ချစ်ရာရောက်စေလို”
“မခေါ်ချင်လို့ရသည်၊ မတော်ချင်လို့မရ”ဟူသော မြန်မာစကားသည် အတော်ကို တာသွားလှသည်။ စိတ်အခန့်မသင့်သောအခါ မည်သူ့ကိုမဆို မခေါ်မပြောပဲ နေကောင်းနေနိုင်ပါသည်။ သို့ရာတွင် မိမိကို မွေးလိုက်သော မိဘနှစ်ပါးကို ဆင်းရဲသည့်အတွက် မိဘမတော်ချင်လို့မရပါ။ မိဘနှစ်ပါးသည် ဆင်းရဲကောင်းလည်း ဆင်းရဲနေလိမ့်မည်။ အမျိုးဇာတ်အားဖြင့်လည်း နိမ့်ကျကောင်း နိမ့်ကျပေလိမ့်မည်။ ဖြူဖြူမဲမဲ၊ ဆင်းရဲချမ်းသာ မည်သည့်အနေထားတွင် ရှိနေစေကာမူ မိဘသည် မိဘသာလျှင်ဖြစ်သည်။
ဥပမာအားဖြင့်ပြောရလျှင် မစင်အညစ်ကြေးထွက်ရာအရပ်ဖြစ်သော်လည်း မိမိ၏တင်ပါးကို ဖြတ်ပစ်၍မရစကောင်းပေ။ ထိုအတူသာလျှင် လူဆိုးဖြစ်နေသောကြောင့် မိဘကို မိဘမတော်ချင်၍မရပေ။ မရှိဆင်းရဲသောကြောင့် ဆွေမျိုးသားချင်းကို ဆွေမျိုးမတော်ချင်၍လည်း မရပေ။
***********
အခန်းနားတစ်ခုတွင်ဖြစ်ပါသည်။ စာရေးသူ၏ဘေးတွင် စင်္ဟာလရဟန်းတော်တစ်ပါး လာထိုင်သည်။ အပြန်အလှန်မိတ်ဖွဲ့ကြပြီး စကားဝိုင်းလေတစ်ခုကို ဖန်တီးဖြစ်ခဲ့သည်။ လိုက်လျောညီထွေဖြစ်မည့်အကြောင်းလေးများ ပြောကြားခဲ့ကြပြီးနောက် အတန်ငယ်ရင်းနှီးလာပြီး အပြင်ပအကြောင်းရာတွေကိုပါ ပြောဖြစ်ခဲ့ကြသည်။
အဆိုပါရဟန်းတော်ကပင် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံဖြစ်ကြောင်း၊ ဖွင့်ဖြိုးတိုးတက်မှုအားအကောင်းဆုံး နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း သူ၏ရှုထောင့်အမြင်များကို ခိုင်ခိုင်လုံလုံကိုးကားပြီး ပြောလေ၏။ စာရေးသူကလည်း မိမိအမြင်ရပြောရရင် တရုတ်ထက် အမေရိကန်နိုင်ငံကသာလွန်ကြောင်းကို မိမိအမြင်ဖြင့် ပြန်လည်ပြောဖြစ်လေသည်။
ထိုနောက် သာမန်စကားဝိုင်းလေးကနေ စကားရည်လုပွဲ {Debate} ဆန်ဆန်လေးဖြစ်လာခဲ့သည်။ သာမန်လူတို့၏ထုံးစံအတိုင်း “ငါ့စကားနွားရ” သဘောမျိုး ကိုယ်အယူဆကို မှန်ကန်ကြောင်း အပြင်းအထန်ကြီးမဟုတ်ပေမဲ့ အတော်ကလေးတော့ ပြောခဲ့ကြသည်။ ငယ်စဉ်က ဖတ်ခဲ့ဖူးသော မိလိန္ဒပဥှ-စာအုပ်ထဲက မိလိန္ဒမင်းနှင့် ရှင်နာဂသိန ဗုဒ္ဓ၀ါဒဆိုင်ရာ ပြဿနာများ မဆွေးနွေးကြမှီ ရှင်နာဂသေနမိန့်ကြားခဲ့သော စကားနိဒါန်းလေးကို အမှတ်ရမိသည်။ ဆွေးနွေးတိုင်ပင်ခြင်း အမျိုးမျိုးရှိရာတွင် ပညာရှိတို့၏သဘောအတိုင်း ဆွေးနွေးမည်ဆိုပါလျှင် မိလိန္ဒမင်းနှင့် အပြန်အလှန်ဆွေးနွေးပါမည့်အကြောင်း မိန့်ခဲ့ဖူးသည်။
ပညာရှိတို့၏ ဆွေးနွေးတိုင်ပင်ခြင်းဆိုသည်မှာ မိမိမှားလျှင်မှားသည့်အတိုင်း၊ တစ်ဖက်သား၏ အယူဆမှန်လျှင် မှန်သည့်အတိုင်း လက္ခံတတ်ရခြင်းဖြစ်သည်။ မိမိနိုင်လျှင်ပြီးရော ငြင်းခုံနေခြင်းမျိုးကို ရှောင်ကြဉ်ရခြင်းဖြစ်သည်။
စာရေးသူတို့ကတော့မူ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုတာကို တိတိကျကျ သက်သေထောက်ပြစရာ ဗဟုသုမပြည့်စုံကြသောကြောင့် အပြန်အလှန်ပင် မိမိတို့၏ ဖြစ်နိုင်ခြေရှိသည်ဟုယူဆရသော အရာများကို ပြောဆိုဆွေးနွေးကြပါသည်။ သို့ရာတွင် ယဉ်ယဉ်ကျေးကျေးပင် မိတ်ဖြစ်ဆွေဖြစ် ပြောဆိုကြခြင်းတော့ဖြစ်ပါသည်။
နောက်ဆုံးတွင်မူ အဆိုပါ စင်္ဟာလရဟန်းတော်က “ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတွေအထဲတွင် ဘယ်နိုင်ငံကို သဘောအကျဆုံးလဲ”ဟု စာရေးသူကိုမေးပါသည်။ စာရေးသကလည်း “အမှန်တိုင်းပြောရမယ်ဆိုယင် ငါ့ရဲ့မိခင်နိုင်ငံကို သဘောအကျဆုံးပဲ”ဟု ပြန်ပြောခဲ့လေသည်။ ဘယ်နိုင်ငံတွေဘယ်လောက်တိုးတက်နေပါစေ ငါကတော့ ငါ့နိုင်ငံကိုပဲ အနှစ်သက်ဆုံးပါပဲဆိုသော စာရေးသူ၏စကားကိုကြားရသောအခါ အဆိုပါရဟန်းတော်က ဒီကိစ္စမှန်တယ်ဆိုတာကိုတော့ ငါရိုးရိုးသားသားကို ထောက်ခံပါတယ်ဟုပြောခဲ့ပါသည်။
*******************
စာရေးသူတို့အနေဖြင့် မိမိတို့မွေးဖွားရာ ဇာတိကိုအကြောင်းပြုပြီး ဂုဏ်ငယ်စရာမရှိသလို၊ သိမ်ငယ်နေစရာလည်းမလိုပါ။ အကြောင်းမှာ မိမိတို့အနေဖြင့် “ငါတို့က ဒီနိုင်ငံကကွ”လို့ အတိကျပြောစရာ နိုင်ငံရှိသည်။ “ငါတို့က.. ဒီလူမျိုးကွ”ဟု အမျိုးဇာတ်လည်း ခိုင်ခိုင်မာမာရှိသည်။ ဤသို့ဆိုလျှင် မိမိနိုင်ငံနှင့် မိမိလူမျိုး မှန်မှန်ကန်ကန်ရှိနေသည့်အတွက် အများတကာအလယ်မှာ မျက်နှာငယ်နေစရာမလိုသကဲ့သို့ သိမ်ငယ်နေဖို့လည်းမလိုပါ။ မိမိနိုင်ငံက စီးပွားရေးအရသော်၎င်း၊ အခြားအကြောင်း တစ်ခုခုကြောင့်သော်၎င်း သိမ်ငယ်သည်ဟုခံစားနေရပြီး “ငါက..လူမျိုးမဟုတ်၊ ဒီနိုင်ငံက မဟုတ်”ဟု ပြောမည်ဆိုလျှင်တော့ "ဒေါင်းယောင်ဆောင်သောကျီးသာ" ဖြစ်ပေလိမ့်မည်။
တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးကောင်းစားရေးသည် အဆိုပါနိုင်ငံသားတိုင်း၊ သက်ဆိုင်ရာလူမျိုးတိုင်းနှင့် အဓိကအားဖြင့်သက်ဆိုင်နေပါသည်။ ပတ္တမြားသည် မိမိထွက်ခဲ့ရာအရပ်ကို မည်သည့်အကြောင်းကြောင့်မျှ ဂုဏ်မပျက်စေခဲ့ပါ။ သက်မဲ့အရာဝတ္ထုတွေပင်လျှင် မိမိမွေးဖွားလာရာအရပ်ကို ဂုဏ်တင့်စေလျှင် စာရေးသူတို့ သက်ရှိများအနေဖြင့် မိမိနိုင်ငံ၊ လူမျိုးအတွက် ဂုဏ်တင့်စေဖို့အတွက် မလုပ်စကောင်းရာပါလော?
ထိုသို့လုပ်ရာတွင်လည်း ငါက ဒါလုပ်လို့ တစ်ခြားသူများလည်း ငါ့လိုလုပ်ရမည်ဟု မဆိုသင့်ပါ။ မိမိဆိုင်ရာနယ်ပယ်ကနေ မိမိကျွမ်းကျင်သည့်အလုပ်ဖြင့် “အုတ်တစ်ချပ်၊ သဲတစ်ပွင့်”

Monday, December 27, 2010

General knowledge for English-သင်တန်း


General knowledge for English-သင်တန်း
        Venerable Mirisse Dhammika-၏ Stress Reduction for Youth through mindfulness and loving-kindness-စာအုပ်ကို သင်ကြားဆွေးနွေးသွားမည်ဖြစ်ပါသည်။ ပညာဒါန သင်ကြားပို့ချမည်ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါကြောင်း။
သင်တန်းနေရာ= စာကြည့်တိုက်၊ မကုဋာရာမမြန်မာကျောင်း။
စတင်မည့်ရက် = Sun, December 26, 2010
အချိန်        = ည (၈- ၉:၃၀) {တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြသပတေး}
သင်ကြားဆွေးနွေးမည့်ဆရာတော် = အရှင်ဥတ္တမာနန္ဒ
သင်ကြားဆွေးနွေးမည့်အကြောင်းအရာ= အင်္ဂလိပ်သဒ္ဒါနှင့်အသုံးအနူံး၊ ၀ါကျတည်ဆောက်နည်းနှင့် ဘာသာပြန်ဆိုနည်းတို့အပြင် အခြားသင့်လျှော်ရာတို့ကို Recommended Text-ကိုအခြေခံကာ သင်ကြားဆွေးနွေးသွားမည်ဖြစ်သည်။
မှတ်ချက်။ ။ သင်တန်းပြဌာန်းစာအုပ်ကို Rs-150-ဖြင့် ဖုံးနံပါတ် {0755967174; 0756152683} တွင်၎င်း၊ B C C-တွင်၎င်း မှာယူ၊ရရှိနိုင်ပါသည်။ သင်တန်းအချိန်၊ နေ့တို့နှင့်ပတ်သက်၍လည်း ဝေဖန်အကြံပြုနိုင်ပါသည်။

Friday, December 24, 2010

ရင်ဖွင့်လွှာ

"ရင်ဖွင့်လွှာ"
သူငယ်ချင်း.......
နိုင်ငံခြားကိုရောက်စ
မင်းပြောပြတော့
မိဝေးဖဝေး
ဆွေမျိုးဝေးတဲ့
အားလုံးကွာခြား
တိုင်းတစ်ပါးမှာ
နိုင်ငံနဲ့လူမျိုး
ဖွင့်ဖွင့်ဖြိုးအောင်
အကျိုးပြုပညာတွေ
စွမ်းစွမ်းတမံ..........ရှာဖွေရမယ်ဆို...............။
                              ဘ၀နောင်ရေး
                             စိတ်အေးရအောင်
                             အားသွန်ခွန်စိုက်
                             တစိုက်မတ်မတ်........သင်ကြားတော့မယ်ဆို..........။
                             ဘ၀အဆင့်
                            ငွားငွားစွင့်အောင်
                          အလုပ်ကြိုးစား........ရိုးရိုးပဲသွားတော့မယ်ဆို...........။
စားဝတ်နေရေး
လောကအရေးတွေမှာ
ငါ့မိဘတွေကို
လူရာဝင်စေတော့မယ်ဆို...........။
                                 အခုတော့..........သူငယ်ချင်း
                                မင်းရဲ့စိတ်တွေ
                               ဝေလေလေနဲ့
                               ရွှေရောင်အိပ်မက်တွေကို
                              ရေးပေါ်အရုပ်ရေးသလို
                             ခပ်ရေးရေးနဲ့
                            လေဖမ်းဒန်းစီးနေသလိုပါလား............။
တို့ဘ၀အောင်မြင်ရေးတွက်
နည်းပညာလှေကားထက်တွေကို
မှန်မှန်တက်ရမည့်အစား
ကိုးကွယ်ရာတစ်ပါးအဖြစ်
မင်းနှလုံးသားမှာ
နေရာပေးလိုက်ပြီလား..........။
                                 တကယ်တော့..........သူငယ်ချင်း
                                လှေကားထက်ဆိုတာ
                                ဖက်နေဖို့မရည်ရွယ်
                               တက်နေဖို့သာလိုတယ်လေ............။
အခုလိုဆိုတော့
ငါကမင်းကို
မချစ်လို၍
အပြစ်ဆိုနေခြင်းမဟုတ်ပါ
မင်းရည်ရွယ်ချက်
မပျက်ကွက်အောင်
သတိဆောင်ရခြင်းပါ.......သူငယ်ချင်.........။
                                                   မင်းတစ်ယောက်
                                                  လမ်းဖြောင့်ဖြောင့်မှာ
                                                 ပန်းတွေကိုကောက်
                                                စမ်းရေကိုသောက်နေချိန်ဆို
                                               ငါ့ကိုမေ့ပါ
                                              စိတ်မနာဘူး.....သူငယ်ချင်း........။
ဖွဟဲ့လွဲစေ
ဖြစ်ပါစေနဲ့
မင်းတစ်ယောက်ဖြင့်
ဆံမြိတ်လည်းပြေ
ပန်းခြောက်ကြွေသို့
မျက်ရည်မိုးဆွေ
ရင်နင့်လေမည့်
ဘ၀ဆိုးရွား
ကျကာသွားရင်
ငါဟာမင်းတွက် .........မပျက်ကွက်ဘူး............။
                                   အဲဒီအခါ
                                   မင်းနဲ့ငါ့ကြား
                                   တံခါးမခြား
                                  ဓားလည်းမထားဘူး...........။
ဒါပေမဲ့........
ဒီတစ်ခုတော့
မင်းခွင့်ပြုပါ
သန့်စင်တဲ့ငါ့ရင်ခွင်
မင်းဝင်လာရင် အသင့်ဖြစ်အောင်
သူငယ်ချင်းဆိုတဲ့ သော့လေးတစ်ချောင်းကို
ပေးလိုက်ပါရစေလား................။ ။
                                             သူ{သရက်}

Wednesday, December 22, 2010

          "သူငယ်ချင်း"
 လောကဓံလှိုင်တွေကြားက
ရွက်နဲ့လှေလို
လိုအပ်လို့ချည်နှောင်ထားတဲ့ကြိုးလေးပါ
တက်နဲ့လှေလိုလည်း
အပြန်အလှန်အားပြုပါမှ
ရှေ့ကိုရောက်ကြမယ်လေ.....
                 စွန်လွှတ်တင်နေသလို
                 မင်းကလည်းတင်း
                 ငါကလည်းမလျော့နိုင်လျှင်
                 ပြတ်ဖို့ပဲရှိတော့တယ်
တကယ်တော့ ဒို့တွေဟာ
သူငယ်ချင်းဆိုတဲ့ ဖန်ခွက်ကလေးကို
ဖွဖွလေးကိုင် ရွရွလေးပိုင်ထားရတာလေ
မတော်လို့များ
လွတ်ကျလို့ကွဲခဲ့ရင်
အဆင့်မြင့်နည်းပညာအားကိုးနဲ့
ပြန်အစားထိုးလို့ ရတယ်ဆိုပေမဲ့
အက်ကြာင်းလေးကတော့ ကျန်နေမှာပဲ..။
                                             သူ {သရက်}