အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, August 2, 2016

PhD သို့မဟုတ် လျှောက်ဖို့ဖောက်ခဲ့မိတဲ့ လမ်းတစ်ကြောင်း

တမြန်နေ့က ပြီးဆုံးအောင်မြင်သွားတဲ့ မိမိရဲ့ ဒေါက်တာဘွဲ့ (PhD) အတွက် Final Defense-လုပ်မယ့် ဟောပြောပွဲကို မိတ်ဆွေအတော်များများကို အကြောင်းကြားချိန် မရခဲ့ပါဘူး။ ဒါပေမယ့် အနီးနားက မိတ်ဆွေတွေနဲ့ အလျဉ်းသင့်တဲ့ မိတ်ဆွေများကတော့ တက်ရောက်ခွင့်ရခဲ့ကြပါတယ်။
အဓိက,ကတော့ မိမိလက်ထဲကို Final Defense-လုပ်ဖို့အတွက် တရားဝင်အကြောင်းကြားစာဟာ လုပ်မယ့်နေ့မနက် -နာရီလောက်မှ ရရှိတာပါ။ ဒါပေမယ်လို့ -ရက်နေ့ ညနေ -နာရီမှာ Final Defense-လုပ်ဖို့ ပြင်ဆင်ထားပါလို့ တက္ကသိုလ်က ပြီးခဲ့တဲ့သောကြာနေ့ (တစ်ပတ်ခန့်အလို)က ဖုန်းနဲ့ အကြောင်းကြားလာပါတယ်။ တရားဝင်စာထွက်ဖို့ကတော့ မော်ကွန်းထိမ်း လက်မှတ်လိုနေသေးလို့ မထွက်နိုင်သေးပါဘူး-တဲ့။ ပြီးတော့ ကြားထဲမှာ ရုံးပိတ်ရက်များခံနေတာရယ် စာပို့ချိန်နည်းသွားတာရယ်ကြောင့် သက်ဆိုင်ရာ အစီစဉ်မှူးက သိမ်းထားပါမယ်၊ Final Defense လုပ်မယ့်နေ့မှ ပေးမယ်လို့လည်း ထပ်ပြောပါတယ်။ မိမိကိုယ်တိုင်ကလည်း နေရာ-အဆောင် အပြောင်းအလဲကြောင် အကြောင်းကြားစာကို ကိုယ်တိုင်ယူခွင့် (By Hand) ပေးဖို့ ကြိုတင်ပြီး မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။
ဟောပြောပွဲလုပ်မယ့်နေ့ မနက်ပိုင်းမှာ စာသွားယူတော့ နောက်ထပ် ပြဿနာတစ်ခုနဲ့ တွေ့ရပါတယ်။ အကြောင်းကြားစာမှာ မိမိကျမ်းရဲ့ ခေါင်းစီးစားလုံးတစ်ခု လွဲနေပါတယ်။ ဒါနဲ့ မော်ကွန်းထိန်းကို ပြန်မပြောခင် သူ့အမှားလား ကိုယ့်အမှားလား ပြန်စစ်ဖို့ အဆောင်ကို ပြန်ခဲ့ပြီး PhD-အတွက် အဆင့်ဆင့် ဖြတ်ကျော်ပြီးတိုင်း တရားဝင်အသိအမှတ်ပြု ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေ ပြန်လည်တိုက်ဆိုင် စစ်ဆေးပါတယ်။ အဆိုပါ ခေါင်းစီးစာလုံး အပြောင်းအလဲကို မနှစ်က ကျမ်းတင်ခဲ့စဉ်က ကျမ်းလက္ခံရရှိကြောင်း မော်ကွန်းထိန်းရုံးက ပြန်ပို့တဲ့စာမှာ သွားတွေ့ပါတယ်။ ကျန်တဲ့စာတွေနဲ့ မိမိတင်သွင်းသမျှ ဖောင်တွေမှာရယ် ကျမ်းကိုယ်တိုင်မှာရယ်က တစ်ပုံစံတည်း သုံးထားတာဖြစ်ပါတယ်။ ဒါနဲ့ တက္ကသိုလ်ကို ပြန်သွားပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့ အဆိုပါအကွဲအလွဲအတွက် ကြိုတင်စုံစမ်း မေးမြန်း ညှိနှိုင်းရပါတယ်။ သူတို့နဲ့ အစဉ်ပြေပြီးတော့ မိမိရဲ့ကျမ်းကြီးကြပ်သူကိုလည်း အဲဒီအကြောင်းသွားပြီး ပြောရပါသေးတယ်။ ဆရာကလည်း မိမိထံက လိုအပ်တဲ့ အထောက်အထားစာရွက်များကို သူ့ကို မိတ္တူကူးပေးထားဖို့ ပြောတာနဲ့ လုပ်ရပါသေးတယ်။ သို့ကလို အကြောင်းများကြောင့် အဝေးရောက်မိတ်ဆွေများကို အကြောင်းမကြားနိုင်ခဲ့ပါဘူး။
တရားဝင်အကြောင်းကြားစာ လက်ထဲမရောက်သေးသမျှ ကြားထဲမှာ အပြောင်းအလဲ များစွာရှိတတ်တာကို ကြုံဖူး သိဖူးပြီးဖြစ်လို့ မိမိရဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မိဘ ဆွေမျိုးများ ဆရာသမားများကိုတောင် ကြိုတင်အသိမပေးနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် မထင်မှတ်ဘဲ ပြီးသွားပြီဆိုတာကို သိလိုက်ရတော့ အားလုံးရဲ့ ၀မ်းသားမှု့ကို လက်ခံရရှိခဲ့ပါတယ်။ ပီတိစားပြီး အားရှိရတဲ့ဘ၀တွေအတွက် တတ်နိုင်သမျှ ပီတိတွေဖြာရအောင် လုပ်ပေးနိုင်ခဲ့လို့ အတိုင်းအတာတစ်ခုထိ ကျေနပ်ရပါတယ်။
PhD-ဖြတ်သန်းခဲ့ရပုံအကြောင်းများ သိလို၍ မေးမြန်းကြတဲ့မိတ်ဆွေများအတွက် အချိန်အဆင်ပြေတာနဲ့ “PhD-လမ်းကြောင်း တစေ့တစောင်းကို ရေးသားပါဦးမယ်။ အရင့်အရင် ဆောင်းပါးများမှာ အလျဉ်းသင့်သလို တင်ပြခဲ့ဖူးတဲ့အတိုင်း ဒေါက်တာဘွဲ့ဟာ မိမိအတွက် ပန်းတိုင်းမဟုတ်ပါဘူး၊ လမ်းကြောင်းမျှသာ ဖြစ်ပါတယ်။
မိမိတို့ရဲ့ ချမ်းသာသုခ အ၀၀ကို ကိုယ်စီကိုငှ ရရှိခံစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Saturday, July 9, 2016

Tuesday, July 5, 2016

ဝိဇ္ဇာမဟာ

          လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်းပြုစုရင်းနဲ့ အမှတ်မထင် AM-ဆိုတာကို သုံးခဲ့ဖူးတယ်။ တိတိပပ သိလို့ သုံးတာတော့ မဟုတ်ဘူး။ သူများသုံးထားတာတွေ့လို့ လိုက်သုံးလိုက်တာ။ ပိုပြီးတိကျအောင် ပြောရရင် သူများသုံးထားတာကို သဘောကျတာနဲ့ သူ့အတိုင်းပဲ ဆက်သုံးလိုက်ခဲ့မိခြင်းပါ။ မိမိတို့ လုပ်တဲ့စာရင်းရဲ့ အဓိက လိုအပ်ချက်ကလည်း ကွဲပြားဖို့နဲ့ တိကျဖို့သာ ဖြစ်ပါတယ်။ ထားပါတော့။ ပြောချင်တာက အဲဒီ AM-ဆိုတာကိုပါ။
          လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ Ante Meridiem-ဆိုတဲ့ နံက်ပိုင်းကို ရည်ညွှန်းသုံးတဲ့ AM-ကို ပြောချင်တာ မဟုတ်ပါဘူး။ တကယ်တမ်း ဒီနေရာမှာ ပြောချင်တာက ဘွဲ့ (Degree) ကို ဖြစ်ပါတယ်။ အွန်လိုင်းမှာ စာအုပ်တွေ ရှာရင်းဖွေရင်းနဲ့ (ဦး)စ၀်ထွန်းမှတ်ဝင်း-ရဲ့သုတေသနပြုစုနည်း အမျိုးမျိုးဆိုတဲ့ စာအုပ်ကို သွားတွေ့ပါတယ်။ အမှန်အတိုင်း ပြောရရင် အရင်က ဒီစာအုပ်ကို တစ်ခါဖူးမျှ မတွေ့ဖူးပါဘူး။ အခုတောင် ရှားပါးစာအုပ်တွေ ရှိတတ်တဲ့ ဘဲဥကန် (ကမ္ဘာအေး ဗုဒ္ဓသုတေသနစာကြည့်တိုက်) ၀က်ဆိုဒ်မှာ တင်ထားတာတွေ့လို့ ဒေါင်းလုတ်ယူလိုက်ရာက ရရှိတာပါ။ အဲဒီစာအုပ်မှာပါပဲ။ဝိဇ္ဇာမဟာဆိုတဲ့ စာလုံးကို စာရေးသူနဲ့တွဲပြီး မျက်နှာဖုံးပေါ်မှာ တွေ့လိုက်ရတာ။
          (ဦး)စ၀်ထွန်းမှတ်ဝင်းက အဲဒီဘွဲ့ကို အမေရိကန် ဟားဗတ်တက္ကသိုလ်ကနေ ရတာ။ သူက အဲဒီဘွဲ့မရခင်မှာ ရန်ကုန်-တက္ကသိုလ်ကနေလည်း မဟာဝိဇ္ဇာ-ဘွဲ့ ကို ရရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ ဘွဲ့ကိုတော့ အင်္ဂလိပ်လို MA-လို့ အတိုခေါက် ခေါ်ပါတယ်။ အဲလုံးသိပြီးဖြစ်တဲ့အတိုင်း အရှည်ကတော့ Master of Arts-ပါ။
          ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာက ဒီလိုပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်း လုပ်ရာမှာ အကြောင်းအမျိုးမျိုးနဲ့ MA-တန်းကို နှစ်ခါတက် နှစ်ဘွဲ့ယူတဲ့ အချို့ပုဂ္ဂိုလ်များကို တွေ့ရတယ်။ မေဂျာကတစ်ခုတည်း၊ တက္ကသိုလ်တစ်ခုက MA-ရပြီး ဖြစ်ပေမယ့် အထက်မှာ စကားခံခဲ့သလိုပါပဲ နောက်တက္ကသိုလ်တစ်ခုမှာ MA-ဘွဲ့ကိုပဲ ထပ်လုပ်ကြတာ။ စာရင်းသွင်းတဲ့အထဲက တစ်ဦးက သူနဲ့သက်ဆိုင်ရာ ကျောင်းသားများစားရင်း ပြုစုပြီး လာပေးရာမှာ အဲဒီလို MA-ဘွဲ့ကို နှစ်ကြိမ်ပြန်လုပ်တဲ့ ပုဂ္ဂိုလ်များကို  AM-လို့ သုံးလာတာ တွေ့တယ်။ MA-စာမေးပွဲမအောင်လို့ ပြန်တက်နေသူတွေကျတော့ သူက Repeater-လို့ သုံးထားပါတယ်။